အခန်း(21)ပြိုင်ဘက်ကင်းပါရမီရှင် နတ်ဆိုးပါ့ရှယ်

3K 614 10
                                    

ရှင်းလင်းချက်:ချင်ခုန်ကျစ် ရဲ့ ဂိုဏ်းကိုဖျက်ဆီးပြီး ပိုင်လီ ကိုကယ်ဆယ်ပြီးနောက် လုဟန် ကို ဆွေရှင်း က ကောင်းကင်ဘုံအပစ်ပေးမိုးကြိုးနဲ့ လွတ်ရာဆီကို နေရာကူးပြောင်းခေါ်ဆောင်သွားခဲ့.....


နိုးထလာချိန်မှာ နောင်တရဖို့နောက်ကျလွန်းနေခဲ့ပြီဆိုတာ ချင်ခုန်ကျစ် တစ်ယောက်နားလည်ခဲ့ပေမယ့် ဒီခံစားချက်တွေကို ယာယီထိန်းချုပ်ထားလိုက်တယ်။

လုဟန် ကတော့ ဘယ်နေရာမှန်းမသိတဲ့နေရာတစ်ခုဆီကို ဆွေရှင်းရဲ့ ပို့ဆောင်ခြင်းကိုခံခဲ့ရပေမယ့် စက်ဆုပ်စရာအပစ်ပေးမိုးကြိုးကတော့ တောက်လျှောက်ကို လိုက်ပါလာဆဲပါ။ အနက်ရောင်တိမ်တွေက လေထုထဲမှာ နောက်တစ်ကြိမ်ပြန်လည်စုဝေးနေကျပါပြီ။

လုဟန် က သူထွက်ခွာလာစဉ်က ပိုင်လီ ရဲ့ မူမမှန်တဲ့အမူအရာကိုတွေးမိတဲ့အခါ သူ့ဝတ်ရုံထဲကို ရှာဖွေကြည့်လိုက်တယ်။ အနက်ရောင်သွေးကြောတွေပေါ်နေတဲ့ နတ်ဆိုးအမြူတေတစ်ခုကို ရှာတွေ့ခဲ့လေတယ်။ဒါက ထောင်ပေါင်းများစွာသောအသက်တွေကိုရက်စက်စွာသတ်ဖြတ်ခဲ့တဲ့ ယုတ်မာတဲ့နတ်ဆိုးရဲ့အမြူတေပဲဖြစ်ပါတယ်။ကောင်းကင်ဘုံအပစ်ပေးမိုးကြိုး ရုတ်တရက်ပေါ်ထွက်လာပြီး လုဟန် နောက်ကိုတောက်လျှောက်လိုက်နေတာ အံ့သြစရာမဟုတ်တော့ပါဘူး။

လုဟန် ထိုနတ်ဆိုးအမြူအတေကို ပေါ့ပေါ့ပါးပါးဖိပွတ်လိုက်ပြီး အမှုန့်ချေပစ်လိုက်ပါတယ်။ကောင်းကင်ဘုံအပစ်ပေးမိုးကြိုး တိမ်တိုက်တွေက ပုံသဏ္ဍာန်ဖွဲ့စည်းပြီးနေပြီ ဖြစ်တာကြောင့် ရှောင်လွှဲလို့မရလောက်တော့ပါဘူး။မိုးကြိုးတိမ်တိုက်တွေက ပိုမိုသိပ်သည်းထူထပ်လာပြီး ခရမ်းရောင် မိုးကြိုးမျှင်တစ်ချို့ကိုတောင်ထုတ်လွှတ်နေပါပြီ။လုဟန် ရဲ့ ထွက်ပြေးဖို့ကြိုးပမ်းမှုကြောင့် ဒေါသတကြီးရုတ်တရက် ပစ်ချလိုက်တဲ့ မိုးကြိုးချက်က အတော်လေး ပြင်းထန်လှပါတယ်။

အပစ်ပေးမိုးကြိုး ၉၉ ချက်ကို လွတ်အောင်ရှောင်နိုင်တဲ့ နတ်ဆိုး တစ်ယောက်မှ မရှိပါဘူး။ ဒါကိုတွေးမိတဲ့အခါ လုဟန် ရဲ့ နှလုံးသားတစ်ခုလုံး ခါးသက်လာခဲ့တယ်။
ဆွေရှင်း ရဲ့ အစွမ်းကိုသုံးပြီး အပစ်ပေးမိုးကြိုးလက်ကနေ လွတ်အောင်ပြေးခဲ့ခြင်းက ဒီလိုမျိုးအကျိုးဆက်ဖြစ်လာမယ်လို့ လုဟန် ထင်မထားခဲ့ပါဘူး။အပစ်ပေးမိုးကြိုးတွေ တစ်စင်းပြီး တစ်စင်း ဆက်လက်ကျဆင်းလာနေပါတယ်။ အချက် 70 လောက်မှာတော့ လုဟန် ပုံစံကအတော်လေး သနားစရာကောင်းနေပါပြီ။သူနောက်ဆုံးတော့ သူ့ရဲ့နတ်ဆိုးအသွင်ကိုပြောင်းလိုက်ရပါတော့တယ်။

ကြိမ်ဖန်များစွာရိုက်ခတ်နေတဲ့ မိုးကြိုးတွေကြားမှာစိမ်းပြာရောင်ဉီးခေါင်း ၊ အနက်ရောင်ကိုယ်ထည်ရှိတဲ့ ကြီးမားလှတဲ့ စပါးအုံးမြွေကြီးတစ်ကောင်ထွက်ပေါ်လာခဲ့ပါတယ်။ မြွေကြီးရဲ့ ကိုယ်ထည်ပေါ်မှာ အနက်ရောင်အကြေးခွံတွေက ရွှေရောင်ချည်ကြိုးတွေနဲ့တွယ်ဆက်ထားသလို လှပတင့်တယ်နေပါတယ်။ မြွေကြီးရဲ့ အသွင်သဏ္ဍာန်က သာမာန်အခြေနေမှာဆို ရင်သပ်ရှုမောလောက်အောင် လှပပေမယ့် လက်ရှိမှာတော့ အတော်လေး ကြည့်ရဆိုးနေပါတယ်။ အနက်ရောင်ကျောက်မျက်ရတနာကဲ့သို့သောအကြေးခွံတွေက  မိုးကြိုးဒဏ်ကြောင့် ကွာကျနေပြီး ထိုအက်ကွဲကြောင်းတွေကြားကနေ သွေးတွေစီးကျနေပါတယ်။

အပစ်ပေးမိုးကြိုးက ခဏလေးတောင်ရပ်နားခြင်းမရှိဘဲ ဆက်လက် ပစ်ခတ်နေပါတယ်။ လုဟန် ရဲ့ ပျော့ပြောင်းသန်မာလှတဲ့ မြွေအမြှီးကြီးက သူ့ရဲ့ဉီးခေါင်းဆီကို ဉီးတည်ပစ်ခတ်လာတဲ့ မိုးကြိုးကို ရိုက်ထုတ်လိုက်ပါတယ်။ချွန်မြတောက်ပနေတဲ့ အမြီးရဲ့လက်ရှိ အခြေနေကတော့ လက်ရှိမှာ ရေခွံတွေစုတ်ပြဲကုန်ပြီး သွေးတွေတလဟောထွက်နေခဲ့ပါပြီ။

နောက်ထပ် အပစ်ပေးမိုးကြိုး 3 ချက်သာကျန်ပါတော့တယ်။ ဒါပေမယ့် တစ်ချက်ထက် တစ်ချက် ပိုပြီးအားကောင်းလာနေပါတယ်။

ပထမအချက်ကိုတော့ လုဟန် က အံတစ်ချက်တင်းတင်းကြိတ်လိုက်ပြီး နတ်ဆိုးမျိုးနွယ်ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုသက်သက်နဲ့ ခံယူလိုက်ပါတယ်။

ဒုတိယအချက်အလှည့်မှာ  လုဟန်က သူ့ရဲ့
အစာအိမ်ထဲက နတ်ဆိုးအမြူတေကို ပါးစပ်ကနေထွေးထုတ်လိုက်ပါတယ်။ ရွှေရောင်နတ်ဆိုးအမြူအတေက လုဟန် ရဲ့ ဉီးခေါင်းအထက်မှာ လှည့်ပတ်ပျံသန်းနေပါတယ်။ အမြူတေက အပစ်ပေးမိုးကြိုးကို ခုခံတဲ့အခါ မျက်စိကျိန်းလောက်တဲ့အလင်းရောင်တွေပေါ်ထွက်လာပါတယ်။ခဏအကြာမှာတော့ ဘန်းးးဆိုတဲ့ အသံကျယ်ကြီးတစ်ချက်တွက်ပေါ်လာပြီး တောင်ကြီးတစ်ခုလုံးလှုပ်ခါသွားစေခဲ့ပါတယ်။ အမြူတေရဲ့တောက်ပမှုတွေမှိန်ဖျော့လာပြီး သေချာအနီးကပ်ကြည့်ကြည့်မယ်ဆိုအမြူတေပေါ်မှာ  သေးငယ်တဲ့အက်ကွဲရာတွေကို တွေ့မြင်နိုင်ပါတယ်။

တတိယမြောက်မိုးကြိုးက အခုထိ မကျဆင်းသေးပေမယ့် တိမ်တိုက်တွေကပိုမိုသိပ်သည်းထူထပ်လာပါတယ်။မုန်တိုင်းတစ်ခု တိုက်ခတ်သလိုလေပြင်းတွေလဲ တိုက်ခတ်လာနေခဲ့ပါတယ်။လုဟန် တစ်ချက်လေးမှ သတိမလွတ်ရဲခဲ့ပါဘူး။ မှင်နက်ရောင်ကဲ့သို့ နက်မှောင်နေတဲ့ တိမ်တိုက်ကို လုဟန် အာရုံစူးစိုက်မှုအပြည့်နဲ့စိုက်ကြည့်နေခဲ့ပါတယ်။ရေတိုင်ကီလုံးပတ်လောက်ရှိတဲ့ မိုးကြိုးတစ်စင်းက အနက်ရောင်တိမ်တိုက်ထဲကနေ ထိုးထွက်လာပြီး ကောင်းကင်နဲ့ မြေကြီးကို နှစ်ပိုင်းခွဲပစ်တော့မလောက် ပြင်းထန်နေခဲ့ပါတယ်။ လုဟန် ရဲ့ ဉီးရေပြားတွေ ထုံထိုင်းစပ်ဖျင်းလာပြီး " ငါတော့ ကိစ္စချောပြီ"လို့သာတွေးလိုက်နိုင်ပါတော့တယ်။

သေခြင်းရှင်ခြင်းကျဉ်းတည်းကြပ်တည်း အခြေနေမှာ မျှော်လင့်ချက်တွေအကုန်လုံးကို ဆွေရှင်း ဆီမှာ လုဟန် ပုံအပ်ခဲ့လေတယ်။ လက်ကျန်နတ်ဆိုးစွမ်းအားတွေအကုန်လုံးကို ဆွေရှင်း ဆီကိုပို့လွှတ်လိုက်တယ်။ အထွတ်အမြတ်ရတနာဆွေရှင်း သည်တောက်ပသောအလင်းရောင်တို့နှင့်အတူ စတင်ပေါက်ကွဲလာပြီး ကြီးမားသော ပါးစပ်ပေါက်ရှိတဲ့ နွားသိုးတစ်ကောင်အသွင်ပြောင်းလဲသွားခဲ့တယ်။ဆွေရှင်း ရဲ့ ကြီးမားသောပါးစပ်ကြီးက 99ကြိမ်မြောက်သော မိုးကြိုးကို ဝါးမြိုဖို့ကြိုးစားခဲ့တယ်။ ဒါပေမယ့် နဂါးတစ်ကောင်သဏ္ဍာန်ရှိသောမိုးကြိုးရဲ့ အစွမ်းက ဆွေရှင်း ကိုင်တွယ်နိုင်တဲ့ အခြေနေမဟုတ်ခဲ့ပြန်ပါဘူး။မိုးကြိုးနဂါးနဲ့ ဆွေရှင်း တို့လေထဲမှာအတန်ကြာတိုက်ခိုက်နေပြီးနောက်မှာနှစ်ကောင်စလုံး ပေါက်ကွဲပျောက်ကွယ်သွားခဲ့လေတယ်။
ကောင်းကင်နဲ့မြေကြီးကို အဖြူရောင်အလင်းတွေလွှမ်းခြုံထားပြီး လုဟန် ရဲ့နတ်ဆိုးစွမ်းအင်တွေအကုန်လုံး ခြောက်သွေ့အောင်စုပ်ယူခံထားရတာကြောင့် မြေပြင်ပေါ်ကို အကာအကွယ်မရှိ တိုက်ရိုက်ပြုတ်ကျလာခဲ့တယ်။ နောက်ဆုံးတော့ လုဟန် ရဲ့ မြင်ကွင်းတစ်ခုလုံးအမှောင်ကျသွားခဲ့လေပြီ။

ပြင်းထန်သောနာကျင်မှုကြောင့် လုဟန် သတိပြန်ရလာခဲ့တယ်။သူ့အခြေနေက အတော်လေး သနားစဖွယ်ဖြစ်နေတယ်ဆိုတာ လက်ခံလိုက်ရတယ်။ သူ့အရိုးတွေအကုန်ကျိုးပဲ့နေပြီဆိုတာ အတည်ပြုလိုက်ရပါတော့တယ်။ လက်ချောင်းလေးတစ်ချောင်းတောင်မလှုပ်ရှားနိုင်တော့တဲ့အဖြစ်ပါ။

// ငါမသေသေးဘူးလား? မီးနီကိုဖြတ်မောင်းလာတဲ့ ကား ဝင်တိုက်ခံလိုက်ရတာကြောင့်မီတာ20လောက်လွှင့်ထွက်သွားခဲ့တာလေ?အသက်ရှင်နေသေးတာ ဖြစ်ရောဖြစ်နိုင်ရဲ့လား?//

လုဟန် သူ့ရဲ့ခေါင်းတစ်ခုလုံးပေါက်ကွဲထွက်တော့မလိုခံစားနေရတယ်။ တစ်ကိုယ်လုံးလဲမသက်မသာနဲ့နေရထိုင်ရတာအဆင်ပြေမနေဘူး။ ဒါပေမယ့် အသက်ရှိနေသေးတာပဲ ကျေးဇူးတင်ရမယ်။ လက်ကိုမြှောက်ပြီး နားထင်ကိုနှိပ်ကာ ခေါင်းနောက်သက်သာအောင်လုပ်ဖို့ ကြိုးစားကြည့်လိုက်တယ်။

"ငါ့လက်ရော?"

သူ့မျက်စိရှေ့မှာမြင်နေရတဲ့ တောက်ပချွန်ထက်နေတဲ့အမြှီးတစ်ခုကိုမြင်လိုက်ရချိန်မှာ လုဟန် စကားမပြောနိုင်အောင် အံ့သြသွားခဲ့ရတယ်။သူနဖူးကိုပွတ်ဖို့ကြိုးစားကြည့်တဲ့အခါ အဲ့ဒီ့အမြီးက ညှင်သာစွာလှုပ်ရှားသွားပြန်တယ်။အမြီးမှာရှိတဲ့အကြေးခွံတွေက နောက်ကိုလန်ပြီးကွေးကောာက်နေတယ်။တစ်ချို့နေရာတွေမှာ သွေးတွေစွန်းပေနေတယ်။ ရောင်စုံကျောက်မျက်ရတနာတွေကို ရွှေချည်ကြိုးနဲ့တွယ်ယှက်ထားသလိုပုံစံရှိတဲ့ အကြေးခွံတွေက အတော်လေးလက်ရာမြောက်ခံ့ညားနေပါတယ်။

သို့ပါသော်လည်း ထိုလက်ရာမြောက်ခံ့ညားနေမှုကြီးက ဒီအရာဟာ မြွေတစ်ကောင်ရဲ့အမြီးဖြစ်တယ်ဆိုတဲ့အချက်ကနေသွေဖယ်မသွားခဲ့ပါဘူး။လုဟန် သူ့ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးပြိုလဲတော့မလိုခံစားလိုက်ရတယ်။

လုဟန် ရဲ့မျက်လုံးရှေ့မှာ သစ်ရွက်တစ်ရွက်ကြွေကျလာတာကိုမြင်လိုက်ရတယ်။ ထိုသစ်ရွက်ရဲ့အရွယ်အစားက သူ့ရဲ့ ဉီးခေါင်းထက်ကြီးနေတာကိုလဲ လုဟန် သိလိုက်ရတယ်။ နောက်တစ်ခုက သူ့ရဲ့သနားစရာမြွေခန္ဓာကိုယ်အရွယ်အစားက ထမင်းစားတူတစ်ချောင်းလောက်ပဲရှိတယ်ဆိုတာကို ဝမ်းနည်းစရာကောင်းလောက်အောင် လုဟန် သိရှိခဲ့ရပြန်တယ်။

//ငါကားနဲ့အတိုက်ခံရပြီး မြွေဖြစ်သွားတာလား//

လုဟန် ရဲ့အသိစိတ်တစ်ခုလုံးမြူဆိုင်းနေသလိုခံစားနေရစဉ်မှာပဲ တောင့်တင်းသန်မာပြီးသွယ်လျလှတဲ့ လက်တစ်စုံကို တွေ့လိုက်ရတယ်။ ထိုနွေးထွေးတဲ့ လက်ဖဝါးပေါ်မှာ သူ လှဲလျောင်းနေတယ်ဆိုတာကိုလဲ
လုဟန် သိလိုက်ရတယ်။သူ့ရဲ့မြင်ကွင်းရှုထောင့်ကိုတဖြည်းဖြည်းမြှင့်လိုက်တဲ့အခါ "နွေဉီးလေပြည်ကဲ့သို့ညှင်သာသော၊ လရောင်ကဲ့သို့တောက်ပသော" အသွင်ရှိတဲ့မျက်နှာတစ်ခုကို သူမြင်လိုက်ရပါတော့တယ်။

ထိုလူရဲ့ ဉီးခေါင်းပေါ်က အစက်9စက်က ထိုလူကဘုန်းကြီးတစ်ပါးဖြစ်တယ်ဆိုတာ ကို သက်သေပြနေပါတယ်။သူ့ရဲ့မျက်ဝန်းတွေက ရှည်လျားလှတဲ့မျက်တောင်မွှေးတွေရဲ့အနောက်မှာ နက်ရှိုင်းစွာတည်ရှိနေပါတယ်။သူ့ရဲ့မျက်ဝန်းတွေက "ပန်းတစ်ပွင့်၊ သစ်ရွက်တစ်ရွက်၊ ကမ္ဘာတစ်ခု"*စာစုကိုပုံဖော်နေသလိုပါပဲ။

စစ်ခုန်း သူ့လက်ခုပ်ထဲက မြွေလေးကို သေချာလေ့လာကြည့်နေပါတယ်။ တစ်ကိုယ်လုံးဒဏ်ရာတွေရနေသည့်တိုင် ရောက်စုံကျောက်မျက်ရတနာတွေလို အကြေးခွံတွေကို မြင်နိုင်သေးပါတယ်။ သူသာလွှတ်ပေးလိုက်မယ်ဆို မြွေငယ်လေးခင်မျာ မကြာခင်
မုဆိုးတွေဖမ်းတာခံလိုက်ရနိုင်ပါတယ်။

လုဟန် သူ့ကို ဘုန်းကြီးက စစ်ဆေးကြည့်ရှုနေတာကိုသိလိုက်ပါတယ်။ ဘုန်းကြီးရဲ့မျက်လုံးအရောင်တွေက လင်းလက်နေပြီး အနည်းငယ် လျစ်လျူရှုမှုတွေပါဝင်နေပြန်ပါတယ်။ ခဏအကြာမှာတော့ ဗုဒ္ဓရဲ့ရနံ့တွေထုံမွှန်းနေတဲ့ ဝတ်ရုံတစ်ခုထဲ သူရောက်ရှိနေပြီဆိုတာ လုဟန် သိလိုက်ရပါတယ်။ ထို့နောက် သူ့ရဲ့ ဉီးခေါင်းထက်ကနေ အေးစက်စက်အသံတစ်ခုထွက်ပေါ်လာခဲ့တယ်။

"ဒီနိမ့်ကျတဲ့ကိုယ်တော်ရဲ့နာမည်က စစ်ခုန်း လို့ခေါ်ပါတယ်။ မင်း ရဲ့ဒဏ်ရာတွေပျောက်တဲ့ထိ ဒီကိုယ်တော်နဲ့ အတူနေနိုင်ပါတယ်"

//သူငါ့ကို ခေါ်လာတာလား?// လုဟန် စိတ်ငြိမ်သက်မှုရသွားတဲ့အခါ ပြင်းထန်တဲ့ငိုက်မျည်းမှုကအစားထိုးဝင်ရောက်လာခဲ့တယ်။ ခုခံမှု မရှိတော့တဲ့အခါ နက်ရှိုင်းသောအိပ်စက်ခြင်းဆီသို့လုဟန် ကျရောက်သွားခဲ့ပါတော့တယ်။

လုဟန် နိုးလာတဲ့အချိန်မှာ ကောင်းကင်တစ်ခုလုံးမှောင်မည်းနေခဲ့ပါပြီ။ သူ့ရဲ့ အရှေ့မှာ တရားအားထုတ်တဲ့အခန်းတစ်ခုရှိနေပြီး ဖျော့တော့တဲ့ဖယောင်းတိုင်အလင်းကလဲ လှုပ်ခတ်နေပါတယ်။စစ်ခုန်း က ကုတင်ပေါ်မှာ တရားထိုင်နေတာဖြစ်ပြီး ခန်းထဲကိုဝင်ရောက်လာတဲ့ လရောင်က စစ်ခုန်း ရဲ့ မျက်နှာပြင်ပေါ် ကျရောက်နေပါတယ်။

အလှတရားသည် လူကိုယစ်မူးစေသည်။လရောင်ကဲ့သို့တောက်ပနေသော ထိုလူရဲ့အနီးကို လုဟန် တိုးကပ်ဖို့ကြိုးစားလိုက်တယ်။ ဒါပေမယ့် စားပွဲပေါ်ကနေ ခေါင်းစိုက်ပြုတ်ကျခြင်းနဲ့သာအဆုံးသတ်ခဲ့ရတယ်။မြေပြင်နဲ့ ပိုမိုနီးကပ်လာတဲ့အခါ လုဟန် မျက်လုံးတွေစုံမှိတ်လိုက်တယ်။မျက်လုံးတွေမှိတ်ထားရင်း လုဟန် ကိုယ့်ကိုကိုယ်နှစ်သိမ့်နေခဲ့တယ်။

// အမြီးကလဲ ဒဏ်ရာရထားတယ်။ အခုလဲ ခေါင်းကဒဏ်ရာရတော့မယ်။ဒါဆိုရင်တော့ တစ်ကိုယ်လုံးခေါက်ချိုးညီပြီပေါ့//

လုဟန် မျှော်လင့်ထားတဲ့ နာကျင်မှုအစား ပျော့ပြောင်းတဲ့ တစ်စုံတစ်ရာနဲ့သာ ဉီးခေါင်းက ထိတွေ့လိုက်ရတယ်။ သာယာတဲ့အသံတစ်ခုက သူ့ရဲ့အထက်ကနေပေါ်ထွက်လာပြန်တယ်။

"ငါမင်းကိုဆေးလိမ်းပေးမယ်။ မင်းကိုမင်းဒဏ်ရာရအောင်ထပ်မလုပ်နဲ့တော့"

လုဟန် သူ့ရဲ့ခန္ဓာကိုယ်ပေါ်က မီးလောင်သလိုပူပြင်းတဲ့ခံစားမှုတွေအစား အေးမြပြီး သက်တောင့်သက်သာရှိတဲ့ ခံစားမှုတွေ ဖြစ်ပေါ်လာတာကိုတွေ့လိုက်ရတယ်။ သူ့အမြီးကို ပြန်ကြည့်လိုက်တဲ့အခါကျွတ်ထွက်နေတဲ့ အကြေးခွံတွေနေရာမှာ အစိမ်းဖျော့ရောင်လိမ်းဆေးတစ်ချို့လိမ်းကျံထားတာကိုတွေ့လိုက်ရတယ်။

"ဒီလိမ်းဆေးက ဝိဉာဉ်စွမ်းအားတွေကိုပျံ့နှံ့စေတယ်။မနက်ဖြန်လောက်ဆို မင်းပြန်ကောင်းသွားပြီ"

စစ်ခုန်း အနက်ရောင်မြွေငယ်လေးကို ကုတင်ပေါ်ပြန်တင်ပေးပြီးနောက် ခြေထောက်ကို ကြက်ခြေခတ်သဏ္ဍာန်ချိတ်ကာ တရားရှုမှတ်နေခဲ့တယ်။မြွေငယ်လေးရဲ့ မျက်လုံးတွေက သူ့ကို မလှုပ်မယှက် စိုက်ကြည့်နေတာကို သူတွေ့ခဲ့တယ်။သိသာထင်ရှားတာက ဒါကမြွေငယ်လေးတစ်ကောင်ပဲလေ။ ဒါက စစ်ခုန်း အတွက် ပထမဆုံးအကြိမ် သက်ရှိသတ္တဝါတစ်ကောင်နဲ့ ထိတွေ့ဆက်ဆံခြင်းဖြစ်တယ်။

စစ်ခုန်း ဟာ ဉာဏ်ပညာကြီးမြတ်မှုနဲ့မွေးဖွားလာခဲ့တယ်လို့ဆိုကျပါတယ်။ဒါကြောင့် သူဟာ သေချာပေါက်ကို ဉာဏ်အလင်းပွင့်ပြီး Buddha ဖြစ်လာမယ်လို့ အားလုံးကလက်ခံထားကျပါတယ်။ စစ်ခုန်း ကို သူနဲ့အတူတရားကျင့်ဖက်ညီအစ်ကိုတွေကရော သူ့ရဲ့ဆရာတော်ကပါ တလေးတစားဆက်ဆံကျပါတယ်။ ဒါနဲ့ ပတ်သတ်ပြီး မှားယွင်းနေတယ်လို့ စစ်ခုန်း ဘယ်တုန်းကမှ မထင်ခဲ့ပါဘူး။သူမျက်လုံးဖွင့်လိုက်တဲ့အခါတိုင်း လောကတစ်ခုလုံးကို ဖုံးလွှမ်းထားတဲ့ အလွှာတစ်ခုရှိနေတာကို သိမြင်ရတယ်။ဘဝရဲ့ ရှင်သန်ခြင်း၊သေဆုံးခြင်း၊ ပျော်ရွှင်ခြင်း၊နာကျင်ခြင်း၊ကံကြမ္မာအပြောင်းအလဲ အနိမ့်အမြင့်၊အတက်အကျတွေက စစ်ခုန်း ရဲ့ စိတ်နှလုံးသားကို နည်းနည်းလေးမှ မလှုတ်ခတ်စေခဲ့ပါဘူး။

ဒါတွေကလဲ မြက်ခင်းပြင်မှာလဲလျောင်းနေတဲ့မြွေငယ်လေးကို မတွေ့ခင်အထိပါပဲ။

သူ မမျှော်လင့်ဘဲမြွေငယ်လေးကို သူ့စိတ်ဆန္ဒအရ သူ့ဝတ်ရုံထဲကိုထည့်ပြီးခေါ်ဆောင်လာခဲ့တယ်လေ။

စစ်ခုန်း အပြင်လောကမှာခရီးထွက်နေခဲ့တာအတော်ကြာနေခဲ့ပါပြီ။တစ်နေ့တာကုန်ဆုံးခါနီးမှာ အနားယူ တရားထိုင်ဖို့ သူနေရာတစ်နေရာရှာနေခဲ့တာဖြစ်ပါတယ်။ကျင့်ကြံသူတစ်ယောက်အနေနဲ့ စားသောက်ဖို့မလိုအပ်ပါဘူး။အဝတ်စားတွေကိုလည်း ဖုန်မှုန့်သန့်ရှင်းရေးနည်းစနစ်နဲ့ သန့်ရှင်းနိုင်ပါတယ်။ ဒါကြောင့် မြေပြင်ပေါ်မှာ ဖြစ်စေ၊တောင်တန်းပေါ်မှာ ဖြစ်စေ စစ်ခုန်း အတွက် ဘယ်နေရာမှာမဆိုအနားယူလို့ရပါတယ်။
သို့ပေမယ့် ဒဏ်ရာရနေတဲ့ မြွေငယ်လေးကိုပြုစုဖို့အတွက် အနီးအနားမှာရှိတဲ့ဘုရားကျောင်းတစ်ခုကိုရှာဖွေခဲ့ရပြန်ပါတယ်။

စစ်ခုန်း မြွေငယ်လေးရဲ့ဉီးခေါင်းကိုလက်ချောင်းတွေနဲ့ညှင်သာစွာထိတွေ့လိုက်တယ်။ အထိအတွေ့က ရေခဲတွေလိုအေးစက်နေတယ်။

"မနက်ဖြန်မင်းကိုတောထဲမှာ ပြန်လွှတ်ပေးမယ်"

လုဟန် ရဲ့နှလုံးသားလေးနစ်မွှန်းသွားခဲ့တယ်။

//ကယ်တင်ရှင်ကြီးက ငါလေးကိုစွန့်ပစ်တော့မယ်//

လုဟန် က စစ်ခုန်း ရဲ့ရုပ်ဆင်းသဏ္ဍာန်နဲ့ စိတ်နေသဘောထားကြောင့် ထွက်သွားဖို့ငြင်းဆန်ချင်နေခဲ့တာပါ။ စစ်ခုန်း တရားကျင့်နေတဲ့နေရာနားမှာနေရတာ အရမ်းသက်တောင့်သက်သာရှိတယ်လေ။လုဟန် က ထူးဆန်းစွာနဲ့မြွေတစ်ကောင်ဖြစ်လာခဲ့ပေမယ့် မြွေတစ်ကောင်လိုပြုမူဖို့သူ့ကိုယ်သူခွင့်မပြုနိူင်ဘူး။ အသွေးအသားထဲကနေ သူ့ကိုယ်သူပြောနေခဲ့တာက သူ စစ်ခုန်း နားမှာပဲနေသင့်တယ်။

သို့ပေမယ့်လဲ မြွေငယ်လေးတစ်ကောင်ရဲ့အတွေးတွေက ဘာကိုမှမပြောင်းလဲနိုင်ခဲ့ပါဘူး။ နောက်တစ်နေ့မနက်ရောက်တဲ့အခါ သူနဲ့မရင်းနှီးတဲ့တောအုပ်ထဲကိုရောက်နေခဲ့ပြီ။

"သွားတော့"

စစ်ခုန်း အနက်ရောင်မြွေငယ်လေးရဲ့ဉီးခေါင်းကို ကြင်နာစွာနောက်တစ်ကြိမ်ပွတ်သပ်ပေးပြီး မြက်ခင်းပေါ်ချပေးလိုက်တယ်။

လုဟန် ရဲ့နှလုံးသားတစ်ခုလုံးတုန်လှုပ်စွာခုန်ပေါက်နေခဲ့တယ်။သူ့ရဲ့ ပါးစပ်ကိုဖွင့်ပြီး စစ်ခုန်း ရဲ့ လက်ချောင်းကို ညှင်သာစွာကိုက်လိုက်ပြီး မခွဲခွာချင်ဘူးဆိုတာကို မျက်လုံးကနေတဆင့်တောင်းဆိုနေခဲ့တယ်။ ဒါပေမယ့် စစ်ခုန်း က လုဟန် ရဲ့ ပါးစပ်ကို ညှင်သာစွာညှစ်လိုက်ပြီးသူ့ရဲ့လက်ချောင်းကိုဆွဲထုတ်လိုက်လေတယ်။

စစ်ခုန်း က လုဟန် ကိုငေးကြည့်နေခဲ့တယ်။ဒဏ်ရာတွေပျောက်ကင်းသွားတဲ့ မြွေငယ်လေးက တက်ကြွစွာနဲ့ပဲ လွမ်းဆွေးမှု လက္ခဏာတွေမချန်ခဲ့ပဲပြေးထွက်သွားလေပြီ။

ရေခဲကဲ့သို့အေးစက်နေတဲ့မထုံတက်တေး ဘုန်းကြီး စစ်ခုန်း နောက်ကို တတိတ်တဆိတ်လိုက်ဖို့ လုဟန် ဆုံးဖြတ်ချက်ချလိုက်တယ်။သူ့ရဲ့အကြေးခွံတွေကလဲ ပြန်လည်ကောင်းမွန်နေပြီဖြစ်တာကြောင့် သူသာ အလုပ်ကြိုးစားမယ်ဆို စစ်ခုန်း ရဲ့ နောက်လိုက်တစ်ယောက်ဖြစ်လာနိုင််လေ။သို့ပါသော်လည်း သူ့ရဲ့ မြင့်မားလှတဲ့ရည်ရွယ်ချက်လေးက ရှေ့ကမြင်ကွင်းကြောင့်ပျောက်ကွယ်သွားရလေပြီ။တောင်ပေါ်က ငှက်တွေရဲ့ဆူညံသံတွေက လုဟန် ရဲ့ အပြစ်ကင်းစင်မှုကိုလှောင်ပြောင်သရော်နေခဲ့သလိုပါပဲ။


"ဒါက မသေမျိုး(အင်မော်တယ်)တွေရဲ့နေရပ်လား?"

How to die as heavy as mount TaiWhere stories live. Discover now