44.

4.1K 343 35
                                    

(Unicode)

ဆမ်ဟာ ဇာနည်ရှိနေသည့် ရေချိုးခန်းတံခါးကို တွန်းဖွင့်လိုက်ပြီး မှန်ရှေ့၌ မုတ်ဆိတ်ရိတ်နေသည့် သူ့ကို ပေတေတေကြည့်သည်။ ဆမ်၏အနောက်၌ ဆမ့်ပခုံးနှစ်ဖက်ကို ထိန်းကိုင်ထားသည့် စိမ်းသန့်ကလည်း သူ့ကို ဘာလိုလို စိုက်ကြည့်နေသည်။ သို့ရာတွင် နှုတ်ခမ်းနားတစ်ဝိုက်၌ ဆပ်ပြာခရင်ဖြူဖြူများကို မဆေးချရသေးဘဲ သူတို့ထံ ပြန်လှည့်ကြည့်လိုက်မိသည်။ အကြည့်ချင်းဆုံတော့ ဒီနေ့မှ နှုတ်ခမ်းမွှေး၊မုတ်ဆိတ်မွှေးတွေ ထရိတ်နေသည့် ကိုယ့်အဖြစ်ကိုယ် ပြန်တွေးမိပြီး အနည်းငယ် ရှက်ရွံ့သွားမိသလို။

" ဒယ်ဒီဆွေ လှလည်းမလှဘဲနဲ့၊ ဖယ် ဖယ် သားသား ရေချိုးမလို့"

ဆမ်တစ်ယောက် အတွင်းခံဘောင်းဘီတစ်ထည်တည်း ဝတ်ထားတာကို သူ အခုမှ သတိထားမိသည်။ သားက စိမ်းသန့်နှင့်အတူ ရေချိုးခန်းထဲကို ဝင်ရန် သူ့အား အပြင်သို့ အတင်းပထုတ်နေသည်။ သူဟာ အခုမှ လူပိုတစ်ယောက်ကဲ့သို့ ဖြစ်နေပြန်တော့၏။ ခက်တာက နှုတ်ခမ်းမွှေးရိတ်ခြင်းအမှုက မပြီးပြတ်သေး။ စိမ်းသန့်က သူ ပျာယာခတ်သွားပုံကား မြင်တော့ သားကို ဘေးနည်းနည်းဖယ်ခိုင်းလိုက်ပြီး ရေချိုးခန်းထဲသို့ ဝင်လာ၍ သူ့အနားကို ရောက်ချလာသည်။

" မင်းဆွေ ကျွန်တော် လုပ်ပေးမယ်"

သူ့မေးနားကို ရောက်လာသည့် စိမ်းသန့်၏ လက်အား ပုတ်ချလိုက်သည်။ ထို့နောက် မှန်ဘက်သို့ ပြန်လှည့်၍ လက်စသတ်တော့

" အာ့"

နှုတ်ခမ်းထောင့်မှာ ဓားထိသွားသည်။

" မင်းဆွေ ဓားထိသွားတယ်မလား၊ ပြောသား ကျွန်တော် လုပ်ပေးပါမယ်လို့"

" ဖယ်ဗျာ၊ ဖယ် လာမထိနဲ့"

သူက အတင်းတွန်းဖယ်ပေမဲ့ စိမ်းသန့်၏ လက်ထဲကို ဓားရောက်သွားပြီ။ ထို့နောက် ဇာနည့်မျက်နှာအနားသို့ ကပ်လာပြီး အတင်းရိတ်ပေးဖို့ လုပ်သည်။ ဆက်ရုန်းနေလျှင် ဓားထပ်ထိနိုင်သည်မို့ ငြိမ်နေပေးလိုက်ရ၏။ ထိုအခါ စိမ်းသန့်ကြည်လင်းသည် မျက်နှာချင်းနီးကပ်လျက် သူ့နှုတ်ခမ်းထက်ဝန်းကျင်၌ အာရုံစူးစိုက်၍ ရွေ့လျားသည်။

HONEYSUCKLE [Completed]Where stories live. Discover now