ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V9 Chapter 33 - ဖက်ဒရေးရှင်းကလား
အိုခီနာဝါကျွန်းက မဟာမိတ်တပ်တွေ ထူးဆန်းတဲ့ ဂြိုဟ်သားတချို့ကို ဖမ်းမိတယ်ပြောတုန်းက မက်ဒါနာက အီးတီလိုမျိုးရုပ်ဆိုးမယ် ထင်ထားတာ။ တကယ်ရောက် လူသားတွေနဲ့သိပ်မကွာဘဲ အစိမ်းရောင်အသားအရေရှိတဲ့ လူနှစ်ယောက်နဲ့ မြင်နေကျ နတ်သူငယ်မလေးထက် နည်းနည်းကြီးတဲ့ နတ်သူငယ်နှစ်ယောက်ပဲ တွေ့ရတာရယ်။
"မင်းတို့ ဖက်ဒရေးရှင်းက ကောင်စစ်ဝန်ကို ဒီလိုပဲဖမ်းလို့ရသလား။ တော်တော် ယဥ်ကျေးမှုမရှိတဲ့ဂြိုဟ်ပဲ။" (ဖက်ဒရေးရှင်းဘုံဘာသာစကားဖြင့်။)
မက်ဒါနာက သူ့ရှေ့ရောက်လာတဲ့ နားရွက်ချွန်ချွန် ဆံပင်ရွှေရောင်နဲ့ နတ်သူငယ်အကြီးကောင်ရဲ့လူသားတွေနားမလည်နိုင်တဲ့ စကားတွေကို နားထောင်နေရင်းနဲ့ သန်းဝေလိုက်တယ်။ အခုမက်ဒါနာက နယူးယောက်က မဟာမိတ်အကျဥ်းထောင်တစ်ခုထဲမှာပါ။ တခြားဂြိုဟ်သားသုံးယောက်က ထောင်နံရံမှာကပ်ပြီး တိတ်ဆိတ်စွာငိုကြွေးနေကြပေမဲ့ ခေါင်းဆောင်ဖြစ်ပုံပေါ်တဲ့ နားရွက်ချွန်ကောင်ကတော့ အခုထိအော်ဟစ်ပြောဆိုနေဆဲပဲ။
"ကြည့်ရတာ ဒီကောင်က အရူးထင်တယ်။" မက်ဒါနာက သူ့ပါးလေးကိုသူ လက်ညိုးနဲ့ထောက်ပြီးတော့ ကောက်ချက်ချလိုက်တယ်။ ဘေးမှာပါလာတဲ့ အေမီကလည်း တခိခိရယ်မောလိုက်ပြီးတော့ ထောက်ခံပါတယ်။
"သခင်မလေးကောက်ချက်ချတာ လွဲခဲပါတယ်ရှင့်၊ ဒီဂြိုဟ်သားက တကယ်ပဲ ရူးနေတာဖြစ်မှာပါ။"
နတ်သူငယ်ကတော့ သူတို့နှစ်ယောက် စကားပြောရင်း ရယ်မောနေတာကိုကြည့်ရင်း ရှက်ပြီးမျက်နှာနီမြန်းလာပါလေရော။ သူက စိတ်ဆိုးမာန်ဆိုးနဲ့မက်ဒါနာတို့ကို လက်ညိုးထိုးပြီး အော်ဟစ်တော့တာပဲ။
"ဟေ့၊ မင်းပြောတာ ငါနားမလည်ဘူးဆိုပြီးတော့ ပြောချင်တာပြောလို့ရမလားကွ။ မင်းတို့ငါ့ကို လှောင်ရယ်နေမှန်း မင်းတို့ကိုကြည့်ရုံနဲ့ သိတယ်ကွ။" (ဖက်ဒရေးရှင်း ဘုံဘာသာစကား။)
နတ်သူငယ်ကောင်က လူနားမလည်တဲ့စကားတွေပြောပြီး ဒေါသထွက်လေ မက်ဒါနာတို့ အူတက်ပြီးရယ်လေပါပဲ။ ခဏလောက်ကြာတော့ ထောင်ရဲ့လုံခြုံရေးတံခါးပွင့်လာပြီး အရပ်ပုပုနဲ့နတ်သူငယ်မလေး ဝင်လာပါတယ်။
"အား... နေ့တိုင်းစစ်မြေပြင်ကို ကြီးကြပ်နေရတာ စိတ်ပျက်ဖို့ကောင်းပါတယ်ဆို၊ အရှုပ်ထုတ်တွေက ပေါ်လာပြန်ပြီ။"
မက်ဒါနာနဲ့အေမီက ဝင်လာတဲ့ ဆိုဖီယာကို ပြိုင်တူလှည့်ကြည့်လိုက်တယ်။ မက်ဒါနာက ဆိုဖီယာကို လက်ပြပြီး နှုတ်ဆက်တယ်။ ဆိုဖီယာကတော့ တုတ်ထိုးသကြားလုံးကို ပါးစပ်ထဲငုံထားရင်းကနေ ပြန်ပြီးနှုတ်ဆက်တယ်။ ဆိုဖီယာကို မြင်မြင်ချင်းမှာပဲ ဟိုနတ်သူငယ်က မျက်လုံးထဲကနေပြီး မျက်ရည်တွေစီးကျလာတော့တာပဲ။ နောက်တော့ နာမည်တစ်ခုလို့ယူဆရတဲ့ စကားလုံးကို ထပ်ခါထပ်ခါရေရွတ်ပြီး အော်ဟစ်နေတော့တာပဲ။
"အို့... ဖက်ဒရေးရှင်းကကောင်တွေလား၊ ဒါကြောင့် နင်တို့ငါ့ကို ပြန်ခေါ်လိုက်တာကိုး။" ဆိုဖီယာက လိုလီပေါ့ကို ပါးစပ်ထဲက ထုတ်လိုက်ပြီးတဲ့နောက် စိတ်ရှုပ်နေတဲ့ပုံနဲ့ ခေါင်းကိုခါယမ်းလိုက်တယ်။ အဲဲဒီနောက်တော့ သူက မက်ဒါနာကို အနားလာဖို့ လက်ကိုယပ်ခေါ်တယ်။
"အင်း၊ ဆိုဖီယာ။ ဘာဖြစ်လို့လဲ။" မက်ဒါနာက ဆိုဖီယာနားကိုကပ်ပြီး မျက်လုံးချင်းယှဥ်စကားပြောဖို့အတွက် ဒူးကိုညွှတ်ပြီး ခါးကိုနည်းနည်းကိုင်းလိုက်တယ်။ ဆိုဖီယာကတော့ လက်ညိုးလေးကို ဆန့်ထုတ်ပြီး ပြောလိုက်လေရဲ့။
"သူက ဖက်ဒရေးရှင်ဘုံဘာသာစကားနဲ့ပြောနေတာ။ ရိုးရှင်းပေမဲ့ နင်တို့ကမ္ဘာမှာမရှိတဲ့ ဟာပဲ။ နင့်ကို စိတ်ဝိညာဥ်ချင်းထိစပ်ပြီး သင်ပေးလိုက်မယ်။"
ဆိုဖီယာရဲ့လက်ညိုးက မက်ဒါနာရဲ့နဖူးကိုထိပြီးမကြာခင်မှာပဲ မက်ဒါနာရဲ့ဦးနောက်ထဲကို အချက်အလက်တွေ များစွာစီးဝင်လာပါတယ်။ စကြဝဠာတစ်ခုလုံးမှာ လှည့်ပတ်သွားလာနေတဲ့ မျိုးနွယ်တစ်ခုရဲ့ဘာသာစကားဖြစ်လို့ ဝေါဟာရတွေက အများကြီးကျယ်ပြန့်ပြီး သင်ယူရခက်တယ်။ ဒါပေမဲ့မက်ဒါနာမှာ ဓာတ်ပုံဦးနောက်ရှိတဲ့အတွက်ကြောင့် ပြဿနာမရှိပါဘူး။
မကြာခင်မှာပဲ မက်ဒါနာရဲ့အကြားအာရုံက ရှင်းလာပြီး ငိုယိုနေတဲ့ နတ်သူငယ်ကောင် အော်ဟစ်နေတဲ့ စကားကို နားလည်လာတော့တယ်။
"ညီမလေး... ညီမလေး ရုဖီနာ။ ရုဖီနာ... အစ်ကိုကြီးကို ဒီကြောက်စရာကောင်းတဲ့ကောင်တွေလက်ထဲကနေ လွတ်ပေးပါ။"
"ရုဖီနာ... ဘယ်သူကြီးလဲ။" မက်ဒါနာက ခေါင်းကိုစောင်းလိုက်တယ်။ ဆိုဖီယာကတော့ မတူသလိုမတန်သလို ပုံစံနဲ့ နတ်သူငယ်ကောင်ကို ကြည့်လိုက်ပြီးတဲ့နောက် ရှေ့ကိုတက် ထောင်သံတိုင်တွေကို တစ်ချက်လောက်ကန်ပြီး ပြောလိုက်ပါလေရော။
"အရူးကောင်အီဂို၊ နင့်အတွက်စိတ်မကောင်းပေမဲ့ ရုဖီနာမရှိတော့တာ နင်သိပြီးသားမဟုတ်လား။ ငါက ဆိုဖီယာပဲ၊ နင့်အသံဆိုးကြီးကို အကုန်လုံးကြားရတာစိတ်ကုန်နေပြီမလို့ တိတ်လိုက်တော့။"
ဒီတော့ အီဂိုဆိုတဲ့နတ်သူငယ်ကောင်လည်း ဖင်ထိုင်လျက်ကျသွားပြီး ဒူးကိုကွေး သူ့ဒူးသူဖက်ပြီး ငိုတော့တာပဲ။ မက်ဒါနာကတော့ အဲဒီလူကို ကြည့်နေရင်းကနေ အေမီကို သတိရလာပြီး အေမီကိုလက်ယပ်ခေါ်လိုက်တယ်။
"ဟုတ်သားပဲအေမီ၊ နင့်ကို ငါဖိုင်ကူးပေးရဦးမယ်။"
မက်ဒါနာကလည်း ဆိုဖီယာလုပ်သလိုပဲ လက်ညိုးတစ်ချောင်းကို ဆန့်ထုတ်ပြီး အေမီရဲ့နဖူးကို ချိန်လိုက်တယ်။ အေမီကတော့ ရှေ့ကိုတစ်လှမ်းတိုးလိုက်ပြီး သူ့နဖူးနဲ့မက်ဒါနာလက်ညိုး ထိမိတာသေချာအောင်လုပ်တာပေါ့။ နောက်တော့ မက်ဒါနာရဲ့မျက်လုံးတွေက ငွေရောင်တစ်ချက်လက်သွားပြီး အေမီရဲ့မျက်လုံးထဲက မှန်ဘီလူးတွေကတော့ အလျင်အမြန်ရွေ့လျားသွားတယ်။
"ဒီတော့ ကျွန်မတို့နှစ်ယောက်လုံး ဖက်ဒရေးရှင်းဘာသာစကား တတ်သွားပြီလား။ သခင်မလေးရဲ့နည်းပညာချုပ်ကိုင်ခြင်းစွမ်းအားက အံ့မခန်းပဲ။"
အေမီကတော့ ဖက်ဒရေးရှင်းစကားနဲ့ အကြောင်းမရှိအကြောင်းရှာပြီး မက်ဒါနာကို ချီးကျူးလိုက်တယ်။ မက်ဒါနာကိုယ်တိုင်ကတော့ နတ်သူငယ်ကောင်ကို လှည့်ကြည့်ကာ ဆိုဖီယာကို ရှင်းပြတယ်။
"နင်က စစ်မြေပြင်မှာ ကျန်နေခဲ့တာဆိုတော့ မသိလောက်သေးဘူးထင်တယ်။ ငါနဲ့အေမီ စစ်မြေပြင်မှာ လေ့ကျင့်ပြီးလို့ပြန်တော့ လန်ဒန်ကနေ သတင်းဝင်လာတယ်လေ။ ဂျပန်ကာကွယ်ရေးတပ်က အိုခီနာဝါမှာ သောင်းကျန်းနေတဲ့ အမည်မသိဂြိုဟ်သားတွေကိုဖမ်းမိပြီး ငါတို့ဆီပို့လိုက်တယ်တဲ့လေ။"
ဆိုဖီယာက ခေါင်းညိတ်လိုက်ပြီး အီဂီကို ဖက်ဒရေးရှင်းစကားနဲ့ စကားစပြောတယ်။ "အီဂို၊ နင့်ရောက်နေတာ ကမ္ဘာဂြိုဟ်ပဲ။ ဖက်ဒရေးရှင်းအစည်းအဝေးမှာ ကမ္ဘာဂြိုဟ်ကို တရားဝင်သံတမန်အဖြစ် ခန့်အပ်ခံရတဲ့ ငါကလွဲပြီး ဝင်မလာဖို့ ပြောခဲ့ပြီးသားလေ။ နင်က ဘာလို့ဝင်လာတာလဲ။"
အီဂိုက မြေပြင်ကို စိုက်ကြည့်နေဆဲပဲ။ နောက်မှ အီဂိုက စကားကို ဖြည်းဖြည်းချင်းပြောတယ်။ "ငါက နင်တို့နယ်ထဲ ပိုးဟပ်ဗိုလ်ချုပ်ဝင်လာလို့လိုက်ရင်းကနေ ယာဥ်ပျံပျက်ကျရုံပါ။"
အီဂိုက ဖက်ဒရေးရှင်းစကားနဲ့ပြောလိုက်တာဖြစ်ပေမဲ့ မက်ဒါနာတို့သုံးယောက်လုံးမှာ နားလည်နိုင်စွမ်းရှိနေပြီးသားမလို့ မက်ဒါနာက မေးကိုပွတ်ပြီးစဥ်းစားလိုက်တယ်။
"တကယ်ပဲ အဲဒီလိုကိစ္စရှိတာလား၊ အေမီ။" မက်ဒါနာက အေမီကိုကြည့်တော့ အေမီကလည်း ဂိုင်ယာနဲ့ဆက်သွယ်ပြီး အချက်အလက်တွေကို စီစစ်လိုက်ပါတယ်။ စက္ကန့်ပိုင်းအတွင်းမှာပဲ နှစ်ဖက်လုံးနားလည်စေဖို့ ဖက်ဒရေးရှင်းဘာသာစကားနဲ့ပြောတယ်။
"ဟုတ်ပါတယ်ရှင့်၊ မမလေး။ အိုခီနာဝါမှာ လုံခြုံရေးကင်မရာတွေသိပ်မရှိပေမဲ့ ဂြိုဟ်တုဓာတ်ပုံတွေအရတော့ သူတို့ယာဥ်ပျံပျက်ကျခဲ့တဲ့နေရာမှာ ပိုးကောင်ဗိုလ်ချုပ်တစ်ယောက်ရဲ့လှုပ်ရှားမှုရှိတယ်။ အိုခီနာဝါမဟာမိတ်တပ်တွေကလည်း ပိုးဟပ်ဗိုလ်ချုပ်ရဲ့ပုံကိုဓာတ်ပုံရိုက်ယူထားသေးတယ်။ လိပ်နက်ကလည်း သူ့နောက်ကို လိုက်နေပါတယ်။"
"ပိုးဟပ်ဗိုလ်ချုပ်လား။ မက်၊ လယ်ရီ၊ မိုးတို့ရဲ့မျိုးနွယ်စုခေါင်းဆောင်ဖြစ်ပြီး အရင်ပိုးကောင်ဘုရင်မရဲ့နောက်လိုက်ပေါ့။"
မက်ဒါနာနဲ့အေမီတို့က ဖက်ဒရေးရှင်းစကားနဲ့ပဲပြောနေကြသေးတဲ့အတွက် အီဂိုလည်းနားလည်နေတယ်။
"ဖက်ဒရေးရှင်းကတော့ သူတို့ကို စီနီယာဗိုလ်ချုပ်တွေလို့ခေါ်ကြတယ်။ ဒါပေမဲ့ မင်းတို့က ငါလိုကောင်စစ်ဝန်တစ်ယောက်ကို ဘယ်အချိန်ထိ ချုပ်ထားကြဦးမှာလဲ။"
...
ဒီလိုနဲ့မက်ဒါနာတို့အုပ်စုက ကောင်စစ်ဝန်အီဂိုနဲ့ သူ့လူတွေကို ထောင်ကနေထုတ်လာပြီး ကျောင်းကိုခေါ်လာတယ်။ အီဂိုကတော့ ခပ်ငြိမ်ငြိမ်ပါပဲ။ မြို့ပြတွေရဲ့တိုးတက်မှုကို အံ့ဩတဲ့ပုံမပေါ်ဘူး။ ဖက်ဒရေးရှင်းက ကမ္ဘာထက်စာရင် နည်းပညာအရပိုတိုးတက်တာတော့အမှန်ပါ။
ကျောင်းကိုရောက်တော့ အေမီက တခြားအဖွဲ့ဝင်တွေကို လွတ်နေတဲ့ ကျောင်းသားအဆောင်တွေထဲမှာ နေရာချပေးခဲ့ပြီး အီဂိုကိုတော့ ဝန်ထမ်းဆောင်က ကျောက်စားပွဲလေးဆီ ခေါ်သွားဖြစ်တယ်။ အဲဒီမှာပဲ ဆက်ပြီးစကားပြောဖြစ်ကြတယ်ဆိုပါတော့။
"ဒီတော့ အစကနေ ပြန်မိတ်ဆက်ကြတာပေါ့။ ကျွန်တော့်နာမည်က အီဂိုပါ။ ဖက်ဒရေးရှင်းရဲ့အာကာသနတ်သူငယ်တွေကို ကိုယ်စားပြုတဲ့ ကောင်စစ်ဝန်ပါ။"
အီဂိုက သူ့ညာလက်ကို ဘယ်ဖက်နှလုံးပေါ်တင်ပြီး နှုတ်ဆက်တယ်။ မက်ဒါနာကလည်း ခေါင်းညိတ်လိုက်ပြီး သူ့ကိုယ်သူ ဖက်ဒရေးရှင်းစကားနဲ့ပြန်ပြီးနှုတ်ဆက်ပါတယ်။
"ငါကတော့ မက်ဒါနာ၊ ဒီကျောင်းရဲ့ကျောင်းအုပ်နဲ့မဟာမိတ်မစ်ရှင်အဖွဲ့ရဲ့ခေါင်းဆောင်ပါ။" မက်ဒါနာက သူ့ဂုဏ်ပုဒ်အပြည့်ကို ပြောချင်တဲ့ပုံမပေါ်ပေမဲ့ အေမီကတော့ မကျေမနပ်နဲ့ ဘေးကနေပြီး မက်ဒါနာရဲ့ဘွဲ့နာမည်အပြည့်အစုံကို ပြောပြလိုက်ပါတယ်။
"ကျွန်မတို့ မမလေးက ဆုဗာနာနိုင်ငံရဲ့မင်းသမီးလည်းဖြစ် ဂုဏ်ထူးဆောင်စစ်သေနာပတိလည်းဖြစ်ပါတယ်။"
အီဂိုကတော့ နားမလည်နိုင်တဲ့ပုံစံမျိုးနဲ့ မက်ဒါနာတို့ကို ပြန်မေးပါတယ်။ "နိုင်ငံ... မင်းတို့ဂြိုဟ်မှာက ကမ္ဘာ့အစိုးရမရှိသေးဘူးလား။"
ဆိုဖီယာက ခေါင်းခါလိုက်ပြီးတော့ အီဂိုကို လက်ယပ်ခေါ်တယ်။ အီဂိုကတော့ ဆိုဖီယာကို သဘောတကျနဲ့ကြည့်လိုက်ပြီးတော့...
"အင်း၊ ညီမလေးရုဖီနာ။ အစ်ကိုကြီးကို ဘာပြောမလို့လဲ။"
ဆိုဖီယာကတော့ ဒေါသတကြီးနဲ့ အီဂို့နဖူးကိုတောက်ချလိုက်တယ်။
"အာ့... သေပါပြီဗျ။" အီဂိုက သူ့နဖူးကိုနာကျင်စွာနဲ့ ဆုပ်ကိုင်လိုက်ပေမဲ့ သိပ်မကြာခင်မှာပဲ သူ့ခေါင်းထဲကို အချက်အလက်တွေဝင်လာတာကြောင့် တည်ငြိမ်သွားပါတယ်။
"နားလည်ပြီ၊ ဒီကမ္ဘာမှာ ကမ္ဘာ့အစိုးရမရှိသေးဘူးပဲ။ နိုင်ငံပေါင်းစုံက ပိုးကောင်တွေကိုခုခံဖို့ မဟာမိတ်ဖွဲ့ထားတာပဲရှိသေးတာပေါ့။ ဒါပေမဲ့ မင်းတို့မစ်ရှင်အဖွဲ့က ငါတို့ဖက်ဒရေးရှင်းကောင်စီနီးပါး စွမ်းအားကြီးတယ်ပေါ့။"
ဆိုဖီယာက ခေါင်းညိတ်လိုက်ပြီး မက်ဒါနာဘက်ကိုလှည့်ကာ ပြောလိုက်တယ်။ "ဒီအရူးကောင်က အခုငါသုံးနေတဲ့ ခန္ဓာကိုယ်ပိုင်ရှင်ရဲ့အစ်ကိုပဲ။ ရုဖီနာက အခုအနားယူသွားပြီဖြစ်တဲ့ ကောင်စစ်ဝန်ဟောင်းဇန်မာရဲ့အငယ်ဆုံးသမီး။ ငါနဲ့ငယ်ငယ်ကတည်းက ခင်လာကြတာ။ လူတိုင်းက ဇန်မာကိုဆက်ခံမယ့်သူ ထင်ခဲ့ကြပေမဲ့ တစ်နေ့တော့...."
"ညီမလေးက ဖက်ဒရေးရှင်းမှာတောင် ကုရခက်ပြီး ရှားပါးတဲ့အသက်ဓာတ်ယိုစိမ့်မှုရောဂါနဲ့ သေဆုံးသွားခဲ့တာ။ သူမသေခင် ဆိုဖီယာကို သူ့ခန္ဓာကိုယ်ပေးခဲ့တယ်လေ။ အသုံးမကျတဲ့ကျွန်တော်ကတော့ သူ့အစား ကောင်စစ်ဝန်ဖြစ်လာတာပဲ။ ဒါပေမဲ့..."
အီဂိုက တကယ်အတည်ပေါက်နဲ့ပြောနေတာမလို့ မက်ဒါနာတောင်မှ နည်းနည်းဝမ်းနည်းချင်သွားပါတယ်။ ခက်တာက အကောင်းထိုင်နေရာကနေ အီဂိုက ဆိုဖီယာနောက်ထသွားပြီး နတ်သူငယ်မလေးရဲ့ချိုင်းကမြှောက်ကစားတော့တာပဲ။
"အနည်းဆုံးတော့ ဆိုဖီယာက ငါ့ညီမလေးရဲ့ခန္ဓာကိုယ်ကို အသက်ရှင်အောင်ထားပေးနေတာမလို့ ညီမလေးလို့ပဲဆက်ခေါ်လို့ရတယ်မဟုတ်လား။"
"ဟဲ့ဟဲ့.... ငါ့ကိုပြန်ချပေးစမ်း။ ရွံစရာကောင်းတဲ့ ညီမကြိုက် လိုလီကွန်းကောင်ရဲ့။"
မက်ဒါနာလည်း သူတို့ကိုကြည့်နေရင်းကနေပြီး ခပ်ဟဟ ရယ်မောလိုက်မိတယ်။ အီဂိုက ရယ်မောနေပြီး ဆိုဖီယာကို ချီမြှောက်နေပေမဲ့ သူ့မျက်လုံးတွေထဲမှာ ရယ်မောနေတဲ့ အရိပ်အယောင်ကိုမတွေ့ရတဲ့နောက်တော့ ရယ်မောနေတာကို ရပ်လိုက်လေရဲ့။
'ဒီကောင်က သူ့ခံစားချက်တွေကို ဖုံးကွယ်ထားတတ်တဲ့ လူမျိုးပဲ။' အေမီကလည်း မက်ဒါနာရဲ့အကြည့်တွေပြောင်းလဲသွားတာ သတိထားမိတယ်။ ဒါကြောင့် ဘေးကနေ ရပ်နေရင်းကနေ မေးလိုက်ပါတယ်။
"မမလေး၊ နေလို့မကောင်းဘူးလား။"
မက်ဒါနာက အေမီကို ပြုံးပြလိုက်ပြီး "ဘာမှမဖြစ်ပါဘူး။ နေနည်းနည်းပူလို့ ဖရဲသီးဖျော်ရည်သောက်ရင်ကောင်းမလားလို့ တွေးနေတာပါ။"
"အင်းနော်..." အေမီကလည်း မိုးကောင်းကင်ကြီးကို မော့ကြည့်ပြီး ခေါင်းညိတ်တယ်။ အီဂိုကတော့ ဆိုဖီယာကို ပြန်ချထားလိုက်ပြီး သူတို့ကိုလှည့်ကြည့်ကာမေးလိုက်တယ်။
"မင်းတို့ကမ္ဘာက စားကောင်းတဲ့စားစရာတစ်ခုခုများလား၊ ငါလည်းစားမယ်လေ။"
မက်ဒါနာလည်း သက်ပြင်းချလိုက်ပြီး အေမီကိုမှာလိုက်တယ်။ "မထူးပါဘူး... အေမီ၊ အီဂိုနဲ့တခြားဖက်ဒရေးရှင်းက လူတွေအတွက်ပါ ဖရဲသီးဖျော်ရည်လုပ်ပေးလိုက်ပါ။"
"ဟုတ်ကဲ့ မမလေး။" အေမီက မက်ဒါနာကို ဦးညွှတ်ပြီး ဝန်ထမ်းဆောင်ကနေ ထွက်ခွာသွားတယ်။ မက်ဒါနာကတော့ အီဂိုကို ဆက်အကဲခတ်နေတုန်းပဲ။ 'ဒီကောင်ဖုံးကွယ်နေတာ ဘာပဲဖြစ်ဖြစ် ငါတို့ကိုထိခိုက်စေမယ့်အရာဆိုရင်တော့ ခွင့်မလွှတ်နိုင်ဘူး၊ ဒါပေမဲ့ အကြောင်းမသိရခင်တော့ ပုံမှန်ဆက်ဆံရမှာပဲ။'
"ဒါနဲ့ ဆိုဖီယာ၊ နင်ကလည်း ကောင်စစ်ဝန်မလား။"
မက်ဒါနာက မေးလိုက်တော့ ဆိုဖီယာလည်းပဲ ခေါင်းညိတ်ပြတယ်။ "အင်းလေ၊ ဖက်ဒရေးရှင်းက ကာဒေးရှပ်အဆင့်သုံးရောက်ခါနီး မျိုးနွယ်ခုနစ်ခုက ဖွဲ့စည်းထားတာ။ ငါတို့က ဂလက်ဆီတွေကြားမှာ ခရီးသွားနိုင်တယ်။ ငါကတော့ ရှေးအကျဆုံး နတ်ဘုရားအသံမျိုးနွယ်ကို ကိုယ်စားပြုတယ်။ နတ်ဘု ရားအသံတွေက လူဦးရေနည်းပေမဲ့ လွှမ်းမိုးမှုအရှိဆုံးပဲ။"
အီဂိုကလည်း ကြားဝင်ပြောတယ်။ "ငါတို့နတ်သူငယ်တွေကိုတော့ ဉာဏ်ပညာအကြီးဆုံးမျိုးနွယ်တွေလို့သိကြတယ်။ ဆက်တယ်လာ ဂေါ့ဘလင်တွေပြီးရင် လူဦးရေအများဆုံးဖြစ်လို့ ဒုတိယလွှမ်းမိုးနိုင်စွမ်းအကြီးဆုံးပဲ။"
မက်ဒါနာက လက်ကိုမေးတင်ပြီး စဥ်းစားကာ ဖြည်းဖြည်းချင်းပြောတယ်။ "ဒီလိုဆိုရင် ဖက်ဒရေးရှင်းရဲ့အင်အားအကြီးဆုံး ကောင်စစ်ဝန်နှစ်ယောက်က ငါ့ရှေ့မှာ ရောက်နေတာပေါ့လေ။"
အီဂိုက ဘာမှမပြောပေမဲ့ ဆိုဖီယာက ဗိုက်နှိပ်ရယ်ရင်းနဲ့ ခွန်းတုံ့ပြန်ပါတယ်။ "အာဟားဟား... အီဂိုက အင်အားကြီးကောင်စစ်ဝန်၊ ဟုတ်လား။ အဲဒီလိုမဟုတ်ဘူး၊ သူက ဒီအတိုင်းအစားထိုးကောင်စစ်ဝန်ပါပဲ။ အယ်ဖာအဆင့်ကိုတောင် တကယ်မရောက်သေးဘူး။"
"တကယ်မရောက်သေးဘူး၊ ဘာကိုဆိုလိုတာလဲ။" ဆိုဖီယာရဲ့စကားကြောင့် နားရှုပ်သွားတယ်။ ဆိုဖီယာကတော့ ခေါင်းညိတ်လိုက်ပြီး ပြန်ရှင်းပြတယ်။
"လွန်ခဲ့တဲ့ နှစ်ငါးရာလောက်တုန်းက နတ်သူငယ်တွေက ကြယ်သေတစ်လုံးကို ဝါးမျိုပြီးတော့ရလာတဲ့ စွမ်းအားတွေနဲ့ ဝိညာဥ်ဝါးမျိုဓားလို့ခေါ်တဲ့ ကြောက်စရာဓားတစ်လက်ကို သွန်းလုပ်ခဲ့တယ်။ အဲဲဒီဓားကိုင်ထားတဲ့ နတ်သူငယ်အယ်ဖာတစ်ယောက်က ပြိုင်ဖက်ကင်းလုနီးနီးပဲ။ ဒါပေမဲ့ အီဂိုကတော့ အဲဒီအဆင့်မှာရှိမနေတော့ အယ်ဖာအဆင့်စွမ်းအားကို တစ်ခဏတာထုတ်ဖော်နိုင်ပေမဲ့ အယ်ဖာအဆင့်တစ်ယောက်ကို တကယ်အနိုင်မယူနိုင်ဘူး။"
အီဂိုကလည်း စိတ်ဓာတ်ကျသွားတဲ့ပုံစံနဲ့ ခေါင်းငိုက်စိုက်ချကာ စားပွဲခုံကိုစိုက်ကြည့်တယ်။ "တကယ်တော့ အဲဒီဓားကို ကျွန်တော့်ညီမလေးကိုင်ခဲ့ရမှာပါ။"
မက်ဒါနာက အီဂိုရဲ့အခြေအနေနဲ့ သူ့ရဲ့အခြေအနေကို ယှဥ်ထိုးတွေးမိပြီး မျက်မှောင်ကြုတ်လိုက်မိပါတယ်။
"ဆိုဖီယာ၊ ဒါဆိုရင် ငါကလည်း..."
ဆိုဖီယာကတော့ မက်ဒါနာစကားကို ဆုံးအောင်အပြောမခံဘူး။ အဲဒီအစား မက်ဒါနာရဲ့ပါးစပ်ကို လက်ဝါးနဲ့ပိတ်လိုက်တယ်။
"အဲဒီလိုပြောလို့တော့မရဘူး၊ နင်က အငှားစွမ်းအားနဲ့တောင် အယ်ဖာတွေကို အနိုင်ယူနိုင်ပြီးတော့ အီဂိုက အဲဒီလိုမဟုတ်ဘူး။ ဒါကြောင့် အဲဒီလိုတော့မမှတ်လိုက်နဲ့။"
မက်ဒါနာလည်း အဲဒီအကြောင်းကို ဆက်မပြောတော့ဘဲ ငြိမ်နေလိုက်တယ်။ ဒါပေမဲ့ အတွေးတစ်ခုကိုတော့ ဖျောက်လို့မရဘူး။ ကာဒေးရှပ်အဆင့်သုံးရောက်ခါနီး မျိုးနွယ်စုတစ်ခုက ကြယ်သေတစ်လုံးကို စတေးခဲ့တာတောင်မှ လူတစ်ယောက်ကို အယ်ဖာအစစ်ဖြစ်အောင် အဲဒီလက်နက်က မလုပ်နိုင်ခဲ့ဘူးလား။
'ဒါဆိုရင် သားရဲဝိညာဥ်တွေရဲ့မူလရင်းမြစ်က ပိုပြီးကြောက်စရာကောင်းနေမှာပဲ။' ကမ္ဘာ့ရဲ့စွမ်းအားရင်းမြစ်က အိုမီဂါအဆင့် ကိုင်းတိုရဲ့မူလခန္ဓာကိုယ်က အဲဒီအရာတွေကို ယူဆောင်လာခဲ့တာဆိုပေမဲ့ တွေးလေလေ နောက်ခံက ကြောက်စရာကောင်းလေပဲ။
'စကြဝဠာကိုဖြတ်ကျော်ပြီး ခရီးသွားခဲ့တာဆိုတော့ ကာဒေးရှပ်အဆင့်လေးအဖွဲ့အစည်းတစ်ခုကလို့ ဆိုလိုတာလား။ တကယ်ပဲ မူလကိုင်းတိုက ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ။ ပြီးတော့ သူကရော ဘယ်ရောက်သွားတာလဲ။'
"ဆိုဖီယာ၊ နင်တို့ဖက်ဒရေးရှင်းက ကာဒေးရှပ်အဆင့်နှစ်ရောက်ခါနီးဆိုရင် ပိုးကောင်အင်ပါယာရာကရော။"
ဆိုဖီယာက နည်းနည်းစဥ်းစားလိုက်ပြီးတော့မှ ခုလိုပြန်ဖြေပါတယ်။ "ဒီအတိုင်း ကာဒေးရှပ်အဆင့်နှစ်ကိုအပြည့်ရောက်ဖို့ ငါတို့ထက် နည်းနည်းပိုပြီးနီးစပ်ရုံပါ။ သူတို့က ဂလက်ဆီတစ်ခုလုံးကိုတော့ မစုပ်ယူနိုင်သေးပါဘူး။ ဒီအတိုင်း အယ်ဖာအဆင့်တွေပိုများရုံပဲ။"
မက်ဒါနာက ခေါင်းညိတ်လိုက်တယ်။ ဒီလိုမှမဟုတ်ရင် ဖက်ဒရေးရှင်းက ပိုးကောင်အင်ပါယာကို စစ်ရှုံးသွားတာ ကြာလောက်ပြီ။
"ဒါကြောင့်လည်း ငါတို့ကမ္ဘာက နင်တို့အတွက် သောက်ထူးဆန်းကြီးဖြစ်နေတာပေါ့။ ကာဒေးရှပ်အဆင့် ၀.၈ လောက်နဲ့တင် အယ်ဖာတွေအများကြီးရှိနေတာ။"
"အင်း၊ အဲဒီလိုပဲ။" ဆိုဖီယာက ခေါင်းညိတ်လိုက်ပါတယ်။
အဲဒီအချိန်မှာပဲ ကောင်းကင်ပေါ်ကနေပြီး ရွှေရောင်အလင်းတန်းကြီးတစ်ခုနဲ့အတူ အနက်ရောင်စက်ရုပ်ကြီး ကျဆင်းလာတယ်။ အဲဒီနောက် စက်ရုပ်ထဲကနေပြီး ဖရာလီတာထွက်လာတယ်။
ဖရာလီတာက အီဂိုကို တစ်ချက်ကြည့်လိုက်ပြီးတဲ့နောက် ပါးစပ်ကိုလက်ဝါးနဲ့အုပ်ပြီး တဟားဟားနဲ့ ထရယ်တော့တာပဲ။
"အဟားဟား... ငါတို့ကျောင်းကို ဆိုဖီယာရဲ့အစ်ကိုလိုက်လာတာလား။ နင်တို့နှစ်ယောက်ရုပ်တွေက ဆင်လိုက်တာ။"
ဖရာလီတာက ပုံမှန်စကားနဲ့ပဲ ပြောလိုက်တာဖြစ်တာကြောင့် အီဂိုကတော့ ဘာလို့ဖရာလီတာရယ်နေမှန်းမသိဘူး။ ဒါပေမဲ့ မကောင်းတဲ့ခံစားချက်တွေရနေတာကြောင့် နှုတ်ခမ်းကိုမဲ့ထားရင်း လက်ပြနှုတ်ဆက်ဖို့ကြိုးစားတယ်။ ဆိုဖီယာကတော့ သက်ပြင်းချလိုက်ပြီး အီဂို့နဖူးကို လက်ဝါးနဲ့ရိုက်ချလိုက်တယ်။
ဖြန်း...
"နင်ဘာထလုပ်တာလဲဟ..." အီဂိုက ဆိုဖီယာကို ကိုင်ပေါက်တော့မယ့်ပုံစံနဲ့ထလာပေမဲ့ ခေါင်းထဲကိုအချက်အလက်သစ်တွေ ဝင်လာတဲ့အတွက်ကြောင့် ငြိမ်ကျသွားပြန်တယ်။
"တစ်ကမ္ဘာလုံးကလူတွေကို ဖက်ဒရေးရှင်းစကား ငါလည်းလိုက်သင်မပေးနိုင်ဘူးလေ။ ဒီကမ္ဘာမှာဘုံဘာသာစကားမရှိပေမဲ့ လူသုံးများတဲ့ အင်္ဂလိပ်၊ စပိန်နဲ့တရုတ်စာတွေ နင့်ခေါင်းထဲ ထည့်ပေးလိုက်ပြီ။ အနည်းဆုံးတော့ နင့်ခေါင်းကို ထပ်မရိုက်ရလောက်ဘူး မျှော်လင့်တာပဲ။"
"ပထမတစ်ခါကတည်းက အကုန်ထည့်ပေးလိုက်ပါလားဟ။" အီဂိုက စိတ်ဆိုးဆိုးနဲ့ပြောလိုက်တယ်။ ဖရာလီတာကတော့ သူတို့ကိုကြည့်ပြီး ဆက်ရယ်နေတုန်းပဲ။
ခဏနေတော့ ဖျော်ရည်တွေတင်ထားတဲ့ ဗန်းနဲ့အတူ အေမီပြန်ရောက်လာတယ်။ နောက်တော့ အခုလိုပဲပြောလိုက်ပါလေရော။ "အားလုံးပဲ၊ ဖရဲသီးဖျော်ရည်ရပါပြီ။ အရာ...မမလေး ဖရာလီတာလည်းပြန်ရောက်နေတာလား။ စိတ်မကောင်းစွာနဲ့ ဖျော်စရာဖရဲသီးမရှိတော့ပါဘူးရှင့်။"
ချန်လှန်ခံလိုက်ရသလို ခံစားရတဲ့ ဖရာလီတာက ရယ်နေတာကိုရပ်ပြီးတော့ အေမီကို လက်သီးပုန်းထောင်ပြလိုက်လေရဲ့။
[နောက်တစ်ပိုင်းမှာ V9 ပြီးမှာဆိုပေမဲ့ Wattpadမှာ နေရာမရှိဖြစ်နေလို့ Mmxianxia သီးသန့်ဆက်တင်ပါမယ်။ အဲဒီမှာအတွဲတစ်ခုကြိုရောင်းပြီးသွားရင်တော့ WPမှာ Free ပြန်တင်ပေးပါ့မယ်။ https://mmxianxia.com/novels/i-just-wanna-be-hero-not-heroine/]