ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V8 Chapter 32 - အထက်တန်းကျချင်လို့တဲ့
"ပိုးကောင်အင်ပါယာရဲ့ကျူးကျော်စစ်ကြောင့် ကျွန်မတို့ကမ္ဘာအနှံက လူသားတွေအနေနဲ့ အဆိုးဝါးဆုံးနှစ်သစ်ကို ဖြတ်သန်းခဲ့ရပြီးဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ ၂၀၄၅ ခုနစ်ကို ဝင်ရောက်ခဲ့တာဖြစ်ပေမဲ့ ငြိမ်းချမ်းရေးမဟာမိတ်ရဲ့မစ်ရှင်အဖွဲ့သားတွေက အနားမယူဘဲ တိုက်ခိုက်နေကြဆဲပါ။"
Fox 5NY သတင်းဌာနလိုဂိုရှေ့မှာ ရုပ်ရည်ချောမောတဲ့ အမျိုးသမီးတစ်ယောက်က မနက်ခင်းသတင်းတွေကို တင်ဆက်နေတာဖြစ်ပါတယ်။ သတင်းကို သူဖတ်ပြနေတဲ့အချိန် ဖန်သားပြင်တစ်ဖက်မှာ ရှေ့တန်းတိုက်ပွဲတွေက မှတ်တမ်းပုံရိပ်တွေကို ဖော်ပြနေပါတယ်။ ပုံရိပ်တွေက တိုက်ပွဲတစ်ပွဲတည်းရဲ့ပုံရိပ်သာမဟုတ်ဘဲ တစ်ပတ်အတွင်းဖြစ်ခဲ့တဲ့ တိုက်ပွဲတွေအကုန်လုံးကို အကျဥ်းချုံးပြီး ဟိုက်လိုက်သဘောမျိုးဖော်ပြပေးနေတာဖြစ်ပါတယ်။
ဇန်နဝါရီ ၁ ရက်နေ့၊ ၂၀၄၅။ ဟန်ဂေရီနိုင်ငံ။
ဆိုဖီယာက ကောင်းကင်ပေါ်မှာပျံသန်းနေပြီးတော့ ကျောက်စိုင်ကျောက်ခဲတွေကို ထိန်းချုပ်ကာ ပိုးဖလံအုပ်ကြီးနဲ့ ယှဥ်ပြိုင်တိုက်ခိုက်နေပါတယ်။ မဟာမိတ်ရဲ့စစ်နတ်သမီးတွေ၊ အက်စတာတိုက်လေယာဥ်တွေနဲ့ကင်းမြီးကောက်စက်ရုပ်တွေကလည်း ပိုးကောင်တွေသိမ်းထားတဲ့ နယ်ထဲကို ထိုးဖောက်ဝင်ရောက်ဖို့အတွက် အကောင်းဆုံးကြိုးစားနေပါတယ်။ စက္ကန့်ပိုင်းအတွင်းမှာပဲ အဲဒီမြင်ကွင်းက အဆုံးသတ်သွားပြီးတော့ တခြားတိုက်ပွဲကို ပြန်လည်ပြသပါတယ်။
ဇန်နဝါရီ ၃ ရက်နေ့၊ ဆန်ဖရန်စစ္စကို။
ဖရာလီတာနဲ့စစ်သင်္ဘောကြီးက ပိုးကောင်ဗိုလ်ချုပ်တစ်ကောင်ဖြစ်တဲ့ ယင်ကောင်ဗိုလ်ချုပ်နဲ့ယှဥ်ပြိုင်တိုက်ခိုက်နေပြီး အစောပိုင်းမှာရှုံးနိမ့်နေပါတယ်။ ဒါပေမဲ့ မကြာခင်မှာပဲ အဖြူရောင်သားမွှေးဝတ်ရုံကို လွှမ်းခြုံထားတဲ့ စစ်သည်တော်တစ်ယောက်က သူ့နားမှာပေါ်လာတယ်။ ကျောပေါ်မှာဓားကိုပိုးထားပေမဲ့ ဓားကိုထုတ်သုံးမယ့်ပုံမရဘဲ လက်သီးနှစ်ဖက်ကိုသာ ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်။ ရင်ဘတ်နေရာမှာတော့ ကျားတစ်ကောင်ဟိန်းနေတဲ့ပုံစံရှိပြီးတော့ ခေါင်းပိုင်းကတော့ ငွေရောင်စစ်သည်နဲ့ဆင်တူပါတယ်။
[Ultimate Skill: Tiger's Punch] ကျားဖြူစစ်သည်ရဲ့ခေါင်းစောင်းမှာ နီယွန်မီးရောင်နဲ့စာတန်းပြောင်းပြန်ထိုးသွားတာကို သူတို့မြင်ရပြီးတဲ့နောက် ကျားဖြူရဲ့ကြိမ်းဝါးသံကိုလည်း သူတို့ကြားလိုက်ရပါတယ်။
"ကျားဖြူလက်သီး။" ကျားဖြူစစ်သည်ရဲ့ညာဖက်လက်သီးက ဧရာမလက်သီးဆုပ်ကြီးအဖြစ် အမြန်ကြီးထွားလာပြီး ရှောင်ဖို့နောက်ကျသွားပြီဖြစ်တဲ့ ယင်ကောင်ကို ထိုးချလိုက်တယ်။ ယင်ကောင်က သူ့ကိုယ်သူ ကာကွယ်လိုက်ပေမဲ့ လက်သီးချက်ကြောင့် လွင့်စင်သွားပြီး တောင်တစ်တောင်ကို ဝင်တိုက်မိပါတယ်။ ဒဏ်ရာကြီးကြီးမားမားရသွားတာမျိုးမရှိပေမဲ့ ကျားဖြူနဲ့ဆက်ပြီးမတိုက်ခိုက်ချင်တော့တဲ့ပုံစံနဲ့ အတောင်ပံကိုဖြန့်ပြီး ပျံပြေးသွားပါတယ်။
ဇန်နဝါရီ ငါးရက်၊ ၂၀၄၅။ ဟောင်ကောင်။
ဧရာမနဂါးပြာကြီး ဟောင်ကောင်မြို့ပြင်မှာပေါ်လာပြီး လေမုန်တိုင်းတစ်ခုကိုဖန်ဆင်းကာ လာရောက်တိုက်ခိုက်နေတဲ့ ပိုးကောင်တွေကို ဖျက်ဆီးပစ်လိုက်တယ်။ နဂါးပြာက မစ်ရှင်အဖွဲ့ရဲ့ထိန်းချုပ်မှုအောက်မှာ ရှိမနေပေမဲ့ ကမ္ဘာအနှံကိုပတ်သွားပြီး နိုင်ငံပေါင်းစုံကို လိုက်လံကူညီနေတာပါ။ တောင်မြောက် အမေရိကကုန်းမြေနဲ့ ဥရောပကုန်းမြေတိုက်သုံးခုကို မစ်ရှင်အဖွဲ့က ကူညီပေးနေတဲ့အတွက် နဂါးပြာက အာရှကုန်းမြေဘက်ကိုရောက်နေတာပါ။
ဗီဒီယိုတွေပြလို့ပြီးတော့ အစီအစဥ်တင်ဆက်သူက စကားဆက်ပြောပြန်တယ်။ "အခုဆိုရင် မစ်ရှင်အဖွဲ့က ပိုးကောင်ရှင်းလင်းရေးနဲ့လူသားပိုက်နက်တွေကို ကာကွယ်ရေးအတွက် နေ့တိုင်းကြိုးစားအားထုတ်နေတာ တွေ့ရမှာဖြစ်ပါတယ်။ ဂရိတ်ဗြိတန်မင်းသမီးနဲ့ ငြိမ်းချမ်းရေးမဟာမိတ်ဥက္ကဋ္ဌဖြစ်တဲ့ မင်းသမီးလီလီယာကတော့ သာမန်ပြည်သူတွေအနေနဲ့ လုံခြုံရေးအတွက် အကာအကွယ်ရှိတဲ့မြို့တွေမှာပဲနေကြဖို့နဲ့ မလိုအပ်ဘဲ လုံခြုံရေးဇုန်ပြင်ပကို ထွက်တာတွေမလုပ်ဖို့ သတိပေးထားပါတယ်။"
....
မက်ဒါနာက သတင်းကိုနားထောင်နေရင်းက ပျင်းရိစွာနဲ့ သန်းဝေလိုက်တယ်။ သူ့လက်ထဲမှာတော့ ခဲဆော်တဲ့ဂေါက်ကိုကိုင်ထားပြီး နည်းပညာဆားကစ်တစ်ခုကို တပ်ဆင်နေတာပါ။
"ဒီနေ့ ငါတိုက်ရမယ့်တိုက်ပွဲလဲမရှိဘူးပဲ။ အိမ်မှာနေရတာ ပျင်းစရာကြီး။" မက်ဒါနာက ဆားကစ်ကို အပြီးတပ်ဆင်ပြီးတဲ့နောက် ခေါင်းညိတ်လိုက်ရင်းပြောပါတယ်။ အဲဒီနောက်တော့ ဆားကစ်ကို ဂရုတစိုက်ကိုင်လာပြီး စားပွဲခုံတစ်ခုံပေါ်မှာ အတတ်နိုင်ဆုံး တည်တံ့စွာထိုင်ဖို့ ကြိုးစားနေတဲ့ ဖရက်နားကိုရောက်လာပါတယ်။
ချက်... ချလက်....
မက်ဒါနာက ဆားကစ်ကို ဇက်သတ္တုလက်မောင်းတုထဲ ထည့်တပ်လိုက်ပြီး ဖရက်ရဲ့ဗလာဖြစ်နေတဲ့လက်နေရာမှာ တပ်ပေးလိုက်တယ်။ အဲဒီနောက် ခါးပေါ်ကိုလက်တင်ပြီး ခေါင်းညိတ်လိုက်တယ်။
"ပြီးပြီ၊ အနေတော်ပဲ။ ဒီလက်နဲ့ဆိုရင် နင့်စွမ်းအားကို ထိန်းချုပ်စရာမလိုပဲ ထုတ်လွှတ်လို့ရပြီ။ တကယ့်လက်အစစ်ထက်တောင် ပိုကောင်းဦးမယ်။"
မက်ဒါနာက ယုံကြည်မှုအပြည့်နဲ့ပြောလိုက်တော့ ဖရက်ကလည်း ပြန်ပြုံးပြလိုက်ပါတယ်။ သခင်မလေးက ဒီလောက်တောင် ယုံကြည်ချက်ရှိနေမှတော့ သူလည်း ဘယ်လိုလုပ်ပြီး သံသယဖြစ်ရပ်ပါတော့မလဲ။
"ဝင်ခွင့်ပြုပါရှင့်။" အေမီက စမ်းသပ်ခန်းထဲကို ဝင်မလာခင် အပြင်ကနေ ခွင့်တောင်းလိုက်ပြီးမှ တံခါးကိုသာသာလေးဖွင့်ကာ ဝင်လာပါတယ်။ လက်ထဲမှာတော့ စတီးဗန်းလေးတစ်ခုကိုကိုင်ထားပြီး ဖန်ခွက်လေးတွေ အစီအရီပါလာပါတယ်။ အထဲမှာတော့ သေချာညက်နေအောင်ဖျော်ထားတဲ့ စတော်ဘယ်ရီဖျော်ရည်နဲ့ ရေခဲတုံးတချို့ပါတာမြင်ရတယ်။
"စတော်ဘယ်ရီဖျော်ရည်လား။" မက်ဒါနာက သူ့ပစ္စည်းတွေကို ပြန်သိမ်းရင်းရနေတစ်ဖက် မေးလိုက်တော့ အေမီက ခေါင်းညိတ်ပြပြီးတော့ ပြန်ရှင်းပြပါတယ်။
"ဒီနေ့စျေးသွားရင်း လျှော့စျေးနဲ့ချရောင်းနေတာ တွေ့ခဲ့လို့လေ။ ခါတိုင်းဆိုရင် ပြည်နယ်အားလုံးကို တင်ပို့ရတာမလို့ ဝယ်လိုအားများပေမဲ့ အခုကျတော့ အနောက်ဘက်ကမ်းရိုးတန်းက ကုန်စည်တွေကို တခြားပြည်နယ်တွေဆီပို့ဖို့ မလွယ်တော့ဘူးလေ။"
မက်ဒါနာက သက်ပြင်းချလိုက်တယ်။ "လျှော့စျေးနဲ့သက်သက်သာသာရလာတာကောင်းပေမဲ့ တခြားရွေးစရာမရှိလို့ စျေးချရောင်းတာဆိုတော့ သူတို့အမြတ်ရောကျန်ပါ့မလား။"
စတော်ဘယ်ရီစျေးကျသွားတာက စားသုံးသူတွေဖို့ အဆင်ပြေတယ်ဆိုပေမဲ့ မြေဩဇာတွေ လုပ်အားခတွေအများကြီးသုံးထားပြီးမှ ဝယ်လိုအားကျသွားလို့ လျှော့စျေးပေးလိုက်ရတဲ့ စိုက်ပျိုးရေးကုမ္ပဏီအဖို့တော့ သတင်းကောင်းမဟုတ်ဘူးလေ။
မက်ဒါနာက ခဏလေးငိုင်သွားပေမဲ့ ခဏနေတော့ မျက်လုံးတွေက ပြန်တောက်ပလာပြီး ပြောလိုက်ပါတယ်။ "ဒါပေမဲ့ လောလောဆယ်တော့ အရသာကောင်းတဲ့ စတော်ဘယ်ရီဖျော်ရည်လေး ငါတို့သုံးဆောင်နိုင်တာပေါ့။ နောက်ပိုင်းပိုးကောင်တွေကို ငါရှင်းနိုင်သွားရင် အကုန်လုံးပြန်အဆင်ပြေသွားမှာပဲဥစ္စာ။"
"မမလေးက အရင်ကထက် အများကြီးပိုတက်ကြွနေသလိုပဲ။" အေမီကလည်း မက်ဒါနာကို ဖျော်ရည်ခွက် ကမ်းပေးရင်း ပြောလိုက်တယ်။ အဲဒီနောက်မှာတော့ ဖရက်ကို မပေးချင်ပေးချင်နဲ့ ကမ်းပေးပါတယ်။ ဒါပေမဲ့ ဗန်းထဲမှာ နောက်ထပ်ဖျော်ရည်ခွက်အကြီးနဲ့ဖျော်ရည်ခွက်အသေးတစ်ခွက်ရှိနေတုန်းပဲ။ မက်ဒါနာက အဲဒီခွက်နှစ်ခွက်ကို ကြည့်လိုက်ပြီး အေမီကို မေးလိုက်ပါတယ်။
"အေမီ၊ အဲဒီခွက်တွေက။ မဟုတ်မှလွဲရော နင်မှားပြီးပိုဖျော်လာတာလား။"
"မဟုတ်ရပါဘူး၊ ကျွန်မဖျော်လာတာ ကွက်တိပါပဲ။ သခင်မလေး အမှတ်မှားတာ ဖြစ်ပါလိမ့်မယ်။"
အေမီက ပြောပြောဆိုဆိုနဲ့ မက်ဒါနာကို ကျော်သွားပြီး စမ်းသပ်ခန်းထောင့်က တစ်နေရာမှာ စားပွဲခုံပေါ်ခေါင်းချအိပ်နေတဲ့ ဖရာလီတာရှေ့မှာ ရပ်လိုက်ပါတယ်။ အဲဒီနောက် စားပွဲခုံပေါ်ကို ခွက်အကြီးတင်ပေးလိုက်ပြီး ခုံကိုလက်နဲ့ခေါက်လိုက်ပါတယ်။
"မမလေး ဖရာလီတာရှင့်၊ စတော်ဘယ်ရီဖျော်ရည်ရပါပြီ။"
ရှူး.....
ဖရာလီတာဆီကနေ အသက်ကိုပြင်းပြင်းရှုထုတ်တဲ့ အသံထွက်လာပြီး အေမီကို အိပ်ချင်မူးတူးမျက်လုံးတွေနဲ့ မော့ကြည့်တယ်။ အဲဒီနောက် အေမီတင်ပေးထားတဲ့ ဖျော်ရည်ခွက်ကို လက်ကလေးနဲ့လှမ်းယူလိုက်ပြီး ပျင်းရိစွာနဲ့ ပိုက်ကိုကိုက်ဆက်သောက်ပါတယ်။
"ဟေ၊ ဖရာလီတာက ငါနဲ့တစ်ချိန်လုံး အခန်းထဲမှာအတူတူရှိနေတာလား။ သူအသံတစ်ချက်မှမထွက်ဘဲ အိပ်နေလို့ ငါမေ့သွားတာထင်တယ်။"
ဖရာလီတာကတော့ မက်ဒါနာကို မျက်ကွင်းညိုတွေနဲ့မကျေမနပ်မော့ကြည့်ရင်း ပြောလိုက်ပါတယ်။ "မက်ဒါနာ၊ ကောင်မစုတ်။ နင်ပဲငါပြန်ရောက်ရောက်လာချင်း ဖရက်ဖို့လက်အတုလုပ်မယ်ဆိုပြီး အတင်းဆွဲခေါ်လာတာလေ။ နင့်အတွက် ဆားကစ်ဒီဇိုင်းကူရေးပြီးမှ အိပ်ပျော်သွားတာ။"
အေမီကလည်း မက်ဒါနာကိုရယ်ချင်နေတဲ့မျက်နှာနဲ့ ကြည့်လိုက်ပြီးတော့ ဦးညွှတ်ပြီးပြောတယ်။ "မမလေးဖရာလီတာက မနေ့ကတစ်ညလုံး လုံခြုံရေးဇုန်တစ်လျှောက်ကင်းလှည့်ပြီးမှ ပြန်လာတာပါ။ သခင်မလေးက သူ့ကိုခေါ်ဒုက္ခပေးပြီး မေ့ပစ်လိုက်တယ်ဆိုတော့ တော်တော်ရက်စက်တာပဲ။"
"....." မက်ဒါနာ ပြောစရာစကားမဲ့သွားတယ်။ အေမီကတော့ အခုထိခပ်ပြုံးပြုံးပဲ။ ဖရာလီတာအနှိပ်စက်ခံရလို့ စာနာတဲ့လေသံနဲ့ပြောပေးနေပေမဲ့ တကယ်က ပျော်နေတဲ့ပုံပဲ။ ဒါပေမဲ့ 'ငါဘယ်အချိန်ကစပြီး ဒီလိုမေ့တတ်သွားတာလဲ။'ဆိုပြီး သူ့ကိုယ်သူပြန်မေးမိတဲ့အထိ အခုအခြေအနေက ဆိုးနေတာ။
"ထားပါတော့၊ ကျန်တဲ့တစ်ခွက်ကရော။ ငါ့ခွက်ထဲက ဖျော်ရည်တွေကုန်သွားရင် ဖြည့်ပေးဖို့အတွက် အပိုယူလာတာလား။"
မက်ဒါနာရဲ့မျက်လုံးအိမ်တွေက ကြောင်မျက်လုံးလိုမျိုး ထောင်လိုက်ဖြစ်သွားပြီး အေမီနောက်ချက်ချင်းရောက်လာတယ်။ လျှာကိုလည်း အပြင်ထုတ်ထားပြီးအကုန်လုံးသိမ်းကျုံးစားသောက်ချင်နေပုံပဲ။
"မဟုတ်ပါဘူး၊ ဒါကကျွန်မတို့ရဲ့အရေးပေါ်ထွက်ပြေးလွတ်မြောက်ရေးစနစ်ဖြစ်တဲ့ ဇွန်ဘီမလေးအတွက်။"
အေမီက ပြောပြောဆိုဆိုနဲ့ ခွက်သေးသေးလေးကိုင်လို့ စမ်းသပ်ခန်းထဲက အထူးရေခဲသေတ္တာနားမှာ ဆောင့်ကြောင့်ထိုင်ချလိုက်တယ်။ အဲဒီနောက် ရေခဲသေတ္တာလျှို့ဝှက်နံပါတ်ကိုရိုက်ထည့်ပါတယ်။ တံခါးပွင့်လာပြီးနောက်တော့ အထဲက ဇွန်ဘီမလေးထွက်လာပြီး သူတို့ကိုမော့ကြည့်တယ်။ ပါးစပ်ကနေ စကားသံထွက်မလာပေမဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေက 'မနက်စာစားချိန်ရောက်ပြီလား'လို့ မေးနေသယောင်ယောင်။
"ရော့၊ ဒီမှာနင့်ဖို့။" အေမီက ဇွန်ဘီမလေးလက်ထဲကို ဖျော်ရည်ခွက်အသေးလေးထည့်ပေးလိုက်ပါတယ်။ ဇွန်ဘီမလေးက ပိုက်ကိုပါးစပ်နဲ့ကိုက်ပြီး ချစ်စဖွယ်ပုံစံနဲ့ စပြီးသောက်တယ်။ မက်ဒါနာကတော့ နောက်ကနေ ကြည့်နေရင်းနဲ့ သူ့ခေါင်းသူခေါက်လိုက်ပါတယ်။
"ဒီကောင်မလေးကို ငါဝှက်ထားရင်းကနေ လုံးဝရှိမှန်းမေ့သွားတာလား။" တကယ်တော့ ဘယ်တော့မှမကြီးတော့ဘဲ ထာဝရလိုလီဖြစ်နေမဲ့ ဇွန်ဘီမလေးကို ဦးလေးကြီးတွေရန်ကနေ ကာကွယ်ဖို့ဆိုပြီး ဒီအခန်းထဲမှာ သော့ခတ်သိမ်းထားတာ မက်ဒါနာကိုယ်တိုင်ပဲလေ။ အခုကျ သူကိုယ်တိုင်မေ့နေလေရဲ့။
"ဒါနဲ့၊ ဆိုဖီယာတို့ကိုရောမတွေ့ပါလား။ ခါတိုင်းဆို သူတို့လည်း နင်နဲ့အတူဝင်လာနေကျပါ။" မက်ဒါနာက လက်ပိုက်လိုက်ရင်း ပြောလိုက်တယ်။ အေမီကတော့ အခုလိုသတိပေးလိုက်ပြန်တယ်။
"သခင်မလေးမေ့နေပြန်ပြီလား။ အခုက ဆိုဖီယာကင်းလှည့်ရမယ့်အလှည့်လေ။ ဖလေရာနဲ့လင်ဒါကတော့ နယူးယောက်မြို့တော်ဝင်ရုံးကိုသွားကြတယ်။ သူတို့နှစ်ယောက်က မြို့တော်ဝန်ရွေးပွံဝင်ပြိုင်ဖို့ မှတ်ပုံတင်ထားတယ်လေ။ ဒီနေ့ညနေ တခြားမြို့တော်ဝန်လောင်းတွေနဲ့ စကားနိုင်လုရမှာ။"
"ဟမ်၊ သူတို့နှစ်ယောက်က ဘယ်ကနေဘယ်လို အဲဒီအကြံရလာတာပါလိမ့်။" မက်ဒါနာက ခေါင်းကုတ်လိုက်ပါတယ်။ သူတို့အုပ်စုက မစ်ရှင်အဖွဲ့ထဲမှာပါပြီးသားလေ။ နယူးယောက်မြို့တော်ဝန်ရာထူးက အရေးကြီးတယ်ဆိုပေမဲ့ မစ်ရှင်အဖွဲ့ဝင်တွေအနေနဲ့ သူတို့ကိုယ်သူတို့ အဆင့်နှိမ့်ပစ်လိုက်သလိုပဲ။
ဒါပေမဲ့ မက်ဒါနာကတော့ မနေနိုင်မထိုင်နိုင် အဲဒီနှစ်ယောက်ကို မြို့ဝန်မမတွေအဖြစ် စိတ်ကူးထဲမှာပြေးမြင်လိုက်မိတယ်။
"အင်း၊ ဖလေရာလို စီအီးအိုမမတစ်ယောက် မြို့တော်ဝန်ဖြစ်လာရင် ဘယ်လိုပုံစံမျိုးဖြစ်လောက်မလဲ။" မက်ဒါနာက စဥ်းစားလိုက်တော့ ဘေးမှာရှိနေတဲ့အေမီက အတည်ပေါက်နဲ့ ဝင်ပြောရှာပါတယ်။
"နယူးယောက်မြို့ထဲက ရှိသမျှယောက်ျားလေးတွေအကုန် သူ့ခြေအိတ်ရှည်တွေကြောင့် ရူးနှမ်းကုန်မှာပါ သခင်မလေး။"
"....." မက်ဒါနာတစ်ယောက် နောက်ပြောမယ့်စကားတောင် နင်သွားတယ်။ ဒါပေမဲ့ အေမီရဲ့စကားကို နှုတ်ခမ်းပေါ်လက်တင်ပြီး စဥ်းစားကြည့်တော့ အဓိပ္ပါယ်ရှိကြောင်း တွေးမိလိုက်တယ်။
"အင်း၊ ဖလေရာက ခြေအိတ်ရှည်တွေနဲ့လိုက်တယ်လေ။ လင်ဒါဆိုရင်ရော။"
"သူ့စကားနားမထောင်တဲ့သူတွေကို ဖိနပ်နဲ့နင်းပစ်လောက်မယ်ထင်ပါတယ်။" အေမီက ပြောလိုက်ပါတယ်။ ဒီတစ်ခါတော့ မက်ဒါနာက အများကြီးတွေးမနေဘဲ ခေါင်းညိတ်သဘောတူလိုက်တယ်။ ဖလေရာက အခုရဲအလုပ်က ထွက်ပြီးပေမဲ့ ဘာကြောင့်မှန်းမသိ ရဲမေဒေါက်ဖိနပ်စီးနေတုန်းပဲ။ ပြီးတော့ အဲဲဒီရဲမေ
ဒေါက်နဲ့အကန်ခံရရင် တကယ်နာတာ။ သူခံရဖူးလို့လေ။
"ဒါပေမဲ့ သူတို့နှစ်ယောက်က မစ်ရှင်အဖွဲ့ကလူတွေလေ။ ဘာကိစ္စမြို့တော်ဝန်ရွေးပွဲမှာ ဝင်ပြိုင်မှာလဲ။ မြို့တော်ဝန်ဖြစ်လာရင်တောင် မစ်ရှင်တွေကြောင့် မြို့ကိုဂရုစိုက်ပေးနိုင်မှာမှမဟုတ်တာ။"
အေမီကတော့ မက်ဒါနာရဲ့စကားကြောင့် သက်ပြင်းရှည်ကြီးချပြီးတော့ အခုလိုမျိုး ကကြီးကနေ အထိအောင် ရှင်းပြပါတော့တယ်။
"မမလေးက အခုဆုဗာနာရဲ့မင်းသမီးလည်းဖြစ် ဂုဏ်ထူးဆောင်စစ်သေနာပတိလည်းဖြစ်နေတဲ့အပြင် မဟာမိတ်မစ်ရှင်အဖွဲ့ခေါင်းဆောင်လေ။ ဒါပေမဲ့ သူတို့ကျတော့ ဘာဂုဏ်ပုဒ်မှရှိကြတာမဟုတ်ဘူး။ အစကတော့ ပြဿနာမရှိပေမဲ့ နှစ်သစ်ကူးအကြိုညက Red, White and Royal Blue ဆိုတဲ့ရှေးဟောင်းကားကြီးကြည့်ပြီးတော့ အဲဲဒီအရူးရောဂါထတော့တာပဲ။"
.....
"ဒီတော့ ဗြိတိန်မင်းသားလေးနဲ့အမေရိကန်သမ္မတသားလေးရဲ့အချစ်ဇာတ်လမ်းပေါ့နော်။ သူတို့နှစ်ယောက်လုံးက မျိုးရိုးမြင့်ပြီး နေနဲ့လ ရွှေနဲ့မြလိုမျိုး တင့်တယ်လိုက်တာ။" ရုပ်ရှင်ကြည့်နေရင်းကနေ ဖရာလီတာက စိတ်ကူးယဥ်ရင်း သက်ပြင်းချလိုက်တယ်။
အဲဒီနောက်တော့ ဖရာလီတာက သူနဲ့အတူကြည့်နေတဲ့ ဖလေရာနဲ့လင်ဒါဘက်ကို လှည့်ပြီးမေးလိုက်ပါတယ်။ "ဟေး၊ နင်တို့နှစ်ယောက်။ နင်တို့နှစ်ယောက်က သာမန်လူတွေမဟုတ်လား။"
လင်ဒါက ရုတ်တရက်ကြီးမေးခံလိုက်ရတဲ့အတွက် ဖရာလီတာကိုကြည့်ပြီး ပြောလိုက်ပါတယ်။ "ဖရာလီတာရေ၊ နင်စိတ်ကူးယဥ်ပြီး ဘာတွေတွေးနေမှန်းမသိပေမဲ့ ငါတို့အဖွဲ့ထဲမှာ နင်ပဲ သူကောင်းမျိုးရှိတာလေ။ နင်က ဗစ်ကောင့်မဟုတ်ဘူးလား။"
ဒါပေမဲ့ ဖရာလီတာကတော့ ချေမိုးနေတဲ့မျက်နှာနဲ့ ခေါင်းခါပြလိုက်ပြီး "ဘယ်ကသာ၊ ငါတစ်ယောက်တည်း မဟုတ်ပါဘူး။ မက်ဒါနာလည်း တော်ဝင်မျိုးပဲဥစ္စာ။ သူဆို နယ်စားမင်းသမီးလေ။"
ဖလေရာက ဖရာလီတာကို လက်ပိုက်ပြီးကြည့်လိုက်တယ်။ "ဒါတော့ ငါသိတာပေါ့ဟဲ့။ ငါက မင်းလွင်ကို ဟိုးအရင်ကတည်းက သိလာတာမလို့ သူ့ကိုတော်ဝင်မျိုးတစ်ယောက်လို့မမြင်တာ ဟုတ်ပြီလား။" ပြောရရင် အုပ်စုထဲမှာ မက်ဒါနာကို အရင်ဆုံးတွေ့ဖူးတာက အကြီးဆုံးဖြစ်တဲ့ ဖလေရာလေ။
"ပြီးတော့ သူ သူကောင်းမျိုးဖြစ်မဖြစ်က ငါ့အတွက် လည်း ဘာမှအရေးမပါဘူး။ ငါ့အတွက်တော့ သူက ဒီအတိုင်း အိမ်ရှင်မလေးပဲဥစ္စာ။" လင်ဒါကလည်း မက်ဒါနာဟင်းချက်နေတဲ့ ပုံရိပ်လေးကို ပြန်မြင်ယောင်ပြီး ပြောလိုက်တယ်။
ဒါပေမဲ့ ဖရာလီတာကတော့ နှာခေါင်းရှုံ့လိုက်ပြီးတော့ "ဟွန့်၊ သာမန်လူတွေများ ဒုံးဝေးလိုက်ကြတာ။ သူကောင်းမျိုးတစ်ယောက်က တခြားသူကောင်းမျိုးတစ်ယောက်နဲ့လက်ဆက်နိုင်မှ ခမ်းနားတင့်တယ်ပြီး အထက်တန်းဆန်ဆန် ရိုမန့်တစ်လို့ရမှာဟဲ့။ အများကြီးမတွေးရင်တောင် အနည်းဆုံးတော့ တို့နှစ်ယောက်ရဲ့မင်္ဂလာဆောင်မှာ နယ်စားမင်းသမီးမက်ဒါနာနဲ့ ဗစ်ကောင့်ဖရာလီတာဆိုပြီး ထည့်လို့ရတယ်။"
ဖရာလီတာက စိတ်ထဲမှာ ဘာမှမတွေးဘဲ ဗလာဦးနောက်နဲ့ပြောလိုက်တာဖြစ်ပေမဲ့ 'အထက်တန်းဆန်တဲ့ ရိုမန့်တစ်'ဆိုတဲ့စကားလုံးက ဖလေရာနဲ့လင်ဒါတို့နှစ်ယောက်ရဲ့မသိစိတ်ထဲကို နစ်မြုပ်ဝင်သွားပြီ။ ဖြစ်လာမယ့်အကျိုးဆက်ကို အဲဒီတုန်းက ဖရာလီတာကိုယ်တိုင်တောင် သတိမထားမိလိုက်ဘူး။
.....
"ဒီလိုနဲ့ နယူးယောက်မှာ မြို့တော်ဝန်ရာထူးလစ်လပ်နေလို့ မြို့တော်ဝန်ရွေးချယ်ပွဲလုပ်မယ်ကြေညာပြီးမကြာခင်မှာပဲ မစ်ရှင်အဖွဲ့ဝင်နှစ်ယောက်ဖြစ်တဲ့ ဖလေရာနဲ့လင်ဒါတို့က တစ်သီးပုဂ္ဂလမြို့ဝန်လောင်းတွေအဖြစ် ဝင်ပြိုင်ဖြစ်ကြတယ်ဆိုပါတော့။" အေမီက မက်ဒါနာကို လက်ညိုးလေးတစ်ထောင်ထောင်နဲ့ ရှင်းပြနေရင်းကနေ အဆုံးသတ်လိုက်တယ်။ တစ်ချိန်တည်းမှာပဲ မက်ဒါနာသောက်လို့ကုန်သွားတဲ့ ဖျော်ရည်ခွက်ကို သိမ်းယူလိုက်တယ်။
"ဒီတော့ သူတို့နှစ်ယောက်က ကောင့်မြို့စားဂုဏ်ပုဒ်နဲ့ညီမျှတဲ့ မြို့ဝန်ရာထူးအတွက် ဒီညပြိုင်ကြတော့မယ်ဆိုပါတော့။"
မြို့တော်ဝန်တွေဆိုတာက ဟန်အားဖြင့် ကောင့်မြို့စားတွေနဲ့အတူတူပဲလေ။ ကောင့်မြို့စားက စည်းမျဥ်းခံပဒေသရာဇ်နိုင်ငံတွေမှာ မြို့တွေကိုမအုပ်ချုပ်ရတော့ပေမဲ့ အစဥ်အလာအားဖြင့်တော့ မြို့တော်ဝန်နဲ့ကောင့်တွေက မတူညီတဲ့စနစ်နှစ်ခုရဲ့တူညီတဲ့ရာထူးအဆင့်အတန်းပါ။ မြို့ဝန်တွေက တာဝန်ထမ်းဆောင်ရတဲ့ သက်တမ်းတစ်ခုရှိလို့ သူကောင်းမျိုးလို့ပြောမရပေမဲ့ ရှေ့ကနေ မြို့တော်ဝန်ဘယ်သူဆိုပြီး နာမည်တပ်လို့ရတယ်။ ပြီးတော့ ကောင့်နဲ့ညီမျှတာမလို့ ဗစ်ကောင့်ဖြစ်တဲ့ ဖရာလီတာထက်လည်း တစ်ဆင့်မြင့်နေသေးတယ်။ တစ်နည်းအားဖြင့် ဖလေရာတို့ရဲ့အကြံသာအောင်မြင်ရင် သူတို့ကိုနှိမ်ထားတဲ့ ဖရာလီတာကို နှာတစ်ဖျားအသာကနေ ဆက်ဆံလို့ရပြီ။
"သောက်ကျိုးနည်း၊ မြို့ဝန်ရုံးကရော သူတို့ဝင်ပြိုင်မှာကို ဒီတိုင်းပဲ လက်ခံလိုက်တာလား။" မက်ဒါနာက မယုံနိုင်စွာနဲ့ ရေရွတ်လိုက်တယ်။
"မြို့ဝန်ရုံးက ဘာကြောင့်လက်ခံလဲဆိုတာကိုတော့ ကျွန်မသိတယ်ထင်တယ်။ ဘာပဲပြောပြော မစ်ရှင်အဖွဲ့က မဟာမိတ်ထဲမှာ လွှမ်းမိုးမှုအရှိဆုံးအုပ်စုလေ။ မစ်ရှင်အဖွဲ့ဝင်တစ်ယောက်သာ နယူးယောက်မြို့ဝန်ဖြစ်လာရင် တခြားမြို့ကလူတွေကို ခေါင်းမော့ရင်ကော့ပြီး ကြွားလို့ရပြီလေ။"
မက်ဒါနာတစ်ယောက် အေမီပြောနေတဲ့ စကားတွေကို နားထောင်ရင်းကနေ မျက်လုံးထဲမှာ မြို့ဝန်ရုံးဝန်ထမ်းတွေလိုဝတ်ထားတဲ့ ဖရီးမေဆင်ဂိုဏ်းသားတွေ ပြိုင်တူရယ်နေတဲ့မြင်ကွင်းကို မြင်ယောင်လာရော။ အေမီပြောတာက ကျိုးကြောင်းသင့်တယ်ဆိုပေမဲ့ ပိုဖြစ်နိုင်တာက ဖရီးမေဆင်ကောင်တွေ အားယားနေလို့ ဒီလိုပွဲဖြစ်မယ့်ကိစ္စမျိုးကို ခွင့်ပြုပေးတာပဲနေမှာ။
"အခုဝင်ပြိုင်ဖို့လုပ်နေတဲ့ မြို့ဝန်လောင်းတွေကရော ဘာပြောကြလဲ။"
"ဖလေရာတို့နှစ်ယောက်ဝင်မလာခင်က နံပါတ်တစ်ပြေးနေခဲ့တဲ့ ဂျင်ကယ်ကီဆိုတဲ့သူက မစ်ရှင်အဖွဲ့ကို ပျစ်ပျစ်နှစ်နှစ်အပြစ်တင်ထားပါတယ်။ ဆုဗာနာဩဇာခံ မစ်ရှင်အဖွဲ့ဝင်နှစ်ယောက်ကို လက်မခံဖို့အပြင် မမလေးကိုတောင် ဆဲဆိုထားသေးတယ်။ နည်းနည်းရိုင်းတယ်ဆိုပေမဲ့ ကြည့်ဦးမလား။"
"တော်ပါပြီ၊ အဲဒီကောင် ဘယ်လောက်ပေါက်ကွဲနေလဲ ငါတွေးကြည့်ရုံနဲ့တင်သိတယ်။ ဖလေရာတို့ဝင်လာတော့ သူနံပါတ်သုံးဖြစ်သွားတယ်မဟုတ်လား။"
"အတိအကျပါပဲမမလေး။" အေမီက မက်ဒါနာကို ပြုံးပြီးတော့ ပြောလိုက်တယ်။