အတွေ့အကြုံပြည့်ဝနေသော မိဘတစ်ဦးထံမှ လေသံနှင့် တူသောစကားကို နားထောင်ပြီး ဆရာဝန်ကြီးက ရယ်လိုက်ပြန်သည်။
"ဥပမာ အနေနဲ့ ဘယ်လိုများလဲ?"

ကျိုးရှန့်မင်က တစ်ခဏ တိတ်သွားပြီးနောက် ပြောလာ၏။
"ဥပမာ အံဆုံးသွားပေါက်လာပေမဲ့ သွားမနှုတ်ချင်တာမျိုးပေါ့"

"ငါထင်တာတော့ သူက နာမှာကြောက်တာလို့ ထင်တယ်၊ ပြီးတော့ သွားဆရာဝန်တွေကိုလည်း ကြောက်လို့ဖြစ်မှာပေါ့။ ခုဏလေးတင်
သေချာ ရှင်းပြခဲ့ပေမဲ့ အသုံးမှ မဝင်ပဲ။ မင်း သူ့ကို ဘယ်လိုများ ရှင်းပြပြီး ပြောလို့ရသွားတာလဲ။ ငါ့ကိုလည်းပြောပြပါဦး၊ အဲ့းါမှ နောက်တစ်ခေါက် သွားနှုတ်ရမှာ ကြောက်တဲ့ကလေးတွေတွေ့ရင် သုံးလို့ရအောင်လို့"

ကျိုးရှန့်မင်က ထိုင်ခုံပေါ်၌ သေသေသပ်သပ်ထိုင်နေကာ စကားဝိုင်း တစ်ချိန်လုံး မျက်နှာက တည်ကြည်နေသော်လည်း ထိုမေးခွန်းကို ကြားသောအခါ အင်္ကျီ အိတ်ထောင့်ထဲမှ လက်ကမ်းစာစောင်ကို ထုတ်လာပြီး စာမျက်နှာတစ်ခုကို လှန်လိုက်သည်။ လေးလေးနက်နက်ဖြင့် ဆရာဝန်ကြီးအား ထိုစာမျက်နှာကို လက်ထောက်ပြရင်း ပြောလိုက်၏။
"သူက အနာဂတ်မှာ ကိုယ်ဝန်ဆောင်ရင် ကလေးထိခိုက်မှာကို ကြောက်သွားတာ။ အဲ့ဒါကြောင့် သွားနှုတ်ဖို့ လက်ခံလိုက်တာ။ အမှန်တော့ ကျွန်တော်တောင် ဘာမှ ပြေုစရာမလိုလိုက်ဘူး"

"…"

မည်သို့ပင်ဖြစ်စေ ဒေါက်တာရှန်သည် ငါးဆယ်ထဲဝင်နေပြီဖြစ်သည့်အလျောက် တဖက်လူ၏ ဖြောင့်ဖြောင့်တည်တည်မျက်နှာထားကို ဂရုတစိုက် မစူးစမ်းမီ တစ်ခဏမျှ မိန်းမောနေခဲ့ပြီး အဆုံးတွင် ပြောလာ၏။
"ဒီလိုမျိုးပါလား...မစ္စတာကျိုးကိုကြည့်ရတာတော့ ကျေနပ်နေသလိုပါပဲ"

ကျိုးရှန့်မင်က လက်ကမ်းစာစောင်ကို ဘေးသို့တင်လိုက်ပြီး ဘာမှ ဆက်မပြောချေ။

အိမ်ပြန်ရောက်ပြီးနောက် ထုန်ရန့်၏ စိတ်အခြေအနေမှာ ကောင်းမွန်မနေပေ။ ဆေးသောက်ပြီးနောက် အိပ်ချင်သည်ဟု ပြောလျက် အပေါ်ထပ်ရှိ သူ့အိပ်ခန်းထဲသို့ တန်းတတ်သွားသည်။

ငါတို့ မိသားစုရဲ့ အိုမီဂါလေး အရွယ်ရောက်လာပြီ ||•မြန်မာဘာသာပြန်•||Wo Geschichten leben. Entdecke jetzt