အခန်း(37.1)ပြိုင်ဘက်ကင်းပါရမီရှင် နတ်ဆိုးပါ့ရှယ်

2.6K 532 16
                                    

ကျောင်ရှန်း တောင်တန်းတွေရှေ့မှာရှိတဲ့ထူထပ်နေတဲ့မြူခိုးတွေတဖြည်းဖြည်းပြန့်ကျဲသွားတဲ့အခါနတ်ဆိုးဘုရင်ရဲ့ပုံရိပ်ကအထီးကျန်ဆန်စွာထွက်ပေါ်လာခဲ့တယ်။

မြူခိုးတွေတစ်လွှာပြီးတစ်လွှာလွင့်ပျယ်လာတာနဲ့အမျှ နတ်ဆိုးဘုရင်ရဲ့ပုံရိပ်ကလဲ တဖြည်းဖြည်းရုပ်လုံးပေါ်ထင်ရှားလာတယ်။စင်မြင့်တစ်ခုပေါ် လုဟန် တက်လိုက်တဲ့အခါ တောင်တန်းတွေရဲ့ရှုခင်းက တဖန်ပြန်ပြီး မှုန်ဝါးဝါးဖြစ်သွားပြန်တယ်။

အမြဲတမ်းအနက်ရောင်ကိုသာဆင်မြန်းတတ်တဲ့ဘုရင်ကြီးကဒီနေ့တော့ တောက်ပတဲ့အနီရောင်ဝတ်ရုံကိုဝတ်ဆင်ထားတယ်။ဒီအနီရောင်ဝတ်ရုံက အမြဲတမ်းအေးစက်စက်နဲ့လျစ်လျူရှုတတ်တဲ့စရိုက်ကနေသွေဖယ်ပြီး ရဲရင့်တဲ့အသွင်ကိုဆောင်နေပြန်တယ်။

အမိန့်ပြန်တမ်းတစ်ရပ်ကို လက်ခံရရှိထားတဲ့ နတ်ဆိုးကလန်ကဘုရင်အသီးသီးကတော့ လွန်ခဲ့တဲ့ငါးရက်လောက်ကတည်းက တောင်ခြေမှာစောင့်ဆိုင်းနေခဲ့ကြတယ်။ဘုရင်ကြီးထွက်ပေါ်လာတာကိုမြင်တာနဲ့တညီတညွတ်တည်း မတ်တပ်ရပ်ပြီးကြိုဆိုလိုက်ကြတယ်။

"အပြင်လောကမှာ ဘာတွေဖြစ်နေပြီလဲဆိုတာပြောပြစမ်းပါဉီး"

နတ်ဆိုးမျိုးနွယ်တွေက ထုံးထမ်းစဉ်လာကို အမြဲတမ်းလျစ်လျူရှုထားတတ်ကျတယ်။အခုလဲလုဟန်က ကျောက်တုံးတစ်ခုကိုမှီပြီး ပျင်းတိပျင်းရွဲနဲ့ ထိုင်နေလိုက်တယ်။

"လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်က ကျွန်တော်မျိုး ဖန်ရင်း ဘုရားကျောင်းကို လူတစ်ချို့လွှတ်ပြီးစုံစမ်းခိုင်းတယ်။မူလအရင်းမြစ်သစ်ပင်က အတော်လေးထိခိုက်ထားပြီး ၊မီးတောက်နဂါးရဲ့အဖျက်စွမ်းအားတွေဝန်းရံထားတာကိုခံထားရတယ်။အကယ်၍ မူလသစ်ပင်ကသာ ကောင်းကင်နဲ့မြေကြီးရဲ့စွမ်းအားဉပဒေသတွေကိုသုံးပြီး သူ့ကိုယ်သူ မကုသနိုင်ရင် သေချာပေါက်ပျက်စီးကိန်းဆိုက်သွားနိုင်တယ်"

ဒါက ကြွက်ဘုရင်ရဲ့သတင်းပို့ချက်ဖြစ်တယ်။

အမှန်တော့ဒီပြသာနာတွေထဲမှာ ကွယ်ဝှက်ထားတဲ့အမှန်တရားတစ်ခုရှိတယ်။အလွန်ရှေးကျတဲ့ခေါတ်ကာလက အဖြစ်အပျက်ဖြစ်တာကြောင့် ဒီအမှန်တရားကို သိတဲ့သူနည်းနည်းလောက်ပဲရှိတယ်။အခု
လုဟန် က ပါ့ရှယ်နတ်ဆိုးမျိုးနွယ်ကလန်က နတ်ဆိုးတစ်ယောက်ဖြစ်တာကြောင့် အမွေအနှစ်မှတ်ဉာဏ်တွေထဲကနေတဆင့် ဒီအမှန်တရားကို သိထားပြီးနေပြီ။

မီးတောက်နဂါးက တစ်ကယ်တော့ အလွန်ယဉ်ကျေးဖော်ရွေတဲ့နတ်ဘုရားတစ်ပါးဖြစ်ခဲ့ဖူးတယ်။ပြည်မကြီးမှာရှိတဲ့ စွမ်းအားကြီးမျိုးနွယ်စုတွေရဲ့ အစောင့်ရှောက်နတ်ဘုရားတစ်ပါးဖြစ်ခဲ့ပါတယ်။ထိုမျိုးနွယ်စုက မီးတောက်နဂါးနတ်ဘုရားကို သက်ဝင်ယုံကြည်သလို ထိုနဂါးနတ်ဘုရားကလဲ မျိုးနွယ်စုကို ကာကွယ်စောင့်ရှောက်ပေးပြီးအပြန်အလှန်အပေးယူမျှခဲ့ကြတယ်။
မီးတောက်နဂါးက သူ့ရဲ့အငယ်ဆုံးသားလေးကိုအရမ်းချစ်လွန်းတာကြောင့် သီးခြားနယ်မြေတစ်ခုဖြစ်တဲ့ တုန်းဟွာ မှာနေထိုင်စေခဲ့တယ်။ မီးတောက်နဂါးအဆင့်တ်ဖို့အတိဒုက္ခကိုဖြတ်ကျော်ရတော့မယ့်အချိန်မှာ သူ့သားငယ်ကို လူသားမျိုးနွယ်စုကလန်မှာ စိတ်ချလက်ချအပ်နှံထားခဲ့လိုက်တယ်။

လူတွေရဲ့စိတ်နှလုံးသားက ဆင်တစ်ကောင်လုံးမျိုချရင်တောင်မလုံလောက်နိူင်ဘူး။

[TN:ရလေလိုလေ အိုတစ္ဆေ]

နှစ်တစ်သောင်းလောက်ကြာတဲ့အထိ
မီးတောက်နဂါးရဲ့ကာကွယ်စောက်ရှောက်မှုအောက်မှာနေထိုင်ပြီးစွမ်းအားကြီးမျိုးနွယ်စုဖြစ်လာတဲ့ ထိုမျိုးနွယ်စုကလူတွေရဲ့ရင်ထဲမှာ လောဘတရားတွေကိန်းအောင်းနေခဲ့ပြီ။ထိုလူတွေက ယုတ်ညံ့တဲ့နတ်ဘုရားတွေနဲ့တိတ်တဆိတ်ပူးပေါင်းခဲ့ကျတယ်။ယုတ်ညံ့တဲ့နတ်ဘုရားတွေရဲ့လမ်းညွှန်မှုအကူအညီနဲ့ မီးတောက်နဂါးရဲ့သားငယ်လေးကိုထောင်ချောက်ဆင်ဖမ်းဆီးခဲ့ကြတယ်။နဂါးငယ်လေးရဲ့ဝိဉာဉ်ကိုဆွဲထုတ်ပြီး သူတို့တွေနတ်ဘုရားအဆင့်တက်လှမ်းဖို့နဲ့ အသက်ရှည်ဖို့အတွက်စတေးခဲ့ကြတယ်။

အတိဒုက္ခကို ဖြတ်ကျော်ပြီး သားဖြစ်သူကို ပြန်လာခေါ်တဲ့ မီးတောက်နဂါးကြားခဲ့ရတာတော့ ကမ်းကုန်အောင်ဆိုးရွားလှတဲ့သတင်းဆိုးတစ်ခုသာလျှင်........

ဒေါသနဲ့ပူဆွေးမှုတွေရောယှက်ဆူဝေနေတဲ့မီးတောက်နဂါးက ထိုမျိုးနွယ်စုတစ်ဝက်လောက်ကို အစိမ်းလိုက်ဝါးမြိုလိုက်ပြီး ကြီးကျယ်ထိန့်လန့်စရာကောင်းတဲ့ဆူပူမှုကိုဖန်တီးလိုက်ကာ လူသားမျိုးနွယ်တွေကို ရန်သူအဖြစ်သတ်မှတ်လိုက်တယ်။နောက်ဆုံးမှာတော့ ရွေးချယ်စရာမတော့တာနဲ့ ရှေးဟောင်းနတ်ဘုရားတစ်ပါးက မီးတောက်နဂါးကို ပုဆိန်နဲ့ခုတ်ပိုင်းပြီး
ဝိဉာဉ်ကို နဂါးအရိုးပုလွေထဲမှာချိတ်ပိတ်ထားလိုက်ရတော့တယ်။မီးတောက်နဂါးရဲ့ရက်စက်မှုတွေအနည်းငယ်လောက်ပဲဖြစ်ဖြစ်ပြေပျောက်နိုင်အောင် ထိုရှေးဟောင်းနတ်ဘုရားက ပုလွေကို ကိုယ်နဲ့မကွာဆောင်ထားခဲ့တယ်။နတ်ဘုရားတွေရဲ့စစ်ပွဲကြီးစတင်ချိန်မှာ ထိုနတ်ဘုရား က အထက်ဘုံကနေ နတ်သက်ကြွေပြီး ပြည်မကြီးရဲ့ မူလအရင်းအမြစ် ဖြစ်လာခဲ့တယ်။မီးတောက်နဂါးဝိဉာဉ်ပိတ်မိနေတဲ့အရိုးပုလွေကတော့ ဘယ်ဆီရောက်သွားမှန်း ဘယ်သူမှသတင်းအစအနမကြားခဲ့ကြတော့ပါ.......

"နတ်ဘုရားတွေရဲ့စစ်ပွဲကြီးပြီးဆုံးသွားတဲ့အခါ လူသားတွေရဲ့အထွတ်အထိပ်နေ့ရက်တွေကုန်ဆုံးသွားချိန်ကိုရောက်လာခဲ့တယ်။မီးတောက်နဂါးရဲ့သားငယ်ကို သတ်ခဲ့တဲ့မျိုးနွယ်စုကတော့ မီးတောက်နဂါးရဲ့လက်ကနေလွတ်အောင် လျို့ဝှက်နယ်မြေတစ်ခုထဲမှာပုန်းအောင်းနေခဲ့ကြတယ်"

"ပြည်မကြီးမှာရှိတဲ့ လူဆယ်ယောက်မှာ၊ခုနှစ်ယောက်၊ရှစ်ယောက်လောက်က အဲ့မျိုးနွယ်စုက ဆင်းသက်လာတဲ့သူတွေချည်းပဲ"

ရှီရှီ က အားလုံးနားလည်အောင်သေချာရှင်းပြလိုက်တယ်။မြေခွေးဘုရင်တစ်ယောက်အနေနဲ့သူမလဲ ဒါတွေကို သိထားတယ်လေ။မြေခွေးကလန်ကလဲရှေးခေါတ်ကတည်းက တည်ရှိခဲ့တဲ့ သက်တမ်းရင့်ကလန်တစ်ခုဖြစ်တယ်။

"ဒါဆို မီးတောက်နဂါးပေါ်ကို ပြည်မကြီးကလူတွေကအကြွေးတင်နေတာပေါ့"

လုဟန် ကခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီး ထောက်ခံလိုက်တယ်။

"မူလသစ်ပင်အဖြစ်ပြောင်းသွားခဲ့တဲ့ ရှေးဟောင်းနတ်ဘုရားကလဲ လူသားမျိုးနွယ်ကပဲလေ၊ဒါ့ကြောင့် သူလဲပဲ မီးတောက်နဂါးပေါ်အကြွေးတင်နေတယ်လို့ပြောလို့ရတယ်။ဒါ့ကြောင့် သူ့ကိုယ်သူပြန်မကုစားနိုင်တော့တာ"

"လူသားမျိုးနွယ်က သူတို့ပြသာနာသူတို့ဘာသာရှာထားကြတာပေါ့၊ဒါနဲ့များ နတ်ဆိုးမျိုးနွယ်ကို ဒီပြသာနအကျိုးဆက်ကို တာဝန်ယူခိုင်းချင်ရအောင် သိပ်ပြီးသတ္တိကောင်းနေကျတယ်ပေါ့"

ဒေါသထွက်နေတဲ့ ကျားဘုရင်က ဘေးနားကကျောက်တုံးကို လက်နဲ့တစ်ချက်ရိုက်လိုက်တယ်။

မနေ့ကလေးတင် လူသားသားမျိုးနွယ်က နတ်ဆိုးမျိုးနွယ်ကို အကြံပြုချက်တစ်ခုပေးပို့ထားခဲ့တယ်။

လူသားမျိုးနွယ်တွေအခုရင်ဆိုင်နေရတဲ့ကပ်ဘေးက တစ်ကယ်တော့ နတ်ဆိုးမျိုးနွယ်တွေကြောင့် ဖြစ်ရတာဖြစ်ကြောင်း၊ ပြည်မကြီးမှာရှိတဲ့ ထောင်ပေါင်းများစွာသောသက်ရှိတွေကို ကယ်တင်ဖို့ နတ်ဆိုးဘုရင်မှာတာဝန်အပြည့်ရှိကြောင်း၊ဒါ့ကြောင့် နတ်ဆိုးဘုရင်အနေနဲ့ တားမြစ်နယ်မြေမှာရှိတဲ့ နတ်ဆိုးဘိုးဘေးတွေရဲ့အရိုးတွေကိုသုံးပြီးမူလသစ်ပင်ကို ကုသပေးသင့်ကြောင်း စတာတွေကို အကြံပြုထားပါတယ်။

တကယ်တော့ နတ်ဆိုးတွေလဲ သူတို့ဘက်ကလူကြောင့် ပြည်မကြီးရဲ့မူလအရင်းမြစ်ထိခိုက်ရတာဆိုပြီး အားနာနေခဲ့တာပါ။ဒါပေမယ့် အခုလိုအကြံပြုထားတဲ့အတိုင်း ဘိုးဘေးတွေရဲ့အရိုးကိုတော့ မပေးလိုက်နိုင်ပါဘူး။ ဘိုးဘေးတွေရဲ့အရိုးတွေ နတ်ဆိုးမျိုးနွယ်ရဲ့အမွေအနှစ်ဖြစ်တဲ့အပြင် နတ်ဆိုးနယ်မြေတစ်ခုလုံးရဲ့အခြေခံအုတ်မြစ်ဆိုရင်လဲမမှားပါဘူး။ ဘိုးဘေးအရိုးတွေကိုပေးလိုက်တာနဲ့ နတ်ဆိုးတွေအားနည်းတာကို အခွင့်ကောင်းယူပြီး လူသားမျိုးနွယ်က နတ်ဆိုးတွေကို မလွဲဧကန်အမြစ်ဖြတ်တော့မှာပါ၊ မပေးလိုက်ပြန်ရင်လဲ ပြည်မကြီးနဲ့အတူ နတ်ဆိုးနယ်မြေကပါရောပြီး ပျက်စီးရမှာပါ။

နတ်ဆိုးမျိုးနွယ်တစ်ခုလုံး အကျပ်ရိုက်ကုန်ကျပါပြီ။ကလန်အသီးအသီးကဘုရင်တွေက ဒီပြသာနာကိုဆွေးနွေးဖို့အခုလို စုဝေးနေကြတာပါ။

"ဒီလိုဆိုရင်တောင် လူသားမျိုးနွယ်အနေနဲ့ သူတို့လဲတာဝန်ယူသင့်တယ်လေ၊ဂိုဏ်းတိုင်းမှာရှိတဲ့ မြင့်မြတ်တဲ့မှော်ရတနာတွေသုံးပြီး မူလသစ်ပင်ကိုအားဖြည့်ပေးလို့ရနေတာပဲ၊ မြင့်မြတ်တဲ့မှော်ရတနာတွေသူတို့လဲ လုပ်တတ်သားပဲ"

သို့သော် လုဟန် ကငြင်းလိုက်တယ်။

"ငါစိုးရိမ်တာတစ်ခုပဲရှိတယ်။လူသားမျိုးနွယ်နဲ့မသက်ဆိုင်တဲ့သူတွေကသာ ဒီကိလေသာပြသာနာအရှုပ်အရှင်းကိုရှင်းထုတ်ပေးနိုင်ပြီး မူလသစ်ပင်ကို ပြန်ကောင်းအောင်လုပ်ပေးနိုင်မှာကိုပဲ..... "

[TN:ဆိုလိုတာက မူလသစ်ပင်က မီးတောက်နဂါးကြောင့် ထိခိုက်ထားတယ်။ မူလသစ်ပင်နဲ့ လူသားတွေက နဂါးပေါ်မှာ အကြွေးတင်နေတယ်။အဲ့တော့ ဒီအကြွေးတွေကိုမရှင်းဘဲ သစ်ပင်ကလဲသူ့ကိုယ်သူမကုစားနိုင်ဘူး။လူသားတွေကလဲ သစ်ပင်ကိုသက်သာအောင်မလုပ်ပေးနိုင်ဘူး။နှစ်ဖက်စလုံးနဲ့အကြွေးကင်းတဲ့ နတ်ဆိုးမျိုးနွယ်တွေကသာ ဒီပြသာနာကို ဝင်ကူညီနိုင်တာ၊တကယ်ဆို အစကနေအဆုံးထိ ဒီပြသာနာက နတ်ဆိုးတွေနဲ့ဆိုင်ကိုမဆိုင်တာ]

ကလန်ဘုရင်တွေအားလုံးနှုတ်ဆိတ်သွားကြတယ်။လူသားမျိုးနွယ်နဲ့မသက်ဆိုင်တဲ့သူတွေကသာ ဒီကိလေသာပြသာနာအရှုပ်အရှင်းကိုရှင်းထုတ်ပေးနိုင်ပြီး မူလသစ်ပင်ကို ပြန်ကောင်းအောင်လုပ်ပေးနိုင်မှာဆိုနေမှတော့ ဘိုးဘေးတွေရဲ့အရိုးကလွဲရင်ဘာရှိသေးလို့လဲ?

ဒီအရိုးတွေထုတ်ပေးလိုက်ရမယ်ဆိုတာ နတ်ဆိုးနယ်မြေရဲ့အမွေအနှစ်နဲ့ အရင်းအမြစ်တွေကိုဖြတ်ထုတ်ပေးလိုက်ရတာနဲ့အတူတူပဲလေ။လူသားတွေက နတ်ဆိုးတွေအပေါ်ကိုလောဘတက်နေတာကြာပြီ။
နတ်ဆိုးတွေအားနည်းသွားတာနဲ့ လူသားတွေက အရိုးတောင်ရှာမရအောင် ဝါးမြိုပစ်ကြတော့မှာ........

အကျိုးစီးပွားရဲ့ရှေ့မှောက်မှာ သဘောတူစာချုပ်ဆိုတာ စက္ကူစုတ်တစ်ရွက်သာသာပါပဲ...........

"မင်းတို့တွေအရင်ပြန်လိုက်ကြတော့၊ငါ့ကိုယ်ငါဂရုစိုက်နိုင်တယ်"

လုဟန် ကလန်ဘုရင်တွေကို ပြန်ခိုင်းလိုက်ပြီး သူကိုယ်တိုင်ကလဲ ကျောင်ယောင်တောင်ပေါ်ကို ပြန်သွားလိုက်တယ်။

စစ်ခုန်း ရဲ့နတ်ဘုရားအာရုံပြသာနာကိုတစ်ကြိမ်၊နှစ်ကြိမ်လောက်ထပ်ပြီးကုသပေးဖို့လိုနေသေးတယ်။လုဟန် က စစ်ခုန်း ကိုလျို့ဝှက်နေရာတစ်ခုကိုခေါ်သွားပေးပြီး နတ်သမီးပုံရိပ်တွေထဲက ရှုခင်းတွေလို ပုံရိပ်ယောင်တွေကိုဖန်ဆင်းပေးထားခဲ့တယ်။အရာအားလုံးကိုနေရာတကျ စီစဉ်ပြီးတဲ့အခါ အစီအရင်ထဲမှာထိုင်ပြီး ဗုဒ္ဓအဖြစ်တက်လှမ်းဖို့ ရည်ရွယ်ချက်နဲ့ ကျင့်ကြံနေတဲ့ စစ်ခုန်း ကို ငေးကြည့်နေလိုက်တယ်။

ဗုဒ္ဓအဖြစ်တက်လှမ်းပြီးတဲ့အခါ စစ်ခုန်း က အထက်ဘုံမှာရှိတဲ့လောကသုံးထောင်အတွင်းကိုရောက်ရှိသွားမှာဖြစ်ပြီး ဝိဉာဉ်ကလဲ သံသရာစက်ဝိုင်းကို ဝင်ရောက်စရာမလိုတော့ဘူးလေ။သူ(လုဟန်)ကတော့ မြေအောက်ကမ္ဘာက ဝန်ထမ်းလေးတစ်ယောက်ပါပဲ။သူတို့တွေနောက်တစ်ကြိမ်ပြန်လည်တွေ့ဆုံဖို့ဆိုတာဖြစ်လာနိုင်စရာအကြောင်းလုံးဝမရှိနိုင်တော့ချေ.........

လက်မလွှတ်ချင်တဲ့အတွေးတွေထောင်သောင်းမကရှိနေပေမယ့်လဲ စစ်ခုန်း ရဲ့ကြည်လင်ပြီးအဓိပ္ပါယ်လေးနက်တဲ့မျက်နှာလေးကို လုဟန် တနင့်တပိုးငေးကြည့်ရင်းနှလုံးသားထဲကနေ နှုတ်ဆက်စကားဆိုလိုက်တယ်.........

ဘယ်တော့မှပြန်မဆုံတော့ဘူးနော်..........

တားမြစ်နယ်မြေထဲကလေထုက အရင်တစ်ခေါက်တုန်းကနဲ့ကွာခြားနေတယ်။ကြည့်ရတာ ပြည်မကြီးပျက်စီးတော့မှာကြောင့်လား၊ဒါမှမဟုတ်နတ်ဆိုးနယ်မြေရဲ့
အန္တာရာယ်ကို သိနေလို့များလား?

ဒီတားမြစ်နယ်မြေမှာလွမ်းဆွတ်စရာကောင်းတဲ့နက်ရှိုင်းတဲ့ခံစားချက်တွေရှိခဲ့ဖူးတယ်....

လုဟန် ယဇ်ပုလ္လင်ရှေ့မှာရပ်လိုက်ပြီး ဘယ်ဘက်နားရွက်မှာနားကပ်လိုပန်ဆင်ထားတဲ့ ဆွေရှင်း ကိုဖြုတ်လိုက်တယ်။သူ့လက်ဖဝါးပေါ်မှာ ရှိနေတဲ့မှော်ရတနာကို တစ်ချက်ငုံ့ကြည့်လိုက်ပြီး ဖြည်းဖြည်းချင်းလက်သီးဆုပ်လိုက်တယ်။လက်သီးကိုတင်းတင်းဆုပ်လိုက်တဲ့ အခါ မှော်ရတနာပေါ်မှာအက်ကွဲရာတွေထွက်ပေါ်လာပြီးနောက်ဆုံးမှာတော့ အစိတ်စိတ်အမြွှာမြွှာဖြစ်သွားခဲ့တယ်။

နွားနဲ့သဏ္ဍာန်တူတဲ့သားရဲကြီးတစ်ကောင် ထွက်ပေါ်လာခဲ့တယ်။

လုဟန် ကလက်နှစ်ဖက်ကိုဆုပ်ပြီးနှုတ်ဆက်လိုက်တယ်။

"နတ်ဆိုးမျိုးနွယ် ကိုနှစ်တစ်သောင်းကျော်ကာကွယ်စောင့်ရှောက်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။ဒါပေမယ့် အခုနတ်ဆိုးမျိုးနွယ် ဒုက္ခနဲ့ရင်ဆိုင်နေရပါတယ်။ဒါက အကူအညီမဲ့နေလို့ လုပ်ရခြင်းဖြစ်တယ်ဆိုတာကို ဘိုးဘေးတွေနားလည်ပေးစေချင်ပါတယ်"

ထိုသားရဲကြီးက ခွာလေးဘက်နဲ့လေထဲမှာတစ်ခုခုကိုတူးဆွနေဟန် ပြုလုပ်လိုက်ပြီး လုဟန် ရဲ့ ဉီးခေါင်းဆီကို အရှိန်နဲ့ပြေးဝင်လာခဲ့တယ်။လုဟန် က လက်နှစ်ဖက်ကို နောက်ဘက်ကိုပို့လိုက်ပြီး သားရဲကြီးရဲ့မျက်လုံးတွေကို စိုက်ကြည့်လိုက်တယ်။ခဏလောက်ကြာတဲ့အခါမှာ သားရဲကြီးရဲ့မျက်လုံးတွေထဲမှာ အားရကျေနပ်မှုတွေယှက်သန်းလာပြီး အလင်းတန်းတစ်ခုအဖြစ် လုဟန် ရဲ့ဒန်တျန်ထဲကိုပြေးဝင်သွားခဲ့တယ်။

မှော်ရတနာ ဆွေရှင်း က လုဟန် ကို သူ့ရဲ့ခွန်အားတွေအားလုံးကိုပေးအပ်ခဲ့တာဖြစ်တယ်။တပြိုင်နက်ဆိုသလိုထိုနေရာမှာရပ်နေတဲ့ လုဟန်ရဲ့အရှိန်အဝါတွေကသိသိသာသာမြင့်တက်လာတယ်။မှော်ရတနာ ဆွေရှင်း ရဲ့ခွန်အားတွေအားလုံးကို လုဟန် ပိုင်ဆိုင်သွားခဲ့ပြီ။

"ဆုတောင်းပြည့်"သားရဲဆိုတာ ကောင်းကင်နဲ့မြေကြီးကြားမှာလှည့်လည်သွားလာနေတဲ့ မြင့်မြတ်တဲ့သားရဲအမျိုးအစားဖြစ်တယ်။ဆုတောင်းကျသူတွေက ဆုတောင်းပြည့်ဖို့အတွက် တန်ရာတန်ကြေးတော့ပေးဖို့လိုပါလိမ့်မယ်။တန်ကြေးကတော့ ဘဝအတွက် တန်ဖိုးမဖြတ်နိုင်လောက်အောင်အရေးပါတဲ့ စိတ်နှလုံးသားအနက်ရှိုင်းဆုံးမှာသိမ်းဆည်းထားတဲ့ မှတ်ဉာဏ်တွေပဲဖြစ်တယ်။

မှော်ရတနာ ဆွေရှင်း က ဒီသားရဲရဲ့အစိတ်အပိုင်းတစ်ခုမျှသာဖြစ်တယ်။အရာအားလုံးကိုဖြေရှင်းနိုင်ခဲ့ပြီ........
သားရဲဝိညာဉ်က လုဟန် ရဲ့ဒန်တျန် နဲ့ပေါင်းစည်းလိုက်တဲ့အခါအရာအားလုံးကိုပြန်မှတ်မိလာတယ်။

စစ်ခုန်း နဲ့ပတ်သတ်သမျှတွေကိုပြန်မှတ်မိခဲ့ပြီ၊စစ်ခုန်း နဲ့တွေ့ဆုံခဲ့ရပုံတွေ၊ကျန်တဲ့သူအားလုံးနဲ့ဆက်နွယ်ခဲ့ပုံတွေ ဒါတွေအားလုံးကိုပြန်မှတ်မိလာခဲ့ပေမယ့် အသုံးမဝင်တော့ဘူးလေ........

လုဟန် ရဲ့ကျင့်ကြံမှုအဆင့်က ဝါးပင်လေးတစ်ပင် အရွယ်ရောက်လာတဲ့ဖြစ်စဉ်လိုပဲ တဆစ်ပြီးတဆစ်၊တစ်လွှာပြီးတစ်လွှာတရိပ်ရိပ်မြင့်တက်လာခဲ့တာနောက်ဆုံး မိုးခြိမ်းသံတွေကြားရတဲ့အထိပါပဲ.......

အဆင့်တက်ဖို့ အတွက်ကျော်ဖြတ်ရမယ့် အတိဒုက္ခရောက်ရှိလာလေပြီ.......

လုဟန် ကနတ်ဆိုးမျိုးနွယ်ရဲ့တားမြစ်နယ်မြေကိုမပျက်စီးစေချင်ပါဘူး။ဒါကြောင့် တားမြစ်ကျောက်တိုင်ရှိရာ နယ်နိမိတ်စည်းမျည်းဆီကို တဟုန်ထိုးပြေးသွားခဲ့တယ်။

ဒီကုန်းမြေတိုက်ကြီးတစ်ခွင်မှာ နှစ်တစ်ထောင်အတွင်းဘယ်သူမှဒီလိုအဆင့်မတက်ခဲ့ကြပါဘူး။အတိဒုက္ခအတွက်ကောင်းကင်မိုးကြိုးတွေစုဝေးသံက များစွာသောလူသားတွေကို တပ်လှန့်လိုက်သလိုနိုးကြားသွားစေပါတယ်။အစပိုင်းမှာတော့ ကောင်းကင်မိုးကြိုးလက်ခံပြီးအဆင့်တက်နေလဲဆိုတာ ဘယ်သူမှန်းမသိကြဘူး။

အပြာရောင်ဉီးခေါင်းနဲ့ အနက်ရောင်ကိုယ်ထည်ရှိတဲ့ဧရာမမြွေကြီးတစ်ကောင် ကောင်းကင်ပေါ်မှာထွက်ပေါ်လာခဲ့တယ်။

ဒါကနတ်ဆိုးဘုရင်ကြီးရဲ့မူလအသွင်သဏ္ဍာန် ဖြစ်တယ်။

လူတွေကသူတို့ရဲ့စိတ်ထဲမှာအံ့သြလွန်းတာကြောင့်အော်ဟစ်နေကြတယ်။အဲ့နောက်သူတို့ရဲ့အတွေးတွေကကွဲပြားသွားခဲ့ကြပြန်တယ်။

လူသားမျိုးနွယ်တွေဒေါသထွက်ကုန်ပါပြီ။လက်ရှိမှာတော့ တစ်ချို့သောသူတွေက ဒေါသကိုသံကုန်ဟစ်ပြီးထုတ်ဖော်နေပါတယ်။

"ဒီနတ်ဆိုးဘုရင်က ရက်စက်ပြီးတစ်ကိုယ်ကောင်းဆန်လိုက်တာ၊သူ့မျိုးနွယ်တစ်ခုလုံးကို စွန့်ပစ်ပြီး သူတစ်ယောက်တည်း အဆင့်တက်ဖို့ကြိုးစားနေတာကြည့်စမ်း!!!"

"နတ်ဆိုးဘုရင်က မြွေကလန်သား လို့ကြားထားတာ၊ဟုတ်နေတာပဲ၊မြွေဆိုတာရက်စက်တဲ့ သွေးအေးတွားသွားသတ္တဝါ!!!!"

ပိုပြီးအမျှော်အမြင်ရှိသူတွေကတော့ဒီအခြေနေကိုကြည့်ပြီး ကြိတ်ပျော်နေကြပြီ......

နတ်ဆိုးဘုရင်ရဲ့ကာကွယ်မှုသာမရှိတော့လို့ကတော့နည်းနည်းလောက်ဖိနှိပ်ညှင်းပန်းလိုက်တာနဲ့ နတ်ဆိုးဘိုးဘေးတွေရဲ့အရိုးတွေကို လွယ်လွယ်ယူနိုင်ပြီး မူလသစ်ပင်ကို ကုသနိုင်တော့မယ်လို့ တွေးပြီးပျော်နေကြပါပြီ။ဒါ့အပြင် နတ်ဆိုးနယ်မြေကို တဖြည်းဖြည်းချင်းဝါးမြိုနိုင်တော့မှာဖြစ်တယ်။ နတ်ဆိုးနယ်မြေထဲမှာ လူသားနယ်မြေထက်အရင်းအမြစ်ပိုပေါများတဲ့အပြင် မရေမတွက်နိူင်တဲ့ကောင်းကင်ရတနာတွေလဲရှိနေသေးတယ်။

လူသားတွေဘက်က အတွေးတွေရောက်ယက်ခတ်နေသလောက် နတ်ဆိုးတွေဘက်ကတော့ ရိုးရိုးရှင်းရှင်းပဲတွေးနေကြပါတယ်။

သူတို့ရဲ့အရှင်ကို မျက်စိမှိတ်ယုံကြည်ကျတဲ့ နတ်ဆိုးတွေအတွက်ကတော့ အရှင်ရဲ့အဆင့်တက်ခြင်းက နတ်ဆိုးတွေကို အန္တာရာယ်တောထဲက ကယ်ထုတ်ဖို့ဆိုတာသူတို့ယုံကြည်ထားပြီးသားဖြစ်တယ်။

လျို့ဝှက်ချက်တွေကိုအများကြီးသိထားကြတဲ့ ကလန်ဘုရင်တွေကတော့ ဒီလျို့ဝှက်ချက်တွေကို စိတ်ထဲမှာပဲသိမ်းဆည်းထားလိုက်တော့တယ်။ဘုရင်ကြီးက မျိုးနွယ်စုဆိုင်ရာကိစ္စအဝဝကိုဘယ်တုန်းကမှ စိတ်ဝင်တစားမရှိခဲ့ပေမယ့် နတ်ဆိုးမျိုးနွယ်တစ်ခုလုံးကို ကာကွယ်စောင့်ရှောက်ပေးတဲ့နေရာမှာတော့ ဘယ်သူမှသူ့ကိုမယှဉ်နိုင်ပါဘူး။

လေထဲမှာရှိတဲ့ ဧရာမမြွေကြီးက တစ်ကယ့်ကိုပြိုင်ဘက်ကင်းတဲ့ပါရမီရှင်ဖြစ်တယ်။ကောင်းကင်မိုးကြိုး ၉၉ချက်ကို ခံယူပြီးတာတောင် ဒဏ်ရာတစ်ချက်လေးတောင်မရသေးပါဘူး။နောက်ဆုံးသောမိုးကြိုးမှာပါဝင်တဲ့အဖျက်စွမ်းအားက ကမ္ဘာတစ်ခုလုံးကိုတောင် ဖျက်စီးတော့မယောင် ပြင်းထန်လွန်းလှတယ်။ဧရာမမြွေကြီးကတော့ တစ်ချက်လေးတောင်တွေဝေမနေဘဲ မိုးကြိုးကို မြိုချပစ်လိုက်တယ်။ထိုမိုးကြိုးချက်က များပြားလှတဲ့လျှပ်စီးမြွေတွေအဖြစ်ကွဲထွက်သွားပြီး ဧရာမမြွေကြီးရဲ့ အကြေးခွံတွေကိုဖြတ်သန်းကာ ဝမ်းဗိုက်ထဲမှာဆိုးရွားစွာရုန်းကန်နေပါတယ်.............

How to die as heavy as mount TaiWhere stories live. Discover now