နေအလင်းရောင်စူးစူးမျက်နှာပေါ်ကျရောက်လာမှ အသိစိတ်တွေနိုးထတော့ မျက်လုံးမဖွင့်ခင်မှာပင်ခံစားလိုက်ရတာက ခန္ဓာကိုယ်အောက်ပိုင်းကနာကျင်နေမှုရယ် လက်မောင်းပေါ်မှာတခုခုကဖိထားသလိုလေးလံနေမှုရယ်
အလျင်အမြန်ညကဖြစ်ရပ်တွေပြန်တွေးယူမိရင်း လက်မောင်းပေါ်ကအရာတခုကိုသတိရစွာငုံ့ကြည့်မိတော့ Han
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ Han မျက်နှာ့လေးက အရင်လို ခက်ထန်ခြင်းတွေ ထီမထင်ပြုမူတတ်ခြင်းတွေ လှလှပပလှောင်ပြုံးပြုံးတတ်ခြင်းတွေ မရှိတာကြောင့်ဖြူ စင်ကာအပြစ်ကင်းစင်နေလွန်းတယ် ဒီအတိုင်းလေးပဲအမြဲရှိနေပေးရင်သိပ်ကောင်းမှာပဲ Han ရယ်
အညိုရောင်ဖျော့ဖျော့ဆိုးထားတဲ့ Han ဆံနွယ်ထူထူတွေကိုကိုင်စမ်းကြည့်ချင်ဖူးတဲ့ စိတ်ကူးတခုကိုအကောင်အထည်ဖော်စွာ လက်နဲ့ဖွဖွစမ်းပွတ်မိတယ် ကိုယ့်နားမှာအခုလိုလေးအမြဲရှိပေးရင်လဲသိပ်ကိုကောင်းမှာပဲ
တစိမ့်စိမ့် Han ကိုစိုက်ကြည့်နေမိရင်းက Han နိုးလားရင် ဘယ်လိုတွေပြောမလဲ?
အခုလိုအခြေအနေကို Han လက်မခံနိုင်စွာပေါက်ကွဲမည်လား?
မနေ့ညကအဖြစ်အပျက်တွေကိုမမှတ်မိဘဲ ကျွန်တော်အခွင့်အရေးယူသည်ဟု Han စွပ်စွဲမည်လား?
မှတ်မိနေသည်ဆိုဦးတော့ Han လျစ်လျူ ရှုကာမသိချင်ယောင်ဆောင်နေမည်လား?
မည်သို့ပင် Han ဘက်ကသတ်မှတ်ပါစေ အပြစ်ဖွဲ့ပါစေ ကျွန်တော်ကရော ဘာတတ်နိုင်မှာမို့လို့လဲ
အခုလိုတွေတွေးမိပြန်တော့ Han ဆီကဘယ်လိုစကားမျိုးကိုမှကျွန်တော်နားမထောင်နိုင်ပြန်ပါ ဘာမှမပြောရင်အကောင်းဆုံးပဲ Han ရယ် Han ဘာမှမပြောပါနဲ့။
စိတ်ကူးတွေနဲ့ကြိုတင်စိုးထိတ်နေခြင်းကို ခနရပ်တန့်ကာ လက်မောင်းပေါ်က Han ခေါင်းလေးကို ခေါင်းအုံးပျော့ပျော့လေးပေါ်ချပေးလိုက်ပြီး ကျွန်တော်ရေချိုးခန်းထဲဝင်လိုက်တယ် ပြီးရင် ညကအမူးလွန်နေတဲ့ Han အတွက် အမူးပြေသောက်စရာတခုခုပြင်ပေးဦးမှပါလေ
ရေချိုးခန်းမှန်မှာမြင်နေရတဲ့ကျွန်တော့်လည်တိုင်အောက်နားကအမှတ်အသားလေးတခုကိုကြည့်ရင်း ကျွန်တော်ကျေနပ်ရမည်လား နာကျင်ရမည်လား မသေချာပြန် "Hun" ဆိုတဲ့ Han ခေါ်သံလေးကိုပြန်ကြားယောင်မိတော့ အလိုလိုပြုံးမိပြန်တယ် ကျွန်တော့်အစိတ်အပိုင်းတခုချင်းအပေါ် Han အနမ်းခြွေခဲ့တာတွေ မျက်လုံးစုံမှိတ်ကာပြန်ပုံဖော်မိတော့ အခုမှရှက်စိတ်ကဖျန်းကနဲ
Han တကယ့်စိတ်ရင်းနဲ့မဟုတ်ဘဲ ဒီအတိုင်းဆေးရှိန်ကြောင့်သတိလက်လွတ်ဖြစ်သွားပါတယ်ဆိုရင်ရော~~
ဆက်တွေးမိရင်နာကျင်ရဦးမည်မှာသေချာတာကြောင့် ခေါင်းခါကာပူလောင်စေမယ့်အတွေးတွေကိုမောင်းထုတ်ရင်းအမြန်ရေချိုးပြီးပြန်ထွက်ခဲ့လိုက်တယ်
ကျွန်တော်ထွက်လာတော့ Han ကနိုးနေပြီ
ကုတင်ပေါ်မှာသတိမကပ်သလို ထိုင်နေတဲ့ Han ပုံစံက အခုမှဘာတွေဖြစ်ခဲ့လဲပြန်စဉ်းစားနေပုံ
"Han ခေါင်းကိုက်နေလား ခနစောင့်နော် ကိုယ်အခုပျားရည်သွားဖျော်ပေးမယ်"
ကျွန်တော့်ဘက်က ရှိုးတို့ရှန်းတန်းလုပ်ပြနေရင် Han အနေရခက်မှာစိုးတာကြောင့် ပုံမှန်အတိုင်းဖြစ်အောင် ကြိုးစားကာ မီးဖိုချောင်ထဲပြေးပြီး ပျားရည်တခွက်အမြန်ဖျော်မိတယ်
"ဒါလေးသောက်လိုက် Han "
လှမ်းပေးထားတဲ့ ကျွန်တော့်လက်ထဲက ခွက်ကိုယူရင်းမဝံ့မရဲမော့ကြည့်လာတဲ့ Han မျက်ဝန်းတွေမှာ အားနာတာလား ငြင်းဆန်ချင်တာလားမသိတဲ့အရိပ်အယောင်တွေ
"ပြီးရင်ရေချိုးလိုက်နော် Han သွားတိုက်တံလဲအသစ်တချောင်းရှိလို့ကိုယ်အဆင်သင့်လုပ်ပေးထားတယ် ပြီးရင်အဝတ်အစားလဲထုတ်ပေးထားခဲ့မယ် Han ဗိုက်ဆာတယ်မှတ်လား ကိုယ်တခုခုသွားချက်လိုက်ဦးမယ်နော်"
စိတ်လှုပ်ရှားနေတာကိုထိန်းထားရတာကြောင့် ကျွန်တော်အရင်ထက်စကားတွေပိုများမိနေသည်လားမသိ တဒုန်းဒုန်းနဲ့မထိန်းနိုင်အောင်ခုန်နေတဲ့နှလုံးသားကြောင့်အသံတွေပါတုန်ရင်ချင်နေတယ် အဲ့လောက်ထိဖြစ်မနေနဲ့လေ Oh Sehun ရယ်
"Sehun ငါ"
Han စကားစလာသည်ကို မကြားချင်ယောင်ဆောင်ကာ အခန်းထဲကအမြန်ထွက်လာမိတယ်
ကျွန်တော် Han ဘက်က ဘယ်လိုစကားမျိုးဆိုလာပါစေ နားမထောင်ရဲသေးဘူးလေ Han စကားတွေကိုစိတ်အေးအေးနဲ့လက်ခံပေးနိုင်သေးတဲ့အခြေအနေမဟုတ်ဘူး
နာရီဝက်လောက်ကြာတော့ ကျွန်တော်ရှိရာမီးဖိုချောင်ထဲ Han ရောက်လာတယ်
ကျွန်တော်ထုတ်ပေးခဲ့တဲ့ sport shirt အဝါရောင်လေးက Han နဲ့အနည်းငယ်ပွနေပေမယ့် Han အသားအရည်ဝင်းဝင်းလေးနဲ့လိုက်ဖက်စွာပနံသင့်နေသလို ဘောင်းဘီတိုလေးဝတ်ထားတာကြောင့် ပီဘိကလေးလေးတယောက်လို
ချစ်ဖို့ကောင်းလိုက်တာ Han ရယ်
"လာထိုင် Han အချိန်သိပ်မရလို့ကိုယ်ဘာမှသေချာမလုပ်လိုက်ရဘူး ထမင်းကြော်ပဲဖြစ်သွားတယ် ပြီးတော့ ဒီမှာ Han ကြိုက်တဲ့ကော်ဖီခါးခါး"
"ငါ မင်းကို ပြောစရာ~~"
ရီဝေဝေကြည့်ရင်းပြောလာတဲ့ Han စကားကိုအပြုံးတခုနဲ့ထိန်းကာတုံ့ပြန်ရင်းစကားလွှဲမိပြန်တယ်
"အရင်စားလိုက်ပါလား Han နောက်မှ ~~ ကိုယ်တို့နောက်မှစကားပြောတာပေါ့"
ကျွန်တော့်ကို Han ကမျက်ခုံးတချက်ကြုံ့ကြည့်ကာ သက်ပြင်းချရင်း စားပွဲမှာဝင်ထိုင်တယ်
အခုလို ကျွန်တော်ပြောသမျှ Han လက်ခံနားထောင်ပေးတနဲ့တင် ကျွန်တော်စိတ်ကျေနပ်ပြီး ဒီအတိုင်းလေးရှိနေတဲ့အချိန်ကိုလောဘကြီးချင်မိလာပြန်တယ်
Han တခုခုပြောလိုက်လို့ ဒီအခြေအနေလေးပျက်သွားမှာကိုကျွန်တော်လုံးဝမလိုလား။
"Han ဒီနေ့ကျောင်းသွားဦးမှာလား ခေါင်းမကြည်ရင်တရက်နားလိုက်လေ ကိုယ်အိမ်ပြန်လိုက်ပို့ပေးမယ်"
တို့ထိ တို့ထိ နဲ့စားနေသော Han ကိုအားမရတာကြောင့် သူ့စိတ်ထဲဘာတွေများရှုပ်နေလို့လဲ မနေ့ကမိန်းကလေးတွေကိုတွေးမိနေလားဟူ၍ သူအာရုံပြောင်းရန်စကားစမိပြန်တယ်
ကျွန်တော့်ဘက်ကိုတော့ Han ကယောင်လို့တောင်စဉ်းစားပေးမည်မှမဟုတ်ဘဲ
တခါတလေကျပြန်တော့လဲ လောကကြီးက အင်းး တကယ်တော့ Han ဘက်ကမတရားသလိုခံစားမိတတ်သည် ဒီလောက်ထိကျွန်တော့်ဘက်က ချစ်ပြပေး ဂရုစိုက်ပြပေး အလိုက်တသိနေပြပေး အစွန်းဆုံး ဒီလောက်အနစ်နာခံပေး ပြုသမျှနုပေးနေတာတောင် ကျွန်တော့်ဘက်ကိုတချက်မကြည့်ပေးဘူးဆိုလျှင်တော့ Han ဘက်ကတရားလွန်သည်ဟု ပြောလို့ရသည်မဟုတ်လား
ဒါပေမယ့်လဲ ကျွန်တော်မှ Han ကိုအပြစ်မမြင်ရက်တာ။
"Sehun ငါပြောစရာရှိတယ်"
"မနေ့က ဟိုနှစ်ယောက်လား ကိုယ်သူတို့ကိုသတိပေးထားပြီးပြီ Han ဘာမှစိတ်မပူနဲ့"
"မဟုတ်ဘူး Sehun ငါပြောချင်တာက"
"စားစရာတွေအေးစက်ကုန်တော့မယ် Han ဗိုက်မဆာဘူးလား ဒါဆိုကော်ဖီလေးပဲသောက်လိုက်လေ"
"Oh Sehun ငါ့ကိုစကားပြောခွင့်ပေးပါဦး"
Han အော်သံလိုက်အဆုံးမှာ တောင်စဉ်ရေမရလျှောက်ပြောနေတဲ့ကျွန်တော့်စကားတွေရပ်တန့်သွားသလို Han ဆီကဘယ်လိုစကားများထွက်လာမလဲဆိုပြီးစိုးရိမ်စိတ်နဲ့ ခြေဖျားလက်ဖျားတွေချက်ချင်းအေးစက်လာကာ ရင်ထဲတထိတ်ထိတ်
ဝင်လေထွက်လေကိုပုံမှန်ဖြစ်အောင်ရှူ သွင်းရှူ ထုတ် Han သတိမထားမိအောင်ခိုးလုပ်မိရင်း မီးမြိုက်သလိုပူတတ်လာတဲ့စိတ်တွေကိုလျော့ချနေမိတယ်
"Han နောက်မှပြောလို့မရဘူးလား"
"ငါအခုပြောချင်တာ Sehun"
ကျွန်တော့်မျက်လုံးတွေကိုစူးစိုက်ကြည့်လာတဲ့ Han မျက်နှာမှာပြတ်သားမှုတွေအတိုင်းသား
Han ရဲ့ထိုသို့သောမျက်နှာဘေးကကျွန်တော့်ကိုပိုမိုထိတ်လန့်စေသည်
"Han~~"
"ငါသိပ်နောင်တရတယ် Sehun"
မျက်ရည်တွေဝဲတတ်လာတဲ့ မျက်လုံးရွဲကြီးတွေနဲ့ Han ပြောတော့ Han စကားအဓိပ္ပာယ်ကိုနားမလည်သေးတဲ့ကျွန်တော် အကြောင်သား Han ကိုကြည့်နေမိတယ်
အဲ့ဒီမျက်ရည်တွေကဘာအတွက်လဲ Han ဘာကြောင့်လဲ
"ငါမင်းကိုလှမ်းမဆက်သွယ်ခဲ့သင့်ဘူး"
မျက်ရည်တပေါက် ပါးပြင်ပေါ်စီးကျရင်း Han ပြောတော့ အရူးလိုကျွန်တော် Han မျက်ရည်တွေမသုတ်ပေးမိသေး
ဘာလဲ Han ရယ် မင်းတကယ်ပဲဘာကိုပြောချင်တာလဲ
"မနေ့ညကအဖြစ်အပျက်တွေကို Han နောင်တရတယ်လား အဟက် စိတ်မပူပါနဲ့ Han မင်းတာဝန်ယူရလောက်တဲ့ကိစ္စတွေဖြစ်လာမှာမှမဟုတ်တာ ကိုယ်လဲယောကျာ်းတယောက်ပဲလေ"
မသိစိတ်ထဲကိန်းဝပ်နေတဲ့ မာနတခုလို့ပြောရမလား ကိုယ့်ကိုကိုယ် ဒီလိုစိတ်ပျက်စရာကိစ္စမျိုးနဲ့ သူများအမြင်မှာ အထင်သေးမခံချင်တဲ့ အတ္တတခုကြောင့်ပြောရမလား Han ကိုကျွန်တော်ထိုသို့ရင့်သီးစွာခွန်းတုံ့ပြန်မိပြန်တယ်။
{update မဆိုစလောက်လေးကြာသွားသလို အရေးအသားညံ့သွားခဲ့ရင် အားနာပါတယ်လို့ 😞😞ရေးရင်းတယောက်ထဲတိုင်ပတ်နေလို့ပါ😂😂}