|| 20 || The End

6.1K 672 27
                                    

|| Unicode ||

မနက်စောစောစီးစီးထကာ ပြင်ဆင်စရာရှိတာပြင်ဆင်သည်။ ရိပေါ်အခန်းထဲ ဝင်ကြည့်တော့ ရိပေါ်က မနိုးသေး၊နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်နေသည်။ သူ မနှိုးချင်ပါ။ ရိပေါ်နဖူးကို နှုတ်ခမ်းဖြင့် တစ်ချက်အသာဖိကပ်ပြီး ပြန်ထွက်လာခဲ့လိုက်သည်။

"ကျန့်အာ ပြီးပြီလား"

"ဟုတ် မား"

ထမင်းစားပွဲမှာ အားရီလုပ်ပေးတဲ့ မနက်စာကို စားရင်း ရှောင်းကျန့်ငိုချင်လာသည်။
ဘယ်လိုလုပ်မလဲ ။ သူ ရိပေါ်ကို မခွဲဲနိုင်ဘူး။

" စားပြီးတာနဲ့ မားတို့ သွားရအောင်
နေမြင့်နေလိမ့်မယ်"

"ဟုတ်"

"ရိပေါ်ကိုရော နှုတ်ဆက်ခဲ့ပြီလား"

သူ ခေါင်းကို အသာယမ်းပြလိုက်သည်။ သူ့မျက်နှာရိပ်မျက်နှာကဲကို ကြည့်၍ မားက ဆက်မမေးတော့ပါ။

"ဒီကလေးကတော့ ခုထိ မထသေးဘူးလား
ဒီမှာ အားကျန့်တို့ ပြန်တော့မယ့်ဟာကို"

"နေပါစေ အားရီ
မနှိုးပါတော့နဲ့ သူအိပ်ပါစေ
ကျွန်တော် ဟိုရောက်မှ ဖုန်းဆက်လိုက်ပါ့မယ်"

"အားကျန့်ရယ်..."

အားရီက ရှောင်းကျန့်ကို ဖက်ကာ မျက်ရည်ကျသည်။

"လိမ်လိမ်မာမာနေနော် ကလေးလေး"

"ဟုတ်"

"အချိန်တွေကုန်တာ မြန်လိုက်တာ
အားရီကတော့ အားကျန့်ကို သားအရင်းလို ချစ်တာ သိတယ်မလား"

"ကျွန်တော်လည်း ထပ်တူပါပဲ အားရီ"

"ကျောင်းပိတ်ရင် လာလည်
မကြာမကြာလည်း ဖုန်းဆက်နော် သား"

"ဟုတ်ကဲ့"

အားရီကို နှုတ်ဆက်ပြီး ကားပေါ်ကို အထုပ်တွေ တင်စရာရှိတာ တင်သည်။ ရှောင်းကျန့် ကားပေါ် ရောက်သည့်တိုင် ရိပေါ်က ဆင်းမလာသေး။ ဒါလည်း တမျိုးကောင်းတာပါပဲ။
ရိပေါ်ကို မြင်ရင် သူငိုမိလိမ့်မယ်ထင်သည်။
ကားထွက်ခါနီးတော့ မားက သူ့ကိုထပ်မေးသည်။

"ရိပေါ်ကို နှုတ်မဆက်တော့ဘူးလား"

သူခေါင်းငြိမ့်ပြလိုက်တော့ မားက ကားစက်နှိုးပြီး တလိမ့်ချင်းစထွက်သည်။ဝဲတက်လာသော မျက်ရည်တွေကို လက်ဖြင့် မသိမသာ သုတ်လိုက်ကာ ကားပြတင်းကနေ အပြင်ကိုသာ ငေးကြည့်နေလိုက်သည်။

Pit - a - Pat || Completed ||Where stories live. Discover now