Deep Blue
အပိုင်း၅
အသုဘအခမ်းအနားကိုလဲ အမှိုက်ပုံဘေးကတဲလေးမှာ စောနောင်ဦးစီးပြီးလုပ်ပေးလိုက်သည်။ ဘုန်းကြီးပင့်တရားနာ၊ အလှူအတန်းတစ်ချို့ကိုလည်း စောနောင်တတ်နိုင်သလောက်လုပ်ပေးလိုက်သည်။
ဦးလေးကြီးက စောနောင်မိဘတွေထက်တော့ ကံကောင်းသွားသည်။ အသုဘအလောင်းကိုသေချာပြင်ဆင်ပေးခွင့် အစ်ကိုကြီးနဲ့စောနောင် ရသွားသည်။ စောနောင်မိဘတွေတုန်းကတော့ အလောင်းတောင်ပြန်မရခဲ့ပါ။ စောနောင်သည်လည်း မိဘတွေကို ရည်းစူးပြီး အလှူလုပ်ခွင့်မရခဲ့ပါ။ထိုအချိန်ကစောနောင်ဟာ ငယ်ရွယ်သေးလို့ဖြစ်သည်။အသုဘရက်လည်နေ့အထိ စောနောင်စဉ်းစားခန်းကြီးတစ်ခုကို ဖွင့်ရတော့သည်။ ထိုစဉ်းစားခန်းကြီးကတော့ အစ်ကိုကြီးကို မိမိအိမ်ကိုခေါ်သွားရင် ကောင်းမကောင်းဖြစ်သည်။ အနံအသက်မကောင်းတဲ့ နေရာမှာ အစ်ကိုကြီးကိုဆက်မထားချင်ပါ။ ဦးလေးကြီးရှိစဉ်တော့ အစ်ကိုကြီးကို ထိန်းမည့်သိမ်းမည့်သူရှိသည်၊ ဦးလေးကြီးလည်း မရှိတော့သည်မို့ အစ်ကိုကြီးတစ်ယောက်တည်းမဖြစ်တော့ပါ။
လူတစ်ယောက်အိမ်ပေါ်ခေါ်တင်ဖို့ကလည်း မလွယ်ကူချေ။ သို့သော်စောနောင် စုဆောင်းထားတဲ့ ပိုက်ဆံတွေရှိသည်။လစာလေးကောင်းကောင်းပေးထားသည့် ကုမ္ပဏီကိုပင် ကျေးဇူးတင်ရမလိုဖြစ်တော့သည်။ဒီလိုဝင်ငွေရအောင်လည်း ပညာကိုဆုံးခန်းတိုင် သင်ပေးခဲ့တဲ့ အဖိုးနဲ့အဖွားကို ကျေးဇူးတင်ရမည်။ စောနောင် ရက်အနည်းငယ်အကြာ စဉ်းစားခန်းဖွင့်ပြီးနောက် အဖြေတစ်ခုထွက်ရှိလာသည်။ ထိုအဖြေကတော့ အစ်ကိုကြီးကို မိမိအိမ်ခေါ်သွားဖို့ဖြစ်သည်။
အဖေသေတာကိုတော့ အစ်ကိုကြီးကဝမ်းနည်းရမှန်းသိသည်။ စောနောင်ကို အသုဘချတဲ့နေ့ကစလို့ ရက်လည်တဲ့နေ့အထိ "ဖေကြီးကပြန်မလာတော့ဘူးလား....ကောင်းကင်ပေါ်မှာပဲနေတော့မှာလား"စသည်ဖြင့် ငိုငိုပြီးမေးတတ်သည်။ ထိုအချိန်ရောက်တိုင်း စောနောင်အားနာစွာဖြင့် ပြန်မလာတော့ဘူးလို့ ဖြေပေးလိုက်ရသည်။ ထိုအဖြေကြားတာနဲ့ ပိုပြီးငိုလာတဲ့ အစ်ကိုကြီးကို စောနောင်ထွေးပွေ့နှစ်သိမ့်ရတာလဲ အခါခါပင်ဖြစ်သည်။ အရာရာသည် ရုတ်တရက်ဆန်ဆန် လျင်မြန်စွာ ဖြစ်ပွားလာတတ်တာ လောကဓမ္မတာဖြစ်သည်။ နေ့မြင်ညပျောက် ဆိုတဲ့ဆိုရိုးအတိုင်းပင် လူဘဝဆိုတာ ကွေးသောလက်မဆန့်မည်၊ ဆန့်သောလက်မကွေးမည် အချိန်တိုလေးအတွင်း သေခြင်းတရားနဲ့ ကြံဆုံရတတ်သည်။
YOU ARE READING
Deep Blue (Zawgyi&Unicode)
Romanceရူးနေလောက်အောင်ချစ်ရပါသော ချစ်သူ။ အမှောင်ထဲပိတ်မိနေတဲ့ ငါ့ဘဝအတွက် အလင်းတန်းတစ်ခုဖြစ်ပေးသူ။ အပြာရင့်ရောင်သိပ်ကြိုက်တဲ့ ခဗျားကြောင့် ကျုပ်ပါထိုအရောင်ကို စွဲလမ်းမိပြီထင်တယ်ဗျာ။ မြင်မြင်သမျှ အပြာရောင်တွေချည်းပဲ။ အပြာရောင်ပဲ မြင်နေရမှာပေါ့ ကျုပ်အခုရောက်န...