ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V9 Chapter 21 - အသည်းကွဲည
"ချီးယား..."
"ကမ်းပေ့..."
ချီလုလုရဲ့တရုတ်တန်းက ဆိုင်လေးမှာ လင်ဒါတို့အုပ်စု ဆုံမိကြပြန်တယ်။ ကျန်တဲ့သူတွေအကုန်လုံးက လက်ထဲက မက်မွန်ဝိုင်ခွက်တွေကိုတိုက်ပြီး ချီးယားလို့အော်ပေမဲ့ ချီလုလုတစ်ယောက်ပဲ ကမ်းပေ့လို့အော်လို့ ကျန်တဲ့သူတွေအကုန်လုံး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးရယ်မိကြတယ်။ ချီလုလုက နယူးယောက်မှာနေပေမဲ့ ဘာပဲပြောပြော တရုတ်တန်းက တရုတ်ပဲဥစ္စာ။
"ဒီတော့ အရာရှိလင်ဒါက တကယ့်တင်းပြည့်ဟီးရိုးတစ်ယောက်ဖြစ်သွားပြီပေါ့။ ဒီညအတွက်ပွဲကိုတော့ အဲဒီအတွက်ဂုဏ်ပြုတယ်လို့ပဲ သဘောထားကြ။"
လေဒီဘက်တာဖလိုင်းက ဝိုင်ကိုတစ်ငုံသောက်လိုက်ရင်း ပြောလိုက်တယ်။ လင်ဒါကတော့ သက်ပြင်းချလိုက်တယ်။ ကိစ္စတွေက ဒီလောက်မလွယ်ခဲ့ဘူးလေ။နျူရေကတော့ အသက်မပြည့်သေးတဲ့အတွက်ကြောင့် မက်မွန်ဝိုင်အစား ကိုလာထည့်ထားတဲ့ခွက်ကိုကိုင်ထားတယ်။ နျူရေက လင်ဒါတို့ပြောတာတွေကိုဂရုမစိုက်ဘဲ တီဗီကတိုက်ရိုက်လွှင့်နေတဲ့ အရှေ့ဘက်ကမ်းရိုးတန်းတိုက်ပွဲကိုပဲ ဂရုတစိုက်ကြည့်နေတာပါ။
ပိုးကောင်တွေပြန်တပ်ဆုတ်သွားပြီး ပြန်လာတဲ့ဟီးရိုးတွေရဲ့ပုံရိပ်ထဲမှာ အီဗန်ကိုတွေ့ရတော့မှ နျူရေက သက်ပြင်းချလိုက်တယ်။ လင်ဒါကလည်း နျူရေကိုကြည့်ရင်း ခေါင်းခါလိုက်မိလေရဲ့။
"ခုခေတ်ကြီးထဲ စုံတွဲတွေကြားက ခွန်အားကွာခြားမှုကလည်း ထည့်စဥ်းစားရမယ့် ကိစ္စတစ်ခုပဲနော်။" လို့ ပြောလိုက်မိတယ်။ အီဗန်က အလုပ်သင်ဟီးရိုးတစ်ယောက်အနေနဲ့ စစ်ပွဲထဲလိုက်သွားခွင့်ရတဲ့အချိန်မှာ နျူရေကတော့ နောက်ချန်တပ်အဖြစ်နဲ့ မြို့ထဲမှာပဲ ကင်းလှည့်နေရတယ်။ ဒါပေမဲ့ လင်ဒါအတွက်ဆိုရင်လည်း မက်ဒါနာနဲ့သူ့ကြားက ဆက်ဆံရေးက အဲဒီလိုဖြစ်နေတာ။
လေဒီဘက်တာဖလိုင်းက ဟင်းပန်ကန်ထဲက ကုန်းဘောင်ကြီးကြော်ကို ထမင်းပန်းကန်လုံးထဲ ခပ်ယူလိုက်ပြီး စားလိုက်ရင်းကနေ လင်ဒါကိုမေးတယ်။ "ဒါနဲ့၊ နင်မစ်ရှင်အဖွဲ့ကို ပြန်သွားဖို့ အစီအစဥ်မရှိတော့ဘူးလား။ ဒီအတိုင်းပဲ ရဲဆက်လုပ်တော့မယ်ပေါ့။"
လင်ဒါက အခုထိရဲဝတ်စုံကို ဆက်ဝတ်ထားတာကြောင့် ဘက်တာဖလိုင်းကမေးတာ။ လင်ဒါကလည်း ခေါင်းညိတ်ပြပြီး "အင်း၊ မစ်ရှင်အဖွဲ့ဝင်တစ်ယောက်ထက်စာရင် ရဲဖြစ်ရတာက ငါ့အတွက်ပိုပြီး သင့်တော်တယ်လို့ထင်တယ်။ ရဲဟီးရိုးဆိုပါတော့။"
လင်ဒါရဲ့အဖေကလည်း ရှေ့နေဟီးရိုးဖြစ်ခဲ့တာလေ။ဒါကြောင့်သမီးက ရဲဟီးရိုးဖြစ်လာတာ ဘာမှမဆန်းဘူး။ လင်ဒါက မက်မွန်ဝိုင်ကို ကုန်အောင်သောက်ပြီးတဲ့နောက် သူတွေးထားတဲ့ စိတ်ကူးတစ်ခုကို ထပ်ပြီးပြောလိုက်တယ်။ ဒါပေါ့၊ သူ့မျက်နှာက အယ်ကိုဟောကြောင့် ရဲတက်နေပြီး နားရွက်တက်ချိတ်လုမတတ် ပြုံးထားသေးတယ်။
"ဒါပေမဲ့ ငါအခုတွေးနေတာကတစ်ခုရှိတယ်။ နယူးယောက် ငြိမ်ဝပ်ပိပြားရေးအရာရှိအဖြစ် ဝင်ရွေးခံရင်ကောင်းမလားလို့။ မြို့တော်ဝန်ရွေးပွဲက ပြီးသွားပြီဆိုတော့ ငြိမ်ဝပ်ပိပြားရေးအရာရှိတွေကို ရွေးတော့မှာမဟုတ်လား။ ပြီးတော့ ငြိမ်ဝပ်ပိပြားရေးအရာရှိတစ်ယောက်ရဲ့အလုပ်ချိန်က အများကြီးပြောင်းလွယ်ပြင်လွယ်ရှိတယ်လေ။"
ငြိမ်ဝပ်ပိပြားရေးအရာရှိဆိုတာက ရဲဝန်ထမ်းဆိုပေမဲ့ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ အရာရှိမျိိုးကိုပြောတာပါ။ ဥရောပနဲ့မြောက်အမေရိကနိုင်ငံအများစုမှာ ကျင့်သုံးတဲ့စနစ်ဖြစ်ပြီးတော့ မြို့နယ်ကောင်တီတစ်ခုကို အနည်းဆုံးအရာရှိတစ်ယောက်ရှိပါတယ်။ အမေရိကန်မှာဆိုရင်တော့ ငြိမ်ဝပ်ပိပြားရေးအရာရှိ သုံးထောင်ကျော်ရှိတယ်။
ငြိမ်ဝပ်ပိပြားရေးအရာရှိတစ်ယောက်ရဲ့တာဝန်တွေက သာမန်ရဲတစ်ယောက်နဲ့တူပေမဲ့ ကောင်တီတစ်ခုလုံးရဲ့တရားဥပဒေစိုးမိုးရေးကို တာဝန်ယူရတဲ့အရာရှိတွေ။ ထောင်တွေ၊ အကျဥ်းခန်းတွေကို စစ်ဆေးဖို့တာဝန်ယူရပြီး တရားရုံးတွေမှာကျင်းပကြားနာတဲ့ တရားခွင်တွေရဲ့လုံခြုံရေးကို တာဝန်ယူရတယ်။ ဒါပေါ့၊ ကွင်းမြို့ရဲစခန်းလိုမျိုး ရဲစခန်းတွေနဲ့ပူးပေါင်းပြီး တာဝန်တွေလည်း ထမ်းဆောင်ရတတ်တယ်။
သူတို့ရဲ့ရဲတံဆိပ်က သာမန်ရဲတံဆိပ်တွေလိုဒိုင်းပုံမဟုတ်ဘဲ ခြောက်ထောင့်ကြယ်ပုံစံပါ။ ကိုယ်ပိုင်လက်ထောက်တွေလည်း ခန့်ထားခွင့်ရှိပြီး လေးနှစ်တစ်ကြိမ်ရွေးကောက်ခံရပါတယ်။ ငြိမ်ဝပ်ပိပြားရေးအရာရှိတွေက သာမန်ရဲတွေလိုမျိုး မြို့ထဲမှာတင်ဩဇာရှိတာမဟုတ်ဘဲ ကောင်တီတစ်ခုလုံးမှာပါ ဩဇာရှိပြီး ဝရမ်းထုတ်နိုင်တယ်။
"အရာရှိလင်ဒါ၊ ငြိမ်ဝပ်ပိပြားရေးအရာရှိဖြစ်သွားရင် ကျွန်တော့်ကိုမမေ့နဲ့ဦးနော်။" လင်ဒါ့လက်ပါးစေပေါက်စဖြစ်နေတဲ့ ဆိုင်းရပ်က ပြောတော့ လင်ဒါက ခေါင်းညိတ်ပြတယ်။
"အင်း..." ဘာပဲပြောပြော ဆိုင်းရပ်က သူ့ကိုအများကြီးကူညီပေးထားတဲ့အပြင် သတ္တိရှိတယ်လေ။
သူတို့အုပ်စုစားသောက်နေရင်း ချီလုလုက နာရီကိုငုံကြည့်လိုက်တယ်။ ညနေခြောက်နာရီထိုးနေပြီ။ ချီလုလုက ဘေးမှာထိုင်နေတဲ့ လေဒီဘက်တာဖလိုင်းပခုံးကို တံတောင်နဲ့တွက်လိုက်ပြီး သတိပေးပါတယ်။
"ဘက်တာဖလိုင်း၊ ငါတို့ဟိုကလေးလေး ကားတိုက်ခံရတဲ့အမှုအတွက် အမှုတည်ဆောက်ရဦးမယ်လေ။"
သူတို့နှစ်ယောက်က လူချမ်းသာတစ်ယောက် ကားကိုစည်းပျက်ကမ်းပျက်မောင်းပြီး ကလေးကိုတိုက်မိတဲ့အမှုအတွက် တာဝန်ယူထားရတယ်။ ကလေးက ဒဏ်ရာအတော်ကြီးပေမဲ့ အဲဒီလူချမ်းသာက သူ့မှာအပြစ်မရှိဘူးဆိုတာချည်းပဲလုပ်နေတာ။
"အင်း၊ ဟုတ်သားပဲ။ နင်တို့ဆက်စားရင်စားကြလေ။ငါတို့အလုပ်ပြန်လုပ်ရဦးမယ်။"
ဘက်တာဖလိုင်းက လင်ဒါတို့ကို နှုတ်ဆက်ပြီးတဲ့နောက် စားသောက်ဆိုင်ထဲကနေ ထွက်ခွာသွားပါတယ်။ ခဏနေတော့ နျူရေကလည်း ဖုန်းမက်ဆေ့ကို တစ်ချက်ကြည့်ရင်း လင်ဒါကို နှုတ်ဆက်တယ်။
"အစ်မကြီးလင်ဒါ၊ ကျွန်မအီဗန်ကို သွားကြိုလိုက်ဦးမယ်။ ကောင်းသောညလေးပါ။"
ဒီလိုနဲ့ လင်ဒါနဲ့ဆိုင်းရပ်တို့နှစ်ယောက်တည်း ဆိုင်ထဲမှာ ကျန်ရစ်တာပေါ့။ ဆိုင်းရပ်က ပတ်ဝန်းကျင်ကို အခြေအနေကြည့်နေတဲ့အချိန်မှာ လင်ဒါကတော့ စားစရာကိုပဲ ဆက်ပြီးစားနေပါတယ်။ ဆိုင်ထဲမှာ လူရှင်းကြောင်း အတည်ပြုပြီးတဲ့နောက်တော့ ဆိုင်းရပ်က စားပွဲခုံအလယ်မှာတင်ထားတဲ့ ပန်းအိုးထဲနှင်းဆီပန်းနီနီလေးကို ဖြုတ်ယူလိုက်ပြီး ခုံကနေထ လင်ဒါရှေ့မှာ ဒူးတစ်ဖက်ထောက်ချလိုက်တယ်။
"အ.... အရာရှိ။" ဆိုင်းရပ်ရဲ့လေသံက တုန်ယင်နေပြီးတော့ စကားကိုအဆုံးထိမပြောနိုင်ဘဲ ထစ်အထစ်အနဲ့ ရပ်သွားတယ်။ လင်ဒါကတော့ ဆိုင်းရပ်ဘာလုပ်နေလဲဆိုတာ နားမလည်နိုင်တဲ့အတွက် ခေါင်းကုပ်လိုက်ပါလေရော။
"ကျ... ကျွန်တော့်ကိုပြန်ကြိုက်ပါ။ ကျွန်တော် အရာရှိကိုချစ်တယ်။" ဆိုင်းရပ်က ရှိသမျှသတ္တိတွေအားလုံးကို စုစည်းပြီးမှ ဖွင့်ပြောလိုက်တယ်။ ဒီတော့မှ လင်ဒါလည်း သူဖွင့်ပြောခံနေရမှန်းသိပြီးတော့ မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်လုပ်တယ်။
"ကျေး... ကျေးဇူးပြုပြီး စဥ်းစားပေးပါခင်ဗျ။" ခုထိ ဆိုင်းရပ်က သူ့ရှေ့မှာတောင့်တောင့်ကြီး ဒူးထောက်ပြီး အဖြေတောင်းနေတဲ့အတွက် လင်ဒါဘာပြောရမှန်းမသိတော့ဘူး။ အတော်ကြာတော့မှ သက်ပြင်းချလိုက်ပြီး သိသာတဲ့အဖြေကို ပြောလိုက်တယ်။
"စိတ်မကောင်းပေမဲ့၊ ကျွန်မရှင့်ကို မကြိုက်ဘူး။"
"....."
ဆိုင်းရပ်တစ်ယောက် ငါးသေကြီးတစ်ကောင်လိုမျိုးအကြင်နာမဲ့စွာ ငြင်းဆန်လိုက်တဲ့ လင်ဒါရဲ့ကြွေရုပ်လိုမျက်နှာလှလှလေးကို စိုက်ကြည့်နေမိတယ်။ လင်ဒါကလည်း သက်ပြင်းချလိုက်တယ်။ အရွယ်ရောက်ပြီးမိန်းမသားတစ်ယောက်အနေနဲ့ ဆိုင်းရပ်က သူ့ကိုသဘောကျနေမှန်း လင်ဒါသတိထားမိပါတယ်။ ခုလိုမျိုး ဖွင့်ပြောရဲလောက်တဲ့အထိတော့ စွန့်စားရဲမယ် မထင်ခဲ့ဘူးလေ။
"အရာရှိ၊ ဘာဖြစ်လို့ ကျွန်တော့်ကိုမကြိုက်တာလဲ။ ကျွန်တော့်မှာ ဘာမကောင်းတဲ့အကျင့်တွေရှိလို့လဲဗျာ။ ကျွန်တော်ပြင်ပါ့မယ်။"
ဆိုင်းရပ်က ဒူးနှစ်ဖက်ကိုအပြည့်ထောက်ပြီး လင်ဒါကိုဆက်ပြီး တောင်းပန်တိုးရှိုးတယ်။ လင်ဒါသာ သူ့ကိုကြိုက်မယ်ဆိုရင် ဘာမဆိုပေးဆပ်ဖို့ သူဆုံးဖြတ်ထားပြီးသား။ လင်ဒါလည်း နောက်တစ်ကြိမ်ထပ်ပြီးသက်ပြင်းချလိုက်ပြန်တယ်။ နောက်တော့ ဆိုင်းရပ်နာကျင်မသွားအောင်လို့ တတ်နိုင်သမျှသတိထား စကားလုံးတွေရွေးချယ်ပြီး ငြင်းရတဲ့အကြောင်းကို သေချာလေးရှင်းပြလိုက်ပါလေရော။
"ဆိုင်းရပ်၊ ရှင်က လူကောင်းလေးပါ။ ရှင့်မှာ ကျွန်မသဘောမကျစရာ ဘာအကြောင်းမှမရှိပါဘူး။ ရှင်က ကံမကောင်းခဲ့ရုံတင်ပါ။ ကျွန်မမှာ ချစ်သူရှိနေပြီးသားမလို့လေ။"
မက်ဒါနာအကြောင်းတွေးမိတော့ လင်ဒါရဲ့စိတ်ထဲမှာ ဝမ်းသာကြည်နူးမှုတွေရဲ့ပြည့်လာပြီး မျက်လုံးထဲမှာ ချစ်စိတ်ကြောင့်ဖြစ်လာတဲ့ မျက်ရည်လဲ့လဲ့လေးတွေနဲ့ ပြည့်လာတယ်။ သူ့စိတ်ထဲက အကြီးမားဆုံး အတားအဆီးကိုဖြတ်ကျော်ပြီး တင်းပြည့်ဟီးရိုးတစ်ယောက်ဖြစ်လာပြီးတဲ့နောက် မက်ဒါနာရဲ့သူ့ကြားမှာ တားဆီးထားတဲ့ ဘာတံတိုင်းမှမရှိတော့ဘူး။ ငြိမ်ဝပ်ပိပြားရေးအရာရှိတစ်ယောက်အနေနဲ့ နယူးယောက်ဟီးရိုးကျောင်းထဲကို ဝင်ချင်တိုင်းဝင်ထွက်ချင်တိုင်းထွက်ပြီး မက်ဒါနာကို ကစားချင်တိုင်းကစားလို့ရပြီ။
"ချစ်... ချစ်သူရှိတယ်၊ အရာရှိမှာ ချစ်ရတဲ့သူရှိတယ်ပေါ့။ ဒါပေမဲ့ ကျွန်တော်မယုံဘူး။ ကျွန်တော့်ထက်အရင် အရာရှိရဲ့နှလုံးသားကို ခိုးယူသွားတဲ့သူက ဘယ်သူများလဲ။"
"ဒါကလား..." ဆိုင်းရပ်တစ်ယောက် မခံမရပ်နိုင်ဖြစ်နေတာတွေ့တော့ လင်ဒါက ကိုယ့်လက်သည်းကို ခပ်ဖွဖွကိုက်လိုက်ရင်း ပြန်အဖြေပေးတယ်။
"အင်း... ဆုဗာနာနိုင်ငံရဲ့မင်းသမီးလေးလည်းဖြစ် နယူးယောက်ဟီးရိုးကျောင်းအုပ်လည်းဖြစ်၊ မစ်ရှင်အဖွဲ့ခေါင်းဆောင်လည်းဖြစ်တဲ့ မက်ဒါနာလေ။ နင်သူ့ကို တွေ့ဖူးမှာပါ။"
ဆိုင်းရပ်တစ်ယောက် လင်ဒါရဲ့ချစ်သူအကြောင်းကို ကြားပြီးတဲ့နောက်မှာတော့ သူရှေ့ကိုတွေတွေကြီးစိုက်ကြည့်နေမိတယ်။ လင်ဒါရဲ့အပြုံးလေးတွေက သူ့ကိုငြိမ်းချမ်းမှုကို ယူဆောင်လာပေးခဲ့ဖူးပေမဲ့ ခုတော့ ရက်စက်တဲ့ရယ်မောသံတွေကို သူကြားယောင်လာမိပြီ။
"ဆုဗာနာ မင်းသမီးလေးလား၊ ကျွန်တော်မအံ့ဩတော့ပါဘူးလေ။" ဆိုင်းရပ်က တုန်ယင်နေတဲ့လေသံနဲ့ ပြောလိုက်တယ်။ အဲဲဒီမိန်းကလေးက သူနဲ့ယှဥ်မယ်ဆိုရင် အရာရာပြီးပြည့်စုံလွန်းတယ်။ သူ့ရဲ့အရာရှိအဲဒီမိန်းကလေးရှေ့မှာ ကျရှုံးသွားတာ အံ့ဩစရာမဟုတ်ဘူး။ မြို့တော်ဝန်ရွေးပွဲလုပ်တဲ့နေ့ကလည်း အဲဒီမိန်းကလေးကို သူမြင်ဖူးတယ်လေ။ ဒီတော့ အဲဒီနှင်းဆီဖြူလေးရဲ့ဆူးက ဘယ်လောက်အဆိပ်ပြင်းတယ်ဆိုတာ သူသိတယ်။
"အရာရှိ၊ စိတ်အနှောင့်အယှက်ဖြစ်စေမိတဲ့အတွက် တောင်းပန်ပါတယ်။ ကျွန်တော့်ကို သွားခွင့်ပြုပါဦး။"
ဆိုင်းရပ်က ဒူးထောက်နေရာကနေ ထလိုက်တယ်။ အဲဒီနောက် လင်ဒါကို တောင်းပန်လိုက်ပြီး လေးလံတဲ့ခြေလှမ်းတွေနဲ့အတူ ဆိုင်ပြင်ကိုထွက်သွားလေရဲ့။
....
အချိန်က ညချမ်းလေးပါ။
နယူးယောက်မြို့ထဲဝင်သောင်းကျန်းတဲ့ ဗီလိန်ကိုဖမ်းပြီးသွားပြီဖြစ်သလို အရှေ့ဘက်ကမ်းရိုးတန်းတိုက်ပွဲမှာ မဟာမိတ်က ရန်သူတွေကို ပြန်တွန်းလှန်နိုင်ခဲ့တဲ့အတွက် နယူးယောက်မြို့ကြီးက ပုံမှန်အတိုင်းလည်ပတ်နေတယ်။ မြို့သားတချို့အတွဲတွေကိုယ်စီနဲ့ လက်ချင်းချိတ်ပြီး သွားလာနေတဲ့ရယ်မောသံတွေကိုကြားတော့ ဆိုင်းရပ်ပိုအထီးကျန်လာပြီး မျက်လုံးထဲမှာ မျက်ရည်တွေနဲ့ပြည့်နှက်လာရော။
'ငါလည်း အရာရှိလင်ဒါနဲ့လက်ချင်းချိတ်ပြီး မြို့ထဲလျှောက်လည်ချင်ဖူးတာပေါ့။' သူကတော့ သူ့အတွေး။
နောက်နာရီဝက်လောက်ကြာတဲ့အထိ ဆိုင်းရပ်က လေးလံတဲ့ခြေလှမ်းတွေနဲ့ မြို့ထဲမှာလျှောက်နေရင်း လူခြေတိတ်တဲ့ အရက်ဘားတစ်ခုရှေ့မှာ ရပ်မိတယ်။ဘားက အတော်အိုဟောင်းနေပြီဖြစ်ပြီး တံခါးမှန်တွေမှာ အစင်းကြောင်းရာတွေအများကြီးထင်နေပြီမလို့ တံခါးနောက်မှာချိတ်ထားတဲ့ ဆိုင်ဖွင့်သည်ဆိုတဲ့ ဆိုင်းဘုတ်ကို ဝါးတားတားပဲမြင်ရတယ်။ တံခါးကို နည်းနည်းဟထားတဲ့အတွက် အတွင်းမှာဖွင့်နေတဲ့ တေးဂီတသံအေးအေးကို သူကြားနေရတယ်။
"ငါဒီနေ့ တစ်မုန်းသောက်ပစ်မယ်။" ဆိုင်းရပ်က ဆေးဖြစ်ဝါးဖြစ်လောက်ပဲ သောက်တတ်တဲ့သူဖြစ်ပေမဲ့ အသည်းကွဲလာတဲ့အတွက် ဘီယာအဝသောက်ဖို့ ဆုံးဖြတ်လိုက်ပြီး ဘားဆိုင်ထဲဝင်လိုက်တယ်။ ဝင်ဝင်ချင်းမှာပဲ သီချင်းသံကို သဲသဲကွဲကွဲကြားလာရပြီး တရှုံ့ရှုံ့နဲ့ငိုပစ်ချင်စိတ်ပေါက်လာတော့တာပဲ။ သီချင်းစာသားတွေက သူ့ခံစားချက်နဲ့ တိုက်ဆိုင်နေခဲ့တယ်မဟုတ်လား။
'ငှက်ကလေးတွေ ဘာကြောင့်တေးဆိုနေကြတာလဲ၊ မိုးထက်က ကြယ်တွေ ဘာကြောင့်တောက်ပနေရတာလဲ။ ကမ္ဘာပြိုနေတာ သူတို့သိကြရဲ့လား။ ရှင်မချစ်ကတည်းက ကျွန်မကမ္ဘာလေး ပြိုကျပျက်စီးနေပါပြီ။'
သီချင်းက တော်တော်အိုဟောင်းပြီး ရှေးကျနေပါပြီ။ ခုခေတ်မှာ ၁၉၉၀ လောက်က သီချင်းတွေကိုဖွင့်ရင်တောင် နှစ်ငါးဆယ်ကျော်လောက်ကသီချင်းဖြစ်နေလို့ လူတွေက ပျင်းစရာကြီးလို့ထင်ကြတာ။ ဒါပေမဲ့ အခုဆိုင်ထဲမှာဖွင့်ထားတဲ့သီချင်းက ၁၉၆၀ က။ အဆိုတော်ကတော့ စကီထာ ဒေးဗစ်။ ဒီသီချင်းနာမည်ကြီးတုန်းက ဆိုင်းရပ်ရဲ့အဖိုးတောင်မမွေးသေးဘူး။
"ဆရာလေး၊ ဘာသောက်မလဲ။"
ဆိုင်းရပ်က ကောင်တာရဲ့ဘယ်ဘက်အစွန်ဆုံးက နံရံနဲ့ကပ်လျက်ခုံမှာ ဝင်ထိုင်လိုက်တော့ ဘားတန်တာက မေးတယ်။ ဒီဆိုင်မှာ ဘားတန်တာက အရက်စပ်ပေးတဲ့ပုံရပေမဲ့ ဆိုင်းရပ်က အရက်အရသာခံဖို့လာခဲ့တာမဟုတ်။ အမူးသောက်ရအောင် လာခဲ့တာဖြစ်လို့ ရိုးရိုးပဲမှာလိုက်တယ်။
"ဘီယာခွက်ကြီးတစ်ခွက်ချကွာ။"
"ဟုတ်ကဲ့ဆရာလေး၊ ဒါပေမဲ့ ဆရာလေးဟိုဘက်ခုံကို ပြောင်းထိုင်ပေးလို့ရမလား။ အဲဒီခုံက ဒီဆိုင်ရဲ့ဖောက်သည်တစ်ယောက် ထိုင်နေကျနေရာမလို့ပါ။ သူက အခုလိုအချိန်ဆို လာထိုင်နေကျလေ။"
ဆိုင်းရပ်က လောလောလတ်လတ်မိန်းကလေးဘက်က ငြင်းတာခံထားရတာမလို့ နေရာပြောင်းထိုင်ပေးဖို့စိတ်ထဲမရှိဘူး။ ဒီတော့ သူက ခေါင်းကိုခါလိုက်ပြီး
"မထပေးဘူးကွာ၊ အဲဒီကောင်က ဒီခုံကို အပိုင်ဝယ်ထားတာမလို့လား။ ငါက စားသုံးသူပဲ ထိုင်ချင်တဲ့နေရာထိုင်မှာပေါ့။ သူ့ဘာသာမကျေနပ်ရင် ငါ့ဆီလာပြောလိမ့်မယ်။"
ဘားတန်တာလည်း ပြဿနာမတက်ချင်တဲ့အတွက် ခေါင်းခါလိုက်ပြီး ဘာမှဆက်မပြောတော့ဘူး။ အဲဒီအစား စက်ကနေ ဘီယာခွက်အပြည့်ဖြည့်လိုက်ပြီး ဆိုင်းရပ်ရှေ့ကို ချပေးလိုက်တယ်။
"အား၊ ကောင်းလိုက်တဲ့ဘီယာ။" ဆိုင်းရပ်က ခွက်ကြီးကို မော့လိုက်ပြီး ခွက်ထဲက ဘီယာတွေတစ်ထစ်လောက်လျော့သွားမှ ခွက်ကို ဘားကောင်တာခုံပေါ် ပြင်းပြင်းရိုက်ချကာ ပြောလိုက်တယ်။
ကျွီ... ဒေါက်... ဒေါက်... ဒေါက်....
သူအရက်သောက်နေတုန်း ဆိုင်ထဲကို တခြားလူတစ်ယောက် ဝင်လာတယ်။ အနောက်တိုင်းဝတ်စုံကိုဝတ်ထားပေမဲ့ မသေမသပ်ဖြစ်နေပြီး ကြယ်သီးကိုတလွဲတပ်ထားတယ်။ လက်ကိုတော့ ဘောင်းဘီအိတ်ထဲနှိုက်ထားပြီး ရုပ်ရည်ချောမောပေမဲ့ ဆံပင်ကိုရှုပ်ပွနေအောင် ထားထားတဲ့အတွက် ညှင်းသိုးသိုးပုံစံပေါက်နေတယ်။ မျက်လုံးတွေကလည်း ရီဝေဝေ ထုံမှိုင်းမှိုင်းနဲ့ မကြာခဏ တဂေ့ဂေ့နဲ့လေတက်နေသေးတယ်။ နေညိုတိုင်းဘီယာဖြည့်ဖို့လိုတဲ့ ဝါရင့်အရက်သမားမှန်းသိနိုင်တယ်။
"ဟေ့ကောင်၊ မင်းဒီဆိုင်မှာလူသစ်လား။ အဲဒီခုံက ငါထိုင်နေကြနေရာကွ။"
အဲဒီလူငယ်က ဆိုင်းရပ်နားကိုလျှောက်လာပြီး ဆိုင်းရပ်ပခုံးကို အားနဲ့ညှစ်ကာ ပြောလိုက်တယ်။ သူ့လေသံက အဲဒီနေရာမှာမှမထိုင်ရရင် ဆိုင်းရပ်ကို အရက်ခွက်နဲ့ကောက်ရိုက်တော့မယ့်ပုံမျိုး။ ဆိုင်းရပ်ကလည်း စိတ်အခြေအနေမကောင်းတဲ့အတွက် သောက်နေတာကိုရပ်ပြီး အဲဒီလူငယ်ကို လှည့်ကြည့်တယ်။ နောက်တော့ လူမိုက်လေသံနဲ့ ပြန်ခံပြောပါတယ်။
"ခင်ဗျားက ဘာလဲ၊ လူမိုက်လား။ ကျုပ်ဒီမှာ အငြင်းခံလာရလို့ ဘူနေတာနော်။ ရန်ဖြစ်ဖို့ဝန်မလေးဘူး။"
လူငယ်က ဆိုင်းရပ်သူ့ကို ပြန်ရန်တွေ့ပေမဲ့ နည်းနည်းမှ တုန်လှုပ်သွားပုံမပေါ်ဘူး။ အဲဒီအစား ပြုံးရုံလေးပြုံးလိုက်ပြီး ဆိုင်းရပ်ပခုံးကိုလွှတ်ပေးလိုက်ကာ တစ်ချက်နှစ်ချက်ပုတ်ပြီး ဆိုင်းရပ်နဲ့ဘေးကပ်လျက်ခုံမှာဝင်ထိုင်တယ်။
"ဒီတော့ မင်းလည်းအသည်းကွဲနေတာလား၊ ငါကိုယ်ချင်းစာပါတယ်ကွာ။"
သူတို့နှစ်ယောက် တစ်ခဏတာတိတ်ဆိတ်သွားတယ်။ ဘားတန်တာက သူတို့နှစ်ယောက်တည့်နေတာတွေ့တော့ ခေါင်းကိုကုတ်လိုက်တယ်။ အဲဒီလူငယ်က ခါတိုင်းဆိုရင် အဲဒီခုံနေရာမှာထိုင်ရဖို့ ဘယ်သူနဲ့မဆို ဖက်ကိုက်နေကျလေ။ ဒါပေမဲ့ သူနဲ့မဆိုင်တာကြောင့် တာဝန်ရှိတဲ့အတိုင်းပဲ မေးလိုက်တယ်။
"ဖောက်သည်ကြီး၊ ဒီနေ့ဘာသောက်မလဲ။"
"ခါတိုင်းလိုပဲ ဘီယာရိုးရိုးခွက်ကြီး။"
"ရပါမယ်ခင်ဗျ။"
ဘားတန်တာက လူငယ်အတွက်လည်း ဘီယာလာချပေးတယ်။ လူငယ်ကလည်း ဘီယာကိုမော့သောက်ပြီး "အား၊ အရသာရှိလိုက်တာ။"လို့ပြောရင်း ခွက်ကိုပြင်းပြင်းပြန်ချလိုက်တယ်။
ဆိုင်းရပ်ကတော့ အဲဒီလူကိုကြည့်ရင်းနဲ့ မေးလိုက်ပါတယ်။ "ခင်ဗျားလည်း အသည်းကွဲနေတာလား။"
လူငယ်က ဆိုင်းရပ်စကားကို ခေါင်းညိတ်ပြရင်းနဲ့ သက်ပြင်းချတယ်။ ဆိုင်ထဲက အသည်းကွဲသီချင်းကတော့ ရှေ့ဆက်နေတုန်း။ 'ဘာကြောင့် ကျွန်မရဲ့နှလုံးသားက တဆစ်ဆစ်နာကျင်နေရတာလဲ။ ဘာကြောင့်ကျွန်မမျက်လုံးတွေက ငိုကြွေးနေမိတာလဲ။ ရှင်ကျွန်မကို နှုတ်ဆက်ပြီးထားရစ်ကတည်းက ကမ္ဘာကြီးပြိုကျပျက်စီးသွားခဲ့တာ။'
"ငါ့မှငယ်သူငယ်ချင်းတစ်ယောက် ရှိခဲ့ဖူးတယ်လေ။ ဟိုးအရင်တုန်းကတော့ သွားအတူလာအတူပေါ့ကွာ။ အဲဒီတုန်းက ငါသူ့ကို သိပ်ပြီးတန်ဖိုးမထားခဲ့မိဘူး။ နောက်တော့ သူက နိုင်ငံရပ်ခြားက မင်းသမီးလေးတစ်ပါး ဖြစ်နေတာ သိခဲ့ရတယ်လေ။ အဲဒီနောက်တော့ ငါသူ့ကိုချစ်မိသွားတယ်။ ဒါပေမဲ့ သူကတော့ ငါကိုခါးခါးသီးသီးဆက်ဆံတယ်။ ဟိုးအရင်က ငါသူ့ကို တန်ဖိုးမထားသလိုဆက်ဆံခဲ့တာတွေကြောင့် သူငါ့ကိုမုန်းနေခဲ့တာလား။ ငါမပြောတတ်တော့ဘူး။"
ဖောက်သည်ဆိုတဲ့လူငယ်က သူအသည်းကွဲရတဲ့အကြောင်း ဆိုင်းရပ်ကိုရှင်းပြတယ်။ အဲဒီနောက် ဘီယာကို တစ်ကြိုက်ထပ်မော့ချလိုက်ပြီး ရင်ဘတ်ထဲသိမ်းထားတဲ့ မိန်းကလေးတစ်ယောက်ရဲ့အလှပုံလေးကိုထုတ်ကြည့်ပြီး ငိုကြွေးတော့တာပဲ။
"မင်းသမီးလေးရယ်၊ ဘာလို့ကျွန်တော့်ကို ဒီလောက်တောင် ရက်စက်ရတာလဲ။" ဆိုင်းရပ်က အဲဒီပုံကိုလှမ်းကြည့်ရင်းနဲ့ လူငယ်ပြောနေတဲ့မင်းသမီးက မက်ဒါနာမှန်း သတိထားမိသွားတယ်။ လူငယ်ကတော့ အားရပါးရ ငိုပြီးတဲ့နောက်မှ ဆိုင်းရပ်ကိုကြည့်ပြီး မေးလိုက်တယ်။
"ဟေး၊ ကောင်လေး။ မင်းကရော ဘယ်လိုအသည်းကွဲလာတာလဲကွ။"
ဆိုင်းရပ်က သူ့ရှေ့က ဘီယာခွက်ကိုကြည့်လိုက်တယ်။ အဲဒီနောက် သူ့အဖြစ်ကိုရှင်းပြတယ်။ "ကျွန်တော်က အလုပ်က လုပ်ဖော်ကိုင်ဖက် စီနီယာကိုချစ်ခဲ့မိတာလေ။ ဒါပေမဲ့ သူ့မှာချစ်သူရှိနေပြီးပြီတဲ့ဗျ။"
ဆိုင်းရပ်က ပြောပြီးတာနဲ့ ဘီယာခွက်ကိုအားရပါးရမော့ချပြီး ငိုကြွေးပြန်တယ်။ "အရာရှိရယ်၊ ကျွန်တော့်အပေါ်ရက်စက်လိုက်တာဗျာ။"
လူငယ်က ဆိုင်းရပ်ငိုလို့ပြီးတဲ့အထိစောင့်ပြီးမှမေးတယ်။ "ကောင်လေး၊ မင်းနာမည်က ဘယ်သူလဲ။ ငါ့နာမည်က တင်မီပါ။ တင်မီ ဂရီဂိုရီ။"
"ကျ... ကျွန်တော်က ဆိုင်းရပ် အလီဇင်တာပါ။" အသည်းကွဲသမားနှစ်ယောက် တစ်ယောက်နဲ့တစ်ယောက်မိတ်ဆက်ပြီးတဲ့နောက် တစ်ယောက်ကိုတစ်ယောက်ပခုံးဖက်ပြီး ငိုကြတော့တာပဲ။