1.

40.3K 1.4K 32
                                    

(Unicode)

အင်းစိန်မြို့၏ဆင်ခြေဖုံးရပ်ကွက်လေး၌ ပတ်ဝန်းကျင်သည် ဆူညံလျက် ရှိနေပြီး လမ်းကြိုလမ်းကြားများ၌ ကလေးများကလည်း ပြေးလွှားကစားနေကြသည်။ ထိုကလေးများထဲတွင် ကလေးတစ်အုပ်ကတော့ ဝါကျင့်ကျင့်မြေကြီးပေါ်မှာ သစ်ကိုင်းခြောက်ဖြင့် ရေးဆွဲထားသည့် ၆လက်မပတ်လည်ခန့်ရှိသောစတုရန်းထဲ၌ ၅ကျပ်တန်၊၁၀တန် အနွမ်းလေးများအား တြိဂံပုံစံခေါက်လျက် စီစီရီရီ ထောင်ထားကြသည်။ ထိုစတုရန်း၏မလှမ်းမကမ်း၌ အသားညိုညိုအရပ်ပုပုကောင်လေးတစ်ယောက်ဟာ ဂေါ်လီဒုံဖြင့် လက်ချောင်းများအား အသုံးပြုလျက် တြိဂံပုံငွေ​စက္ကူထံ လှမ်းပစ်လိုက်၏။

( ဖောက်...)

ထိုဂေါ်လီဒုံဟာ တစ်ချက်တည်းဖြင့် စည်းဝိုင်းထဲမှ တြိဂံပိုက်ဆံကို သွားထိပြီး လဲသွားစေတော့သည်။

" အား! ထိသွားပြီကွ!"

ထိုကောင်လေးဟာ တခြားကလေးများကြား၌ ထခုန်ပြီး လဲကျသွားသောပိုက်ဆံအား သွားကောက်ရန် ပြင်တော့သည်။ ထိုအချိန် သူ့အနားမှ သူ့လိုကစားဖော်တစ်ယောက်က သူ့ရင်ဘတ်အား လက်တံရှည်ကြီးဖြင့် ပိတ်တားလိုက်လေသည်။ ထိုအခါ အဲ့သည့်ကောင်လေးက သူ့အား တားလာသောကောင်လေးကို ဘုကြည့်ကြည့်လိုက်ချိန် သူ့ထက် အရပ်ရှည်သည့် ထိုကောင်လေးကလည်း သူ့ကို မလိုလားသည့်အကြည့်ဖြင့် ပြန်ကြည့်နေ​သည်။

" မင်း ဘာလို့ စည်းကျော်ပစ်တာလဲ"

" ဘာကွ! ဘယ်မှာ ပစ်လို့လဲ၊ မင်း မညစ်နဲ့နော်"

" ငါ ညစ်နေတာမဟုတ်ဘူး၊ မင်း ခြေထောက်တစ်ဝက်လောက်က ကျော်နေတာလေ"

" ဘယ်မှာ ကျော်လို့လဲ၊ မင်း မမြင်ဘူးလား"

ထိုအရပ်ပုပုကောင်လေးဟာ လူကောင်သေးပေမဲ့ သန်မာသည့်သဘောရှိပြီး သူ့ကို လာပြိုင်ငြင်းနေသည့် အရပ်ရှည်ရှည်ကောင်လေးကို လက်ဖြင့် ပြန်တွန်းထုတ်လိုက်သည်။ ထိုအခါ သူတို့နှစ်ယောက်၏ရန်ဖြစ်တော့မည့်အငွေ့အသက်ကြောင့် ဘေးက ကလေးများကပါ ဝင်ပါလာတော့သည်။

" ဟျောင့် ငွေပု၊ ကျော်စိုးပြောတာ မှန်တယ်၊ မင်း စည်းခိုးနေတာ ငါတို့လည်း တွေ့တယ်"

HONEYSUCKLE [Completed]Where stories live. Discover now