စားပွဲပေါ်ကိုစိုက်ရောက်နေသော LED မီးအလင်းရောင်သည် ဒီနေ့မှထူးထူးခြားခြား မှိန်နေသည်။
အားမသွင်းရတာကြာလို့ဖြစ်မည်ဟု မင်းခန့်မောင် ကောက်ချက်ချလိုက်သည်။
လွန်ခဲ့သောမိနစ်ပိုင်းလောက်ကမှ ဖြစ်ခဲ့သောအဖြစ်အပျက်တစ်ခုကြောင့် ဇေယျာဟိန်းထက်မျက်နှာ အရင်နေ့တွေကထက် တင်းမာနေသည်။
ထို့ကြောင့် မျက်နှာချင်းမဆ်ိုင်ရဲပဲ မီးရောင်ကိုသာစိုက်ကြည့်နေရသည်။
"မင်းပြော.. သူကတကယ် မင်းကောင်လေးလား.."
မင်းခန့်မော့ကြည့်လိုက်တော့ ဇေယျာဟိန်းထက်၏ တည်ကြည်သောမျက်နှာကိုတွေ့လိုက်ရသည်။
"ဘယ်လိုပဲဖြစ်ဖြစ်...ကိုယ့်တပည့်စကားကိုပဲယုံမှာမို့လို့.. ငါ့ကိုမင်းအမှန်တ်ိုင်းပြောသင့်တယ်..မင်းခန့်.."
မင်းခန့်သက်ပြင်းချလိုက်မိသည်။
ကြောက်လန့်နေမိသော သက်ပြင်း။
စိတ်လှုပ်ရှားနေမိသော
မဝ့ံမရဲဖြစ်နေမိသော
အမျိုးမျိုးသောအကြောင်းစုံကို သက်ပြင်းအဖြစ်မှုတ်ထုတ်လိုက်သည်။
"ဟုတ်ပါတယ်..."
မင်းခန့်အခုပြောလိုက်တဲ့စကားက အလိမ်အညာတစ်ခုလို့ပြောရင်လည်းရသည်။
အမှန်တရားဟုပြောလည်း ရသည်။
မင်းခန့်ရောဇွဲရော တစ်ယောက်ကိုတစ်ယောက် ချစ်နေမိခြင်းကြောင့် ထိုစကားကိုအမှန်တကယ်ဟု ယူဆနိုင်သည်။
"မင်းကအခုမှ ၉တန်းပဲ ရှိသေးတာနော် မင်းခန့်.. နောက်နှစ်ဆို ၁၀တန်း.. အချစ်ရေးတွေကို ခေါင်းထဲထည့်နေရမယ့်အရွယ်မဟုတ်သေးဘူးဆိုတာရော သိရဲ့လား..."
"ကျွန်တော်သိပါတယ်.. ဒါပေမယ့် သူကငယ်ငယ်ကတည်းက ကျွန်တော့်သူငယ်ချင်း.. သူငယ်တန်းကတည်းက ခင်လာတာ...ကျွန်တော်တို့ အချင်းချင်းသိလာတာ နှစ်ပေါင်းမနည်းတော့ဘူး.. အဲ့ဒီတော့ ကျွန်တော်တို့ သံယောဇဉ်ကိုလည်း ဆရာသိမှာပါ.. ပြီးတော့ ကျွန်တော်သူ့ကို တကယ်ချစ်တာ.. ဒါပေမယ့် ဒီအကြောင်းတွေကို မေမေ့ကိုတော့ မပြောပါနဲ့.. ကျွန်တော် တောင်းပန်ပါတယ်..."
ထိုစကားများကို လက်သီးဆုပ်ပြီး မဝံ့မရဲအကုန်ပြောချလိုက်ပြီးမှ မင်းခန့်အသက်ရှုရတော့သည်။
ပြောတုန်းက အသက်အောင့်ပြောခဲ့ရသည်ဖြစ်မည်။
ချွေးစေးများပင်ထွက်လာပြီး စိတ်လှုပ်ရှားနေမိသည်။
ဇေယျာဟိန်းထက် သေချာနားထောင်နေပြီးမှ နားလည်သွားပုံရသည်။
"မင်းတို့ချစ်တာကို ငါမတားပါဘူး.. မင်းပညာရေးထိခိုက်မှာကိုပဲ စိုးရိမ်တာ... မင်းစာမေးပွဲကျရင် ငါပဲနာမည်ပျက်မှာ.."
"ကျွန်တော် သိပါတယ်..အဲ့ဒီအတွက်လည်း ကျွန်တော်ကြိုးစားမှာပါ.. ဆရာ နာမည်မပျက်စေရပါဘူး.."
အဲ့ဒီနေ့စာသင်ချိန်ဟာ ခဏလေးနှင့်ပြီးသွားသလို ခံစားရသည်။
ဘာစာမှရေရေရာရာမသင်လိုက်ရပဲ ကျောင်းဆင်းသွားသလိုပင် ဖြစ်ခဲ့သည်။
ဇေယျာဟိန်းထက်ပြန်သွားတော့ မင်းခန့်မောင် ရင်ထဲပေါ့သွားသလို ထိုင်ခုံမှထလိုက်သည်။
မနက်ခင်းအိပ်ရာထသလို အကြောဆန့်လိုက်ပြီး ထမင်းစားခန်းသို့ထွက်လာခဲ့တော့သည်။
---------------------------------
"သူကဘယ်သူလဲ သွန်း.."
စားသောက်ဆိုင်အပြင်ရောက်သောအခါ ဘုန်းစစ်သွေး နောက်တစ်ကြိမ်ထပ်မေးသည်။
"သူငယ်ချင်းပါဆို..."
မျက်နှာလေးအောက်ငုံ့ပြီး လက်သည်းများကိုခြစ်ရင်းပြောသည်။
အသံမှာ တိုးတိုးလေး။
"သေချာတယ်နော်.."
"အင်း.."
ထိုညဟာ ဘုန်းစစ်သွေးအတွက်စိတ်တိုစရာဖြစ်ခဲ့ပေမယ့် သွန်းပြောသော သူငယ်ချင်းဆိုတာကို လွယ်လွယ်နှင့်ယုံခဲ့သည်။
ချစ်သူသက်တမ်းတစ်လျှောက်လုံးမှာ တစ်ခါမှမညာဖူးခဲ့တဲ့ သွန်းကြောင့် လွယ်လွယ်နှင့်ယုံလိုက်ပြီး အိမ်ပြန်လိုက်ပို့လိုက်သည်။
"မနက်မှတွေ့မယ်နော် ကို.."
"အင်း.. စောစောအိပ်..."
သွန်း အိမ်ရှေ့ကနေ လက်ပြပြီးပြန်ထွက်သွားသော ဘုန်းစစ်သွေးကို ဝရံတာမှကြည့်နေမိသော ရှင်းသန့်မြတ်ပိုင်။
မျက်မှန်မတပ်ထားသောကြောင့် အဝေးမှ ဘုန်းစစ်သွေးနောက်ကျောမှာ ဝိုးတဝါးဖြစ်နေသည်။
ဘုန်းစစ်သွေး ဘာကြောင့်မှန်းမသိ ရုတ်တရက်လှည့်ကြည့်လိုက်မိသည်။
သူ့ကိုအနောက်ကနေ တစ်ယောက်ယောက်ကြည့်နေသလို ခံစားရသလို ကြောက်ကြောက်လန့်လန့်နဲ့လှည့်ကြည့်လိုက်တော့ ဘယ်သူမှမတွေ့။
မီးတွေဖွင့်ထားသော သွန်းအိမ်ထဲကိုကြည့်တော့လည်း အပေါက်ဝတွင်ဖိနပ်ချွတ်ဝင်သွားသော သွန်းကိုသာတွေ့ပြီး အပေါ်မော့ကြည့်လိုက်တော့ ရှင်းသန့်မြတ်ပိုင်ကိုတွေ့လိုက်ရသည်။
မျက်မှန်မတပ်ထားသောထိုကောင်လေး၏ မျက်လုံးမှေးမှေးများကိုတွေ့ပြီး ပြုံးလိုက်သည်။
လက်ကိုအပေါ်သို့မြှောက်ကာဝှေ့ယမ်းလိုက်ပြလိုက်သည်။
ဝိုးတဝါးဖြစ်နေသော်လည်း လှုပ်ယမ်းနေသောလက်များကိုတော့ရှင်းသန့်တွေ့ပါသည်။
သို့သော်လည်း ရှက်ရမ်းရမ်းပြီးမမြင်ချင်ယောင်ဆောင်လိုက်မိသည်။
ချက်ချင်းလှည့်ထွက်ကာ အိမ်ထဲဝင်သွားသော ရှင်းသန့်ကို အောက်မှ ဘုန်းစစ်ကြောင်ကြည့်ကာ ကျန်ခဲ့သည်။
ခေါင်းကုတ်ကာ အိမ်ပြန်သွားပြီး လမ်းတစ်လျှောက်က စဉ်းစားနေမိသည်။
ဘုန်းစစ်ပုံစံက အိမ်ပြန်ပို့သောချစ်သူကောင်မလေးကိုလက်မပြရပဲ သူ့အစ်ကိုကိုမှလက်ပြမိသည့်အဖြစ်။
-----------------------------
###
TBC