ရုတ်တရက် ဆိုသလိုပဲ သူမ နင်မုန့်ကို ကြည့်လိုက်သည်။

"သူ့ကို ကူထိန်းပေးဖို့ ငါ အကူအညီ တောင်းဖြစ်ခဲ့ရင် အဆင်ပြေမလား မုန့်မုန့်"  သူ့အသက်နီးပါး ရွယ်တူရှိတဲ့ လူတစ်ယောက် ပြောစကားဆို နားထောင်ဖို့ ပိုပြီး အဆင်ပြေနိုင်လောက်သည်။

နင်မုန့် အနေနဲ့ ငြင်းဖို့ရာလည်း မဖြစ်နိုင်တာမို့ "ရတာပေါ့ သူ့နံပါတ်ပေးလေ ကျွန်မ ဘာလုပ်ပေးနိုင်မလဲ ကြည့်ကြည့်မယ်"

ထိုသို့ ကြားတဲ့အခါ ဟန်မေလင်း ဝမ်းသာစွာ ဖုန်းထုတ်လိုက်ပြီး နင်မုန့်ကို သူမရဲ့ WeChat accထဲသို့ ထည့်လိုက်သည်။

ဟန်မေလင်း ထွက်သွားပြီးတဲ့အထိ ကြည့်ပြီးတော့မှ သူမ အဖေရဲ့ ရုံးခန်းထဲသို့ နင်မုန့် ပြန်လာလိုက်သည်။ တံခါးနားသို့ ရောက်တဲ့အခါ နင်ဝမ့်ထောင် အသံကို ကြားလိုက်ရ၏။

"ဟေး ဟေး သူမက ထွက်တောင် သွားနှင့်ပြီ။ ဘာအတွက် အခုထိ သဝန်တိုနေသေးရတာလဲ"

ချောင်ရွှယ်ဟွာ ပြန်ပြောလိုက်သည်။ "ဝမ့်ထောင် ရှင့်မိန်းမက သူ မဟုတ်ဘဲ ကျွန်မဆိုတာ သတိရပေးဦး! ရှင်က သူ့ရုပ်ရှင်မှာ ရင်းနှီးမြှုပ်နှံရုံတင်တောင် မ‌ဟုတ်ဘူး လူချင်းတောင် တွေ့နေတယ်။ သူမ ပုံစံကို ရှင် မမြင်လိုက်ဘူးလား။ တချိန်လုံး ရှင့်အပေါ်ကိုပဲ ကော်နဲ့ ကပ်ထားသလို စိုက်ကြည့်နေတာ!"

နင်ဝမ့်ထောင် မတ်မတ်ထိုင်လိုက်ပြီး "မဟုတ်ဘူး သူငါ့ကို အဲ့လိုနည်းနည်းလေးတောင် မကြည့်လာခဲ့ဘူး။ ကြည့်လာခဲ့ရင်တောင် ငါ့ကို ငြင်းပယ်နေတဲ့ ခံစားချက်ပဲရတယ်..."

နင်မုန့် ကြောင်အမ်းသွားသည်။ သူ့အသံထဲမှာ စိတ်ပျက်မှုက အထင်းသားပါဝင်နေသည်။ ထိုကြောင့်ပဲ သဘာဝကျစွာသာ ချောင်ရွှယ်ဟွာသည် ဒေါသတို့ ထိန်းမနိုင်စွာ ထွက်လာတော့၏။

"ကျွန်မကိုပြော! ရှင် သူ့ကို ချစ်နေသေးတာလား!"

"မင်းဘာတွေ ပြောနေတာလဲ..."

"မဟုတ်ဘူး ခေါင်းစဉ်ကို ပြောင်းဖို့ မကြိုးစားနဲ့! ရှင့်နှလုံးသားထဲက အဖြေက ဘာဆိုတာ ရှင်းရှင်းလင်းလင်းကြီး ရှင်သိပါတယ်!" ချောင်ရွှယ်ဟွာရဲ့ အသံ တုန်ယင်နေတာက သူမရဲ့ ပုံစံကို နဂိုကထက် ပိုပြီး လေးနက်နေစေသည်။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Nơi câu chuyện tồn tại. Hãy khám phá bây giờ