အပိုင်း ( ၉ ) unicode

590 67 2
                                    

            ၀မ်ရိပေါ် ဆိုင်ကယ်ပြိုင်ပွဲ၀င်ရန် နှစ်ရက်အလို၌ဖြစ်သည်။သည်ရက်သည် လေ့ကျင့်သည်ဆိုသည်ထက် ပြိုင်ပွဲတွင် အသုံးပြုမည့်ဆိုင်ကယ်ကို အသားကျအောင်စီးကျင့်နေခြင်းဖြစ်သည်။ ပွဲကြည့်စဥ်ပေါ်မှ သူ့ကို လက်လှမ်းပြသည့် လန်ဟွားကို တွေ့လိုက်ရ၏။

သည်ရက်ပိုင်း ၀မ်ရိပေါ် သူမနှင့် နေ့တိုင်းလိုလိုဆုံဖြစ်သည်။ သူမသည် ၀မ်ရိပေါ်လေ့ကျင့်ကွင်းဆီသို့ အမြဲလိုလို လိုက်လာတတ်သဖြင့် သူမကိုလည်း ၀မ်ရိပေါ်၏ ကောင်မလေးဟု သတ်မှတ်လာကြ၏။ လေ့ကျင့်ကွင်းမှ ရင်းနှီးသည့် သူများကပင် ၀မ်ရိပေါ်ကို လူရွေးတော်သည်ဟုဆိုကာ အားကျနေကြသည်။

သို့ပေမယ့် လန်ဟွားကို ၀မ်ရိပေါ် ခုချိန်ထိ ဖွင့်မပြောရသေးပေ။ ထိုသူများ၏ထင်မြင်ချက်ကို ၀မ်ရိပေါ် ပြန်လည် မဖြေရှင်းမိသလို လန်ဟွားကို ဖွင့်ပြောဖို့ ဘာလို့၀န်လေးနေမှန်းလည်း မိမိကိုယ်မိမိ နားမလည်နိုင်။ အမှန်ဆိုလျှင် အလှဘုရင်မလေးလန်ဟွားနှင့် သူရွှေလက်တွဲပြီး ပျော်မြူးနေသင့်သည်မလား။

လေ့ကျင့်ခြင်းပြီးဆုံး၍ ၀မ်ရိပေါ် ဆိုင်ကယ်ကို စစ်ဆေးသည့်နေရာ၌ပြန်အပ်ရင်း လိုအပ်သည်များကို ပြောပြီး သည်နှင့် လန်ဟွားဆီသို့လျှောက်လာခဲ့လိုက်သည်။ ဌက်ခါးရောင် ကိုယ်ကြပ်ဂါ၀န်လက်ပြတ်လေးနှင့် လန်ဟွားသည် အရမ်းလှနေသည်။ ပတ်၀န်းကျင်ရှိ ပုရိဿများ၏မျက်လုံးများသည် သူမဆီ၌သာ ကပ်ငြိနေကြသည်။

"လန်ဟွား ရောက်နေတာကြာပြီလား။"

၀မ်ရိပေါ် အနားရောက်သည်နှင့်မေးလိုက်သည်။ ထိုအခါမှ လန်ဟွားဆီသို့ကြည့်နေသည့်အကြည့်များ ပြန်ရုပ်သိမ်း သွားကြသည်။ လှတော့လည်း ကြည့်မိကြသည်မှာ အဆန်းတော့မဟုတ်ပါဘူးလို့ ၀မ်ရိပေါ် တွေးမိ၏။

"မကြာသေးပါဘူး ရိပေါ်။ ဘယ်လိုလဲ ပင်ပမ်းနေပြီလား..။"

လန်ဟွား လက်ထဲမှာအသင့်ကိုင်ထားသော ရေဗူးလေးကို လှမ်းပေးရင်းပြောလိုက်သည်။ ကျောင်းပြီးကတည်းက သူမဖက်မှ ရိပေါ်နှင့်တွေ့ရန် အမျိုးမျိုးကြိုးစားခဲ့သည်။ သူမအနား၌ ၀ိုင်း၀ိုင်းလည်နေသော အရွယ်စုံ၊ အလွှာစုံများမှ သူများရှိသော်လည်း လန်ဟွားသည် ၀မ်ရိပေါ်ကိုသာ ပိုင်ဆိုင်ချင်မိသည်။

The Edge of Shored (Completed)Where stories live. Discover now