Part-8 Unicode and Zawgyi

2.2K 294 8
                                    

Unicode

Deep Blue

အပိုင်း၈

အစ်ကိုကြီးကို ရုံးသို့နေ့တိုင်းခေါ်သွားဖြစ်လာသည်။ စောနောင်လက်အောက်ကစာရင်းမလေးနှစ်ယောက်နဲ့ မန်နေဂျာအစ်မကတော့ အစ်ကိုကြီးကို အရမ်းဂရုစိုက်သည်။အခြားဝန်ထမ်းတွေကတော့ မိမိနဲ့အစ်ကိုကြီးအား အထူးအဆန်းမျက်လုံး၊ရွံရှာသလိုမျက်လုံးတို့နှင့်ကြည့်ကြသည်။တစ်ချို့ဆို အတင်းအဖျင်းဆိုတတ်ကြသေးသည်။ ထို့သို့ပြောဆိုသံတွေ ပြန်ကြားရရင် စောနောင်စိတ်မကောင်း ဖြစ်ရသည်။

သူတို့ပြောတတ်ကြသည်က"စောနောင်ကGayကြီးလား...မထင်ရဘူးနော်.." "ဟိုလူကြီးနဲ့ ဖြစ်နေတာလား...." "ဟိုလူက ရူးနေတာထင်တယ်ကွ.....စောနောင်ကခြောက်ရုံမကဘူး အကြိုက်ကလည်း ဆန်းလိုက်တာကွာ...."စသောစသော စကားတို့ကိုပြန်ကြားရသည်။ မိမိကgayမို့ အချိန်တန်လူသိသွားရင်ဆိုတဲ့ အကြောင်းကိုအရင်ကတည်း စဥ်းစားထားသည်။သို့ပေမယ့် ဖြူစင်တဲ့အစ်ကိုကြီးအား နစ်နစ်နာနာပြောတာတော့ စောနောင်မကြိုက်ပါ။စိတ်မကောင်းဖြစ်ရသည်။ အစ်ကိုကြီးက စိတ်အခြေအနေကြောင့်သာ မိမိအားမိန်းမလို့ခေါ့ဝေါ်နေခြင်းဖြစ်သည်။ အရင်ကမိန်းမနဲ့ကလေးပါရဖူးသော အစ်ကိုကြီးအားgayလို့ပြောဆိုနေခြင်းကို စောနောင်မနှစ်သက်ပါ။ အစ်ကိုကြီးနေပြန်ကောင်းလာလျင်လည်း မိမိနဲ့ယုန်ထင်ကြောင်ထင် အထင်ခံရတာကို မကြိုက်လောက်ပါ။

ပြီးနောက် အစ်ကိုကြီးအား ရူးနေသည်ဟု ပြောဆိုခြင်းအတွက် စိတ်မကောင်းဖြစ်ရသည်။ အစ်ကိုကြီးက စိတ်ရောဂါရှိပေမယ့် အခြားစိတ်ရောဂါသည်တွေလို ကြမ်းတမ်းတဲ့အပြုအမူတွေ မလုပ်တတ်ပါ။ ကြမ်းတမ်းစွာလည်း မပြောဆိုတတ်ပါ။စောနောင်မှာ အရင်ကတည်းက အနေအေးတာကြောင့် ရုံးတွင်းရန်ပွဲတွေကို မဖြစ်မိအောင် ရှောင်နေမိသည်။

မိမိအလုပ်လုပ်နေချိန်ဆို လွင်မာမာနဲ့သော်သော်ပန်က အစ်ကိုကြီးနဲ့အတူအဖော်လုပ်ပေးကြသည်။ စောနောင်တို့စာရင်းကိုင်သုံးဦးလုံး အလုပ်များနေရင်တော့ မန်နေဂျာအစ်မမသူဇာအောင်က လာကြည့်ပေးသည်။ တကူးတကမိမိတို့ဌာနကို လာကာအစ်ကိုကြီးကို သူမကကြည့်ပေးတတ်သည်။ ပြီးရင်လည်း မိမိအား"မိန်းမ"လို့ အစ်ကိုကြီးကိုခေါ်စေသည်။ အစ်ကိုကြီးခေါ်လျင် သူမကပြုံးပြုံးကြီး ကြည့်နေတတ်သေးသည်။ ဖူဂျိုရှီတွေထဲ မသူဇာအောင်က အဆိုးဖြစ်မည်ထင်သည်။အားလုံးအလုပ်များရင်တော့ အစ်ကိုကြီးကို မုန့်ကျွေးကာငြိမ်ဆေးပေးထားရသည်။

Deep Blue (Zawgyi&Unicode)Where stories live. Discover now