ချောက်နက်လေးနှင့် နေထိုင်ခြင်း

By SiriTaLin

25.6K 4.3K 100

Zhùshì shēnyuān [မြန်မာဘာသာပြန်] စာရေးသူ-ကျန်းဝေကျီး Status in COO (124+12 extras) More

Description
1.1 - Little Monster
1.2 - Little Monster
2.1 - Alien
2.2 - Alien
3.1 - Abyss
3.2 - Abyss
4.1 - Hijack
4.2 - Hijack
5 - Reunion
6 - He and the city
8 - Convince
9 - World
10 - Wolf Tooth Pendant
11 - Wild Rose Theater
12 - Stage in the wheat field
Announcement
13 - The tyrant Shi Yun
14 - The Martyr
15 - Nightmare
16.1 - Sleeping together & invitation
16.2 - Sleeping together & invitation
16.3 - Sleep together & invitation
16.4 - Sleep together & invitation
17 - First act of the play
18 - Nicknames
19 - Their Stories
20 - Xuejian flower
21 - Psychological Evaluation
22 - Changes
23 - Shelter
24 - Cookies & Flowers
25 - Triumph
26 - His gift
27 - Playing cards!
28 - A fish
29 - Performances & Flowers
30 - Rainbow Sword
31 - Some past

7 - Knotted tail

692 144 3
By SiriTaLin

အပိုင်း ၇ ။ ။ အမြီးထုံး


ဝမ်းယွီသည် သူ အမှားတစ်ခုခုကို လုပ်လိုက်မိပြီး နဂိုအတိုင်း ပြန်မဖြစ်နိုင်တော့သည်ကို သိလိုက်သည်။

စက္ကန့် အနည်းငယ်လောက် တွေးကြည့်ပြီးသည့် နောက် ထိုပြဿနာမှ အာရုံပြောင်းရန် သူ ဆုံးဖြတ်လိုက်ပြီး ညင်သာစွာဖြင့် "ရှီယွမ်၊ ဒီလိုလုပ်ပါလား၊ မင်း ဘာလို့ လူပါးဖန်းနဲ့ သွားမကစားတာလဲ၊ သူက ငါတို့ တဲရဲ့ ဘေးက တဲမှာပဲလေ၊ သူဆို ငါ့ထက် ပို ပျော်စရာကောင်းမှာ"

"အိုခေ" ရှီယွမ်ပြောလိုက်သည်။

အနည်းငယ်မျှပင် သံသယမဖြစ်ပါဘဲ သူသည် လူပါးဖန်းကို ရှာရန် ထွက်ခွါသွားတော့သည်။

ဝမ်းယွီသည် လေထဲတွင် အေးခဲသည်အထိ တစ်ခဏမျှ ကြာအောင် ရပ်နေခဲ့သည်၊ ထို့နောက် အကြွေစေ့ကို ကောက်ရန် ငုတ်တုတ်ထိုင်ချလိုက်ပြီး အသံတိုးတိုးဖြင့် "ဒါသာ ဒေါင်လိုက်ကျရင် ငါ ၅မီလီယံ နိုင်လိမ့်မယ်"

သူမ၏ လက်များဖြင့် အကြွေစေ့ကို တောက်လိုက်သည့်အခါ အကြွေစေ့သည် ပျံတက်သွားပြီး မြေပြင်ပေါ်သို့ အပြားလိုက် ကျသွားတော့သည်။

ဝမ်းယွီသည် အကြိမ်ပေါင်းများစွာ ကြိုးစားပါသည့်တိုင် အကြွေစေ့လေးသည် အကြိမ်တိုင်းတွင် မြေပြင်ပေါ်၌ အပြားလိုက်လေးသာ လဲလျောင်းနေလေသည်။ သူမသည် စိတ်ဓါတ်ကျစွာဖြင့် "ဘာဖြစ်နေတာလဲ၊ ဘယ်လိုဖြစ်လို့ အပြားလိုက်ပဲ ကျနေရတာလဲ၊ ခုဏကတော့ သိသိသာသာကို တည်တည်ငြိမ်ငြိမ်နဲ့ ဒေါင်လိုက်လေးဖြစ်နေပြီးတော့..."

လူပါးဖန်းသည် တဲထဲတွင် သူ၏ သေနတ်ကို သုတ်နေစဉ်၌ သူသည် ဝမ်းယွီမှ သူ့ကို ဘယ်လောက်တောင်မှ ကြီးလေးသည့် တာဝန်ကို အပ်နှံလိုက်သည်ဆိုသည်အား မသိရှိပေ။

ရှီယွမ်သည် မရဲတရဲဖြင့် တဲတံခါးပေါက်ကို ဖွင့်လိုက်ကာ ဝင်လိုက်ပြီး လူပါးဖန်းဆီသို့ သံလိုက်အိမ်မြှောင်ကို ကမ်းပေးလိုက်သည် "မင်းရဲ့ ဥ"

လူပါးဖန်းသည် ထို ဥ အကြောင်းကို မေ့သွားပြီ ဖြစ်ပြီး ရှီယွမ်ကို ပြန်လည် တုံ့ပြန်မှုမပြုခင် အနည်းငယ်မျှ တွေးတောနေမိသည်၊ သူ ယူရမလား မယူရဘူးလား၊ နောက်ဆုံးတွင် သူ ယူလိုက်ပြီး ပြန်ပြောလိုက်၏ "ကျေးဇူးပဲ"

ရှီယွမ် : "ကျွန်တော် နောက်ထပ် ဥတစ်လုံးကိုတော့ ထပ် ရှာလို့ မရနိုင်တော့ဘူး၊ ဝမ်းနည်းပါတယ်"

လူပါးဖန်း : ".....ကျေးဇူးပဲ"

ရှီယွမ်သည် လူပါးဖန်း၏ နံဘေးတွင် တစ်ချိန်လုံးထိုင်နေခဲ့ပြီး မေးခွန်းမေးရန် လူပါးဖန်း သူ့ သေနတ်ကို သန့်ရှင်းရေးလုပ်ပြီးသည် အထိ စောင့်ဆိုင်းနေခဲ့သည် "လုထင်းဟန်က ဘယ်မှာလဲဆိုတာကို မင်း သိလား?"

သူ လုထင်းဟန်ကို ရှာချင်နေတုန်းပင်။

"ငါ မသိဘူး" လူပါးဖန်းမှ ပြောလိုက်သည်။

ရှီယွမ် မေးလိုက်ပြန်သည် "သူ့ကို ရှာဖို့ တကယ်ကို နည်းလမ်းမရှိတော့ဘူးလား?"

လူပါးဖန်းသည် လုထင်းဟန်မှ ရှီယွမ်အား ကယ်ဆယ်ခဲ့သည်ကို သတိရလိုက်ပြီး ရှီယွမ်မှ ကျေးဇူးတင်နေခြင်းဖြစ်မည်ဟု တွေးတောလိုက်သည်။

လူပါးဖန်းမှ "ဗိုလ်ချုပ်လုက နာရီအနည်းငယ်လောက်ကြာရင် လေယာဉ်နဲ့ ပြန်လာလိမ့်မယ်။ လေယာဉ်ဆင်းတဲ့အထိ စောင့်လိုက်ဦး ပြီးရင် သွားကြည့်ကြမယ်လေ၊ ငါတို့တွေ သူ့ကို တွေ့နိုင်လောက်မှာပါ။ ဒါပေါ့ မင်းသူ့ကို လူချင်းတွေ့ပြီး ကျေးဇူးတင်နေစရာမလိုပါဘူး၊ အဝေးကနေ သူ့ကို ကြည့်နေရုံနဲ့ လုံလောက်နေပြီလေ"

"အိုခေ" ရှီယွမ်သည် အရမ်းပျော်သွားပြီး လူပါးဖန်း၏ နောက်ဆုံး စကားတို့ကိုလည်း အလိုအလျောက်ပင် လျစ်လျှူရှုပစ်လိုက်သည် "ဒါဆို ကျွန်တော်တို့ အခု ဘာလုပ်ကြမလဲ?"

လူပါးဖန်းသည် တစ်ခဏလောက် စဉ်းစားကြည့်လိုက်ပြီး "မင်း မစားရသေးဘူးမလား? ရာသီဥတုကလည်း အေးတယ်၊ ငါတို့ အရင်ဆုံး အာလူးစွပ်ပြုတ်တစ်ပန်းကန်လောက် သွားသောက်ရအောင်"

ဒီလိုနှင့် ရှီယွမ်သည် လူပါးဖန်း နောက်သို့ လိုက်ပါသွားပြီး လမ်းလျှောက်နေရင်းဖြင့် မေးလိုက်သည် "ကျွန်တော်တို့က ဘာလို့ လေယာဉ်စီးလို့မရတာလဲ?"

သူ လေယာဉ်စီးဖို့ ကြိုးစားကြည့်ချင်နေ၏။

"ဒီမှာ လေယာဉ် နည်းနည်းပဲ ရှိတာလေ၊ ဗုံးကျဲဖို့ ဒါမှမဟုတ် အထက်အရာရှိကြီးတွေကို တင်ဆောင်ဖို့ပဲ ရှိတာ" လူပါးဖန်းမှ ပြောလေသည် "ပိုက်ဆံဆိုတာ ချင့်ချိန်ပြီး သုံးသင့်တယ်လေ ဟုတ်တယ်မလား?"

"တစ်နေ့ကျရင် မင်း လေယာဉ်စီးနိုင်မှာလား?" ရှီယွမ်မှ မေးလိုက်သည်။

လူပါးဖန်းသည် ပြုံးလိုက်ကာ "ဖြစ်နိုင်ပါတယ်လေ! ငါက ဗိုလ်ချုပ်လုကို လေးစားပါတယ်၊ အကယ်၍ ငါသာ သူဆိုရင် လေယာဉ်ပေါ်မှာ စားသောက်ကုန်တွေအကုန်ဝယ်ထည့်ပြီး ကောင်းကင်ပေါ်မှာ ပျံသန်းနေရတဲ့ ခံစားချက်ကို ကောင်းကောင်းကြီး ပျော်မွေ့လိုက်မှာ။ ဒါပေါ့ ဒီလိုနေ့ရက်မျိူးက ဘယ်တော့မှ ရောက်လာမှာ မဟုတ်ဘူးလေ၊ ဟားဟားဟားဟားဟား!"

"မဟုတ်လောက်ပါဘူး" ရှီယွမ်မှ ပြောလိုက်သည်။

လူပါးဖန်းသည် ရပ်တန့်သွားပြီး ရှီယွမ်သည် သူ့အပေါ် အကောင်းမြင် ယုံကြည်မှု ရှိနေခြင်းအပေါ် ရုတ်ချည်း စိတ်လှုပ်ရှားသွားတော့သည်။

ရှီယွမ်သည် ရှဲ့ချန်းမင်မှ လူတွေ သေလွန်ပြီးနောက် ဝိဉာဉ်များက ကောင်းကင်ပေါ်သို့ တက်သွားသည်ဟု ပြောခဲ့သည်ကို ကြားဖူးထားပြီး လူပါးဖန်းကို စိတ်ရင်းမှန်ဖြင့် နှစ်သိမ့်ပေးလိုက်သည် "မင်း သေသွားတဲ့အခါ ကောင်းကင်ပေါ်မှာ ပျံသန်းနိုင်မှာပါ"

လူပါးဖန်း : "....."

လူပါးဖန်း : "ရှီယွမ်၊ မင်းက တစ်ခါတလေဆို နည်းနည်းတော့ ကြောက်ဖို့ကောင်းသလားလို့"

ရှီယွမ် : ?

သူတို့နှစ်ဦး အနက်ရောင်တဲဆီသို့ ရောက်သွားသည့်အခါ လူပါးဖန်း လိုက်ကာကို ဖွင့်လိုက်သည်နှင့် အသားနံ့သင်းနေသည့် ပူပူနွေးနွေး လေညှင်းလေးများက သူတို့ နှစ်ယောက်သားထံသို့ ရိုက်ခတ်သွားလေသည်။ တဲအတွင်းထဲတွင် ထမင်းနှင့် ပေါင်မုန့်တို့ဖြင့် တွဲစားနိုင်ရန် ကြီးမားသော အပူခံရေပုံးကြီးထဲ၌ အသားအများကြီး မပါရှိသည့် အာလူးဟင်းရည်ပူတို့က ပွက်ပွက်ထနေပြီး ခေါက်ဆွဲများကလည်း ကျိုးတိုးကျဲတဲဖြင့် ပေါလောပေါ်နေပေသည်။

လူပါးဖန်းသည် ချက်ပြုတ်နေသည့်သူ ထံသို့ စကားအနည်းငယ်ပြောပြီးသည့်နောက် စွပ်ပြုပ်နှစ်ပန်းကန်နှင့် ပေါင်မုန့်ရလာလေသည်၊ ထို့နောက် သူသည် ရှီယွမ်ကို နောက်တဲတစ်ခုဆီသို့ နေရာတစ်ခုရှာပြီး ထိုင်စားရန် ခေါ်ဆောင်လာခဲ့သည်။ ထို တဲထဲသို့ လူပါးဖန်း ဝင်ရောက်ပြီးသည်နှင့် တစ်ပြိုင်နက် ရပ်တန့်သွားမိတော့သည်။

"ဘာဖြစ်လို့လဲ?" ရှီယွမ် မေးလိုက်သည်။

"ဘာမှမဟုတ်ဘူး၊ ဝင်လာခဲ့လေ"

တဲ၏ တံခါးပေါက်ဘေးတွင် ခေါက်စားပွဲနှင့် ကုလားထိုင်များရှိနေပြီး ကင်းလှည့်ပြီး၍ ပြန်ရောက်လာသည့် စစ်သားအုပ်စုတစ်စုသည် ထိုနေရာတွင် စားသောက်နေကြသည်။

ပထမဆုံး ရှီယွမ်ကြားလိုက်ရသည့် အသံသည် တကျွတ်ကျွတ် ကိုက်ဝါးနေသည့် အသံပင်ဖြစ်သည်။ ထိုအသံသည် သိသိသာသာကို ကျယ်လောင်လွန်းလှပြီး ထိုအသံကို ကြားရသည့် မည်သူမဆို ထိုအရာသည် လတ်ဆတ်ပြီး အရည်ရွှမ်းသည့် အသားတုံးဖြစ်ရမည်ဟု တွေးထင်မိကြပေမည်။

ရှီယွမ် ကြည့်ကြည့်လိုက်သည့်အခါ မုတ်ဆိတ်မွှေးနှင့် လူတစ်ယောက်သည် အသားစိမ်း အပိုင်းတစ်ခုကို ကိုင်ထားကာ သွေးများကလည်း သူ့လက်ချောင်းများမှ တစ်စက်စက်ကျနေပြီး ထိုလူသည် ဝါးစားလိုက်၊ အရိုးကိုက်လိုက် ပြီးလျှင် သွေးများကို စုပ်လိုက်ဖြင့် ထိုလူ၏ မျက်လုံးများက စိတ်လှုပ်ရှားမှုတို့ကြောင့် အလင်းရောင် တောက်နေပုံမှာ သားရဲကောင်ကြီးကဲသို့ပင်။ မျက်လုံးတစ်ဖက်နဂါး တူးယန်လုံကဲ့သို့ ထိုလူ၏ မျက်နှာသည်လည်း မြွေအကြေးခွံတို့ဖြင့် ဖုံးလွှမ်းလို့နေပြီး သူ စကားပြောလိုက်သည့်အခါတိုင်းတွင် ချွန်ထက်နေပါသည့် သွားစွယ်နှစ်ချောင်းကို လှစ်ဟပြသလျက် ခက်ရင်းခွကဲ့သို့သော လျှာနှစ်ခွကိုလည်း အနည်းငယ် မြင်နေရပေသည်။

ထိုလူနှင့် စားပွဲတစ်ခုထဲတွင် ထိုင်နေကြသည့် စစ်သားများမှာ မြို့တော်မှ ရောက်ရှိလာသည့် စစ်ကူတပ်မှ ဖြစ်၏။ ထိုစစ်သားများသည် အသားစိမ်းမစားသော်လည်း သူတို့သည် သာမာန်လူများနှင့် ကွာခြားနေဆဲပင် ဖြစ်သည်။ အချို့လူများ၏ ဦးခေါင်းပေါ်တွင် သမင်ဦးချိုများရှိနေကြပြီး အချို့တွင် ဝံပုလွေ လက်သည်းများရှိနေကြသည်၊ ကျန်သည့် တခြားလူများ၏ သားရေများတွင်တော့ ငှက်မွှေးများဖြင့် ဖုံးလွှမ်းလို့နေကြပေ၏။

သူတို့တွေသည် ပျင်းရိစွာထိုင်နေကြပြီး ဘေးပတ်ဝန်းကျင်ကို ဂရုမစိုက်သည့်အတိုင်းပင် စားသောက်ပျော်မွေ့နေကြသည်။ သူတို့တွေသည် ရှင်းရှင်းလင်းလင်းပင် လက်နက်များကိုင်ဆောင်မထားသော်လည်း ရှစ်ယွမ်သည် သူတို့ထံမှ မကောင်းဆိုးဝါးသတ္တဝါများ၏ သွေးနံ့ကို ရကာ မကောင်းဆိုးဝါး သတ္တဝါများ၏ အော်ဟစ်နေသံကို ကြားလိုက်ရသည်၊ ထို သွေးနံ့နှင့် အော်ဟစ်သံများသည် အချိန်နှင့်အာကာသကို ဖြတ်သန်းကာ ရှစ်ယွမ်ထံသို့ တောင်ကြီးသဖွယ် ရောက်ရှိလာသည်ပင်။ သူသည် ထိုအုပ်စုက သာမန်စစ်သားများနှင့် ကွာခြားနေကြောင်းကို ခံစားသိရှိလိုက်သည်။ သူတို့တွေသည် အလွန့် အလွန် များပြားသည့် မကောင်းဆိုးဝါးသတ္တဝါများကို သတ်ဖြတ်ခဲ့ပြီး ရှစ်ယွမ်ပင် စိတ်မကူးမိနိုင်လောက်သော အလွန်များပြားလွန်းလှသည့် မကောင်းဆိုးဝါး သတ္တဝါများကို သတ်ဖြတ်ခဲ့ကြပေသည်။

'..... ဒီ လူအုပ်စုက အန္တရာယ်များတယ်!

သူတို့တွေ ငါ့ကို ရှာတွေ့သွားလို့ မဖြစ်ဘူး!"

ဝံပုလွေလက်သည်းနှင့် လူ၏ စူးစိုက်သည့် အကြည့်များက ရှီယွမ်အပေါ်သို့ ကျရောက်လာသည့်အခါ ရှီယွမ်တွင် သူတို့ကို ဂရုတစိုက်ကြည့်ရန်ပင် အချိန်မရရှာတော့ပေ။

အေးစက်၍ လွန်ကဲစွာ စူးစိုက် အကဲဖြတ်နေသည့် အကြည့်သည် ရှီယွမ်၏ အရေပြားကို ဓါးဖြင့် ထိုးဖောက်ကာ သူ့ ဝိဉာဉ်အထိတိုင်အောင် ခွဲခြမ်းစိတ်ဖြာနေသကဲ့သို့ပင်။

ရှီယွမ်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အေးခဲလို့သွားပေ၏။

ရှီယွမ်၏ ပုံပန်းသွင်ပြင်သည် တစ်မူထူးခြားနေသည့်အတွက် ထိုလူသည် သူ့ကို ငါးစက္ကန့်၊ခြောက်စက္ကန့်လောက် စိုက်ကြည့်နေပြီးနောက် အဝေးသို့ အကြည့်လွှဲသွားတော့သည်။

သူ၏ လူကြောက်သည့် ရောဂါသည် ပို၍ ပြင်းထန်လာ၏။

ရှီယွမ်သည် အလွန်တစ်ရာ စိတ်လှုပ်ရှားပြီး ကြောက်ရွံ့သွား၍ သူ့အမြီးလေးသည်ပင် ကောက်ကွေးသွားရကာ အထုံးလေးဖြစ်သွားတော့သည်။

"သူတို့ကို စိုက်ကြည့်မနေနဲ့" လူပါးဖန်းသည် ရှီယွမ်ကို အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။ "သူတို့က ဗိုလ်ချုပ်လုနဲ့ ပါလာကြတာ ပြီးတော့ သူတို့တွေက ဗိုလ်ချုပ်လုရဲ့ လုပ်ကိုင်နိုင်စွမ်းရှိတဲ့ လက်အောက်ငယ်သားတွေပဲ"

ရှီယွမ်သည် သူ့အမြီးလေးကို လိပ်ထားကာ အာလူးစွပ်ပြုပ်ထဲသို့ သူ့ခေါင်းလေးကို မြှုပ်တော့မတတ် ခေါင်းငုံ့ထားပြီး ထောင့်တစ်နေရာသို့ လူပါးဖန်း၏ အနောက်မှ လိုက်ပါသွားတော့သည်။

ထိုအုပ်စုသည် စကားများပြောကာ ကျယ်လောင်စွာ ရယ်မောနေကြပြီး ဖြူဖျော့ဖျော့အသားရေနှင့် သမင်ဦးချိုများရှိနေသည့် လူမှ "....မင်း အဲ့ဒါရဲ့ တတိယမြောက်လည်ဆစ်ရိုးမှာ ဓါးကို စိုက်လိုက်ရမှာ အဲ့ဒါမှ မင်း လှည့်ပြီး လိမ်တဲ့အခါ ခေါင်းကပြုတ်ထွက်လာမှာ"

"မင်းက ဘာလို့များ အဲ့ဒီ့အကြောင်းကို ဒီလောက်ကြီးတွေးနေရတာလဲ?" ဝံပုလွေလက်သည်းသည် သူ့လက်ထဲမှ ပန်းသီးကို ပစ်မြှောက်လိုက်ပြီး "အဲ့ဒီ ခေါင်းလေးကလေ အလိမ်ခံလိုက်ရတာနဲ့ အရိုးတောင် မအက်နိုင်ပဲ ချက်ချင်းကျိုးသွားမှာပဲကို" သူသည် ပန်းသီးကို အပေါ်သို့ မြင့်မြင့်ပစ်မြှောက်လိုက်ပြီး ပန်းသီးကို အသားများကွဲထွက်သွား၍ အရည်များပန်းထွက်လာသည်အထိ ခပ်တင်းတင်းဆုပ်ကိုက်ထားကာ ထွက်လာသည့် အရည်များကို သူ့ပါးစပ်ထဲသို့ တစ်စက်စက်ကျဆင်းစေလိုက်၏။

"ရိုင်းလိုက်တာ" သမင်ဦးချိုသည် လက်သုတ်ပုဝါကို ဖြည်းဖြည်းချင်း ခေါက်နေလိုက်သည်။ "နောက်တစ်ခါဆို ငိုမနေပဲ၊ ငါ့ကို မင်းကိုကယ်ဖို့ လွှတ်ပေးဖို့ ဗိုလ်ချုပ်ကြီးဆီမှာ တောင်းပန်လိုက်" သူသည် အနည်းငယ်ရယ်မောလိုက်ပြီး စားပွဲပေါ်သို့ တစ်စုံတစ်ခုက ပြုတ်ကျလို့သွားပြီး ဂလုပ်ဂလုပ်ဖြင့် မြည်ကာ နှစ်ကြိမ်လောက် လိမ့်လို့သွားသည် "ငါ့ကြောင့်သာ မဟုတ်ရင် ငါတို့တွေ သန္ဓေပြောင်းကောင်တစ်ကောင်တောင် ပြန်ယူလာနိုင်မှာမဟုတ်ဘူး"

ရှီယွမ်၏ မျက်လုံးများက ပြူးကျယ်လို့သွားသည်။

စားပွဲပေါ်မှာ လိမ့်နေတဲ့ဟာက မကောင်းဆိုးဝါးသတ္တဝါရဲ့ ဦးခေါင်းကြီးပဲ!

ဧရာမငှက်ကြီး၏ ဦးခေါင်းသည် အေးခဲ၍ တွေဝေငေးငိုင်ကာ အရှေ့ တည့်တည့်သို့ စိုက်ကြည့်နေသည်။ ဝံပုလွေလက်သည်းမှ "ဘာလဲ၊ မင်း ဒါကို စားချင်စိတ်ရှိလာအောင် ကြည့်မလို့လား? ဒါက နောက်ဆုံးတစ်ခေါက်က ဝက်ဝံခေါင်းနဲ့တောင် မယှဉ်နိုင်ဘူး!"

ထိုအဖွဲ့သည် ရယ်သံများဖြင့် ပေါက်ကွဲသွားပေသည်။ သမင်ဦးချိုသည် သူ၏ ခေါင်းကို ငုံ့၍ ဓါးကိုပွတ်သပ်နေရင်း ရယ်မောနေသည်။ ထိုဓါးသည် ဓါးကောင်းတစ်လက်ပင်။ အေးစက်သည့် လေထုသည် ဓါးပေါ်တွင် ကျန်ရှိနေဆဲဖြစ်ပြီး ဓါးသည် တုန်ခါလို့နေလေသည်။ ထိုဓါးသည် မကောင်းဆိုးဝါးသတ္တဝါ၏ ခေါင်းကို ဖြတ်ခဲ့သည့် ဓါးပင်ဖြစ်တော့သည်။

သူတို့တွေသည် မကောင်းဆိုးဝါး သတ္တဝါများ၏ အကြောင်းကို ဆက်လက်ဆွေးနွေးနေကြပြီး ရှီယွမ်သည် "မီး"၊ "ဓါတ်လိုက်ခြင်း"၊ "အစိတ်စိတ်ပိုင်းဖြတ်" အစရှိသည့် စကားလုံးများကို ဝိုးတိုးဝါးတား ကြားနေရသည်။

ပြီးလျှင် ရှီယွမ်သည် ထိုလူများက သူ့အနောက်မှနေ၍ အဆပေါင်းများစွာ ကြီးထွားလာကြပြီး သူသည်သာ သေးသေးလေးဖြစ်နေသကဲ့သို့ ခံစားနေရပေသည်။

စွပ်ပြုပ်သည် အလွန်ကောင်းလှပေသည်၊ ဟင်းရည်၏ အနှစ်အရသာသည် အာလူးများထဲသို့ စိမ့်ဝင်နေပြီး တစ်ကိုက်လောက်ကိုက်လိုက်သည်နှင့် အာလူး၏ နူးညံ့မှုနှင့် မွှေးရနံ့ကို ရရှိနေသည်၊ သို့သော်လည်း ရှစ်ယွမ်သည် ပို၍ ပို၍ ကြောက်ရွံ့တုန်လှုပ်နေပြီး သူ၏ ထုံးနေသည့် အမြီးလေးသည်လည်း ပို၍ ပို၍ ကျပ်ကျပ်လာကာ သူသည် ဤနေရာမှ ချက်ချင်းပင် လွတ်မြောက်သွားချင်နေပေ၏။

ရှီယွမ် : QAQ

'လူသားတွေက တကယ်ကို ကြောက်စရာကြီး၊ အား!"

ကံကောင်းစွာဖြင့်၊ ၆မိနစ်၊ ၇မိနစ်လောက် ကြာပြီးနောက်တွင် ထိုအုပ်စုသည် ထွက်သွားကြကာ ရှီယွမ်နှင့် လူပါးဖန်း နှစ်ယောက်သည်သာ တဲထဲတွင် ကျန်ရစ်နေခဲ့တော့သည်။

ရှီယွမ်သည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။

နောက်ဆုံးသော စွပ်ပြုတ်တစ်လုပ်စာကို သောက်ပြီးသည့်နောက် လူပါးဖန်းမှ ရှင်းပြလို့လာ၏ "သူတို့က 'သန္ဓေပြောင်းလူသား'တွေလေ၊ သူတို့ကို အထူးတလည် ဖွဲ့စည်းထားတာ၊ ပြီးတော့ သာမန်လူသားတွေက သူတို့ကို မထိန်းချုပ်နိုင်ဘူး၊ ဒါပေါ့ သူတို့ကလည်း ငါတို့ကို စိတ်မဝင်စားပါဘူး"

"...သန္ဓေပြောင်းလူသား?" ရှီယွမ်သည် ခေါင်းရှုပ်သွား၏။

"ဟုတ်တယ်" လူပါးဖန်းသည် ခေါင်းညိတ်ပြလိုက်ပြီး ရှီယွမ်ကို ကြည့်ကာ "ရှီယွမ်၊ မင်းကလည်း သန္ဓေပြောင်းလူသားပဲလေ။ သူတို့တွေရဲ့ ခန္ဓာကိုယ်ပေါ်က ဝံပုလွေလက်သည်းတွေနဲ့ သမင်ဦးချိုတွေက ကူးစက်ခံရမှုရဲ့ နောက်ဆက်တွဲအကျိုးဆက်တွေပဲ။ သူတို့တွေက ကူးစက်ခံခဲ့ရပြီး ကုသခံခဲ့ရတယ် ဒါပေမယ့် အဲ့ဒါတွေတော့ ကျန်နေခဲ့ကြတယ် ... မကောင်းဆိုးဝါးသတ္တဝါတွေလိုမျိုး သွင်ပြင်လက္ခဏာတွေလေ" ဟု လူပါးဖန်းမှ ရှင်းပြလာခဲ့သည်။ "သာမန်လူတွေအတွက် နောက်ဆက်တွဲအကျိုးဆက်တွေက နာမကျန်းဖြစ်မယ် ပြီးရင် နာကျင်ခံစားရမယ် ဒါပေမယ့် ပင်ကိုယ်စွမ်းရည်ရှိတဲ့သူတွေအတွက်ကတော့ နောက်ဆက်တွဲအကျိုးဆက်တွေဆိုတာက အားကောင်းလာတဲ့ ရုပ်ပိုင်းဆိုင်ရာ အသုံးဝင်မှုတွေပဲ - သူတို့ရဲ့ ခွန်အားနဲ့ တုံ့ပြန်မှု အမြန်နှုန်းတွေက သာမန်လူတွေထက် ပိုသာတယ်"

စကားပြောပြီးသည့်နောက် လူပါးဖန်းသည် ရှီယွမ်ကို လျှင်လျှင်မြန်မြန်ဖြင့် ဖျက်ခနဲ ကြည့်ကြည့်လိုက်သည်။

ရှီယွမ် ရုတ်ချည်းပင် နားလည်လို့သွားသည်။ ဒီလူသားများက သူ၏ ဦးချို၊ အကြေးခွံနှင့် အမြီးသည်လည်း ကူးစက်ခံရမှု၏ နောက်ဆက်တွဲအကျိူးဆက်ဟု တွေးနေခဲ့ကြပြီး ထိုအကျိုးဆက်သည် ပြင်းထန်သည့်အမျိူးအစားဟု တွေးနေခဲ့ကြသည်။

ထိုကြောင့်ပင် သူသည် လူအုပ်ကြီးနှင့် ဝင်ရောက် ရောနှောနေနိုင်ခြင်းပင် ဖြစ်သည်။

ရှီယွမ်သည် သူ၏ သဘာဝအတိုင်းရှိနေသည့် အမြီးလေးကို ဖက်ထားကာ ပွတ်သပ်ပေးနေပြီး ပို၍ သောကကင်းဝေးလာပေ၏၊ သူသည် လူသားများတွင် အမြီးမရှိခြင်းက အမှန်တကယ်ကို ဘီလီယံချီသည့် ယွမ်ပေါင်းများစွာ ဆုံးရှုံးရခြင်းပင်ဟု သူ့ဘာသာသူ တွေးတောနေတော့လေသည်။

လူပါးဖန်းမှ ထပ်မံ၍ "သူတို့က အထူးစစ်သားတွေလေ ပြီးတော့ သူတို့ အားလုံးမှာ ထူးထူးဆန်းဆန်း ပင်ကိုယ်စရိုက်တွေ ရှိကြတယ်။ သူတို့မှာ ကူးစက်ခံခဲ့ရတဲ့ သတ္တဝါတွေရဲ့ သွင်ပြင်လက္ခဏာတွေ ရှိတယ်။ ဗိုလ်ချုပ်ကြီးတစ်ယောက်တည်းကပဲ သူတို့ကို ထိန်းချုပ်နိုင်တာ ပြီးတော့ ငါတို့တွေက သူတို့ကို မြင်ရခဲတယ်"

ရှီယွမ်သည် ထိုအကြောင်းကို အချိန်ကြာမြင့်စွာ တွေးတောနေခဲ့ပြီး "ဒါဆို လုထင်းဟန့်က အရမ်းသနားစရာကောင်းတာပဲနော်။ ဒီလိုကြောက်စရာကောင်းတဲ့ လူအုပ်စုကြီးက ဘေးနားမှာ ဝိုင်းနေကြတာ၊ သူတော့ နေ့တိုင်း ကြောက်နေရှာတော့မှာပဲ"

လူပါးဖန်းသည် တစ်ခဏလောက် အေးခဲသွားပြီး ရုတ်တရက် ထရယ်တော့သည်။ သူသည် အရမ်းကို ရယ်ရလွန်းတဲ့ အရာကို ကြားလိုက်ရသလို သူ့ ခန္ဓာကိုယ်တစ်ခုလုံး လှုပ်ခါနေအောင် ရယ်မောနေပြီး စားပွဲပါ အနည်းငယ် လှုပ်ယမ်းသွားသည်အထိ ရယ်မောနေတော့သည်။ သူသည် ခေါင်းကို လှုပ်ခါလိုက်ပြီးနောက် "ရှီယွမ်၊ ဗိုလ်ချုပ်ကြီးက ကြောက်မှာမဟုတ်ဘူးလေ၊ သူကြောက်တယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?"

ရှီယွမ်သည် စိတ်ရှုပ်ထွေးသွားတော့သည်။

လူပါးဖန်းသည် မရှင်းပြလာပါဘဲ ပြုံးနေပြီး သူ့ ခေါင်းကိုသာ ခါယမ်းနေတော့သည်၊ သူသည် လက်ကျန် ပေါင်မုန့်ကို နှစ်ကိုက်တည်းဖြင့် အပြတ်ဖြတ်လိုက်ပြီး သူ့ မျက်လုံး အကြည့်များက ရှီယွမ်၏ အနောက်ဘက်သို့ ရောက်ရှိသွားသည်။ "ဒါနဲ့ ဘာလို့ မင်းရဲ့.... အာ၊ အမြီးက ထုံးနေတာလား?"

ရှီယွမ်၏ အမြီး ထိပ်ဖျားလေးတွင် အထုံးလေးဖြစ်လို့နေပေသည်။

"ကျွန်တော် ခုဏက နည်းနည်း ကြောက်သွားလို့" ရှီယွမ် ရှင်းပြလိုက်သည်။

"အာ၊ ငါ နားလည်ပေးနိုင်ပါတယ်လေ၊ အမှန်တိုင်းပြောရရင် ငါလည်း သူတို့ကို နည်းနည်းတော့ ကြောက်တယ်" လူပါးဖန်းသည် ရှီယွမ်ကို စိတ်အေးစေရန် ပြောပေးနေသည် "မစိုးရိမ်ပါနဲ့၊ သူတို့က သေချာပေါက်ကို မကောင်းတဲ့လူတွေ မဟုတ်ပါဘူး။ သူတို့လည်း သွားပြီပဲ၊ မင်း ပြန်ဖြေလိုက်တော့လေ၊ ငါတော့ မင်း သက်တောင့်သက်သာ မရှိနေဘူးလို့ ထင်တယ်"

"ကျွန်တော် ကြိုးစားကြည့်ပါ့မယ်" ရှီယွမ် ပြောလိုက်သည်။

သူ့အမြီးလေးသည် မူလက အလွန် လျော့ရဲရဲရှိသည့် အမြီးလေးပင် ဖြစ်သော်လည်း အမြီးလေးသည် လိမ်ယှက်သွားပြီး ခေါက်တွန့်ပုံစံလေး ထုံးနေတော့သည်၊ ရှီယွမ်သည် ထို အထုံးလေးကို မဖြေနိုင်တော့ပဲ ပို၍ ပို၍ ကြောက်ရွံ့လာသည်၊ သူ့အမြီးလေး၏ ထိပ်ဖျားသည် အားကုန်သုံးထားသည့် လက္ခဏာဖြစ်ပေါ်နေပြီး အကြေးခွံများကပါ တင်းကျပ်စွာ ကပ်သွားကြကာ ယခုတွင် လုံးဝကို အသေထုံးမိသွားတော့သည်။

သူ ဘယ်လောက်ပင် ကြိုစားကြိုးစား၊ သူ ဘယ်လောက်ပဲ သူ့လက်တွေကို သုံးပြီး ဖြေဖြေ၊ သူ ပြန်ဖြေလို့ မရတော့ပေ။

လူပါးဖန်းသည် သူ့ကို စိုးရိမ်တကြီးဖြင့် ကြည့်နေပြီးနောက် "ငါလုပ်ကြည့်မယ်၊ ငါကူညီပေးမယ်"

သူသည် ရှီယွမ်၏ အမြီးလေးကို သူ့လက်များဖြင့် ဆွဲကိုင်ပြီး ဂရုတစိုက်ဖြင့် အားထည့်ကာ မတူညီသည့် အပိုင်းများကို ဆွဲ၍ ခွဲထုတ်ရန် ကြိုးစားကြည့်၏။ လူပါးဖန်း၏ ကျောပြင်တွင် ပါးလွှာသည့် ချွေးများ ရွှဲလာသည့်တိုင်အောင် အမြီးထုံးလေးက တုတ်တုတ်တောင် လှုပ်မသွားပေ။

"ထူးဆန်းလိုက်တာ၊ ဘာလို့ ဖြေလို့မရတာပါလိမ့်?" လူပါးဖန်းသည် တိုးတိုးလေး ရေရွတ်နေသည်။ "အဲ့ဒါက ကျပ်နေတယ်"

"ဒါဆို ကျွန်တော် ဘယ်လိုလုပ်ရမလဲ?" ရှီယွမ်သည် မေးလိုက်ပြီး သူ့အမြီးလေးကို စိုးရိမ်စွာဖြင့် ကြည့်လိုက်သည်။ "ကျွန်တော် အရင်က တစ်ခါမှတောင် အထုံးမထုံးဖူးဘူး"

"စိတ်မပူနဲ့၊ ငါ နည်းလမ်းတစ်ခုခုကို တွေးကြည့်ပါဦးမယ်" လူပါးဖန်း ပြောလိုက်သည်။

သူသည် ရှီယွမ်ကို သူ့တဲဆီသို့ ပြန်ခေါ်လာကာ ရေပုံးထဲမှ ရေအချို့ကိုယူ၊ ပြီးနောက် ဆပ်ပြာအပိုင်းလေးတစ်ခုကို ယူပြီး ရှီယွမ်ကို ပြောပြနေသည် "ငါ ကလေးအရွယ်က အပြင်ထွက်ကစားတုန်းကပေါ့ အဲ့ဒီ့မှာ ငါ့ခေါင်းက လက်ရန်းကြားထဲမှာ ညပ်သွားခဲ့တယ်လေ ငါ့အဖေက ရေဆွတ်ထားတဲ့ ဆပ်ပြာနဲ့ ငါ့ခေါင်းကို ပွတ်ပေးပြီး အပြင်ထုတ်ပေးခဲ့တာ။ ငါ အကယ်ခံခဲ့ရတာပေါ့လေ၊ ဒါပေမယ့် သနားစရာက ငါရဲ့ ချောမောလှတဲ့ ခေါင်းလေးက ကြေသွားတော့မတတ်ပဲ"

ရှီယွမ်မှ "ကျွန်တော့် အမြီးလေးကို ကြေအောင် မလုပ်လိုက်ပါနဲ့နော်"

"မလုပ်ဘူး၊ ငါ မလုပ်ပါဘူး" လူပါးဖန်းသည် ကတိပေးလိုက်ပြီး ဆပ်ပြာရေများကို ရှီယွမ်၏ အမြီးလေးပေါ်သို့ လောင်းချလိုက်ကာ ဆက်လက်၍ အထုံးဖြေလေသည်။

ထို နည်းလမ်းသည် အလုပ်မဖြစ်ပေ။

လူပါးဖန်းသည် ဟင်းချက်သည့်ဆီ သွားတောင်းပြီး ရှီယွမ်၏ အမြီးလေးပေါ်သို့ လောင်းချပြန်သည်။

ထို နည်းလမ်းသည်လည်း အလုပ်မဖြစ်ဆဲပင်။

ရှီယွမ်သည် ပို၍ ပို၍ စိုးရိမ်ကြောင့်ကြလာကာ "ကျွန်တော့် အမြီးလေးက အမြဲတမ်း ထုံးနေတော့မှာတော့ မဟုတ်လောက်ပါဘူးနော်၊ ဟုတ်တယ်မဟုတ်လား?"

သူ ထုံးနေသည့် အမြီးကို မလိုချင်ပေ။

"သေချာတာပေါ့၊ နည်းလမ်း တစ်ခုတော့ ရှိမှာပါ" လူပါးဖန်းသည် သူ့ နှဖူးပေါ်မှ ချွေးများကို သုတ်လိုက်ကာ ခုံပေါ်တွင် ထိုင်ချလိုက်ပြီး တစ်ခါတည်းနှင့် ရေများကို ပါးစပ်ဖြင့် အပြည့် တဂွတ်ဂွတ် သောက်လိုက်သည်။ "ငါတို့တွေ ပိုကြိုးစားကြည့်ရမှာပဲ။ ဒီအသေးလေးကတော့၊ ဟေ့ ငါတော့ အဆိုးတွေပဲ ဖြစ်နေမယ်လို့ မယုံဘူး..."

သူတို့ နှစ်ဦးသည် မိနစ် နှစ်ဆယ်ကျော်လောက် အတူတကွ လုပ်ဆောင်ကြသည်၊ သို့သော် အချည်းနှီးပင်။

ဝမ်းယွီသည် လူနာကို ကြည့်ရှုစစ်ဆေးပေးပြီးသည့်နောက် ပြန်ရောက်ရောက်ချင်းတွင် အတူတကွ ငုတ်တုတ်ထိုင်နေကြသည့် ရှီယွမ်နှင့် လူပါးဖန်းကို တွေ့လိုက်ပြီး စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည် "မင်းတို့ ဘာလုပ်နေကြတာလဲ?"

လူပါးဖန်းသည် အဖြစ်အပျက်ကို ပြန်လည် ရှင်းပြလာခဲ့ပြီးသည့်နောက် ဝမ်းယွီမှ "ဟင်၊ ဘာများလဲလို့၊ ငါလုပ်ကြည့်မယ်"

ယုံကြည်မှုများစွာနှင့် ဝမ်းယွီသည် သူမ၏ အင်္ကျီလက်ကို လိပ်တင်လိုက်ပြီး ဆယ်မိနစ်ကျော်လောက် အလုပ်ကြိုစားတော့သည်။ အထုံးလေးသည် တင်းကျပ်စွာ ခေါက်နေပြီး လှုပ်သည် ဆိုရုံမျှတောင် လှုပ်မသွားပေ။ သူမသည်လည်း စိတ်ရှုပ်ထွေးသွားပြီး ထိုင်ချကာ တိုးတိုး တိုးတိုးဖြင့် "ငါ မြွေအမြီးတောင်မှ ဒီလို အသေထုံးနေတာမျိုးကို မမြင်ဖူးဘူး၊ ဘာလို့ ဒီအမြီးက ဒီလောက်တောင် ညပ်နေရတာလဲ?"

သုံးယောက်သားသည် အကူညီမဲ့စွာဖြင့် တစ်ယောက်ကို တစ်ယောက်သာ ပြန်ကြည့်နေကြတော့သည်။

လူပါးဖန်းသည် သူ့မျက်နှာသူ ပွတ်လိုက်ပြီး သက်ပြင်းအရှည်ကြီး ချကာ "နားရအောင်၊ ခဏနားရအောင်၊ ဖြေရှင်းချက်ကို မစဉ်းစားခင် ငါ့ကို အရင် နားခွင့်ပေးဦး"

"မင်း သူ့ကို သန္ဓေပြောင်းလူသားတွေအနားကို မခေါ်သွားသင့်ဘူး၊ ကြည့်ဦး သူ ဘယ်လောက်တောင် ကြောက်သွားရှာသလဲလို့" ဝမ်းယွီသည် မျက်မှောင် ကြုံ့လိုက်ပြီး ဆပ်ပြာရည်ကို ဆက်လက် လေ့လာနေလေ၏။

ရှီယွမ်သည် သူ့အမြီးလေးကို ပြောင်စင်အောင် ဆေးကြောခဲ့သည်။ သူသည် အနည်းငယ် ဝမ်းနည်းနေပြီး တစ်ချိန်တည်းမှာပဲ အရမ်းကြာနေပြီဖြစ်သည့်အတွက် လုထင်းဟန့် ပြန်လာသင့်နေပြီဟု တွေးတောနေသည်။

အသေအချာပင်၊ နောက်ထပ် ဆယ်မိနစ်ကြာပြီးသည့် နောက်တွင်လည်း အထုံးပြဿနာကို မဖြေရှင်းနိုင်ဆဲပင်ဖြစ်ပြီး လေယာဉ် သုံးစင်းသည် တိတ်ဆိတ်သည့် ညဘက်အချိန်ကို ကျယ်လောင်သည့် စူးစူးရှရှအသံတို့ဖြင့် ဖောက်ထွင်းဝင်ရောက်လာကာ စခန်း၏ အနောက်ဘက် နေရာလွတ်တွင် ဆင်းသက်ရပ်တန့်သွားခဲ့သည်။

တပ်ဖွဲ့သည် ပြန်လည် ရောက်ရှိလာခဲ့ပြီပင်။

ရှီယွမ်သည် အထုံးကို ဂရုမစိုက်တော့ပါဘဲ ခြေလှမ်းစိပ်စိပ်ဖြင့် ပြေးထွက်သွား၍ လူပါးဖန်းသည် အနောက်မှ လိုက်ဖမ်းကာ အော်ရတော့သည် "ဖြေးဖြေးသွားလေ၊ ဂရုစိုက်ဦး!"

ရှီယွမ်သည် အဝေးမှနေ၍ လေယာဉ်ကို မြင်လိုက်ရသည်။

ညသည် မှောင်နေပြီဖြစ်သည့်အတွက် စခန်းမှ မီးလုံးများသည် တစ်လုံးပြီးတစ်လုံး လင်းလာကာ ညတာကို အလင်းပြန်နေစေသည်။ လေယာဉ်၏ မဲနက်နေသည့် သတ္တုကိုယ်ထည်သည် ကန္တာရထဲတွင် အေးစက်၍ လှပစွာတောက်ပနေတော့သည်။

များပြားလှသည့် စစ်သားအုပ်စုကြီးသည် အနီးအနားတွင် ရပ်၍ စောင့်ကြပ်နေကြပြီး စကားတစ်ခွန်းမျှ မဟပါဘဲ ရှီယွမ်ကို တားလိုက်သည်၊ ရှစ်ယွမ်သည် ဖိအားပေး တားဆီးခံလိုက်ရပြီး သူသည် ထိုစစ်သားများ၏ အဟ ကြားထဲမှနေ၍ ကြည့်လိုက်သည့်အခါ တူးယန်လုံနှင့် များစွာသော သန္ဓေပြောင်းလူသားများကို တွေ့လိုက်ရသည်။

ရှီယွမ်၏ အမြီးလေးသည် ပို၍ တင်းကျပ်စွာပင် ကွေးလိပ်သွားသည်၊ တစ်ယောက်ယောက်ကို ရှာဖို့အတွက်သာ မဟုတ်ဘူးဆိုရင် သူ သေချာပေါက်ကို နောက်ပြန်လှည့်ပြီး ထွက်ပြေးသွားမှာပင် ဖြစ်သည်။

ဒါနဲ့ လုထင်းဟန်က ဘယ်မှာလဲ?

ရှီယွမ်သည် ခြေဖျားထောက်ကာ ရပ်၍ လုထင်းဟန်ကို ရှာဖို့ ကြိုးစားလိုက်သည်။

သိပ်မကြာခင်၌ စကားပြောနေသည့် အသံတို့သည် တဲအတွင်းမှ ထွက်ပေါ်လာကာ လိုက်ကာသည် ပင့်တင်ခံလိုက်ရပြီးနောက် တဲထဲရှိ ကြီးမားသည့် ကွန်တိန်နာကြီးထဲတွင် တစ်ဝက်လောက်သော လက်တံကြီးများကို ထိန်းချုပ်ထည့်သိမ်းထားသည်ကို မြင်လိုက်ရပေ၏။ ထိုအရာကြီးသည် ကြည်လင်နေသည့် အရည်ထဲတွင် တွန့်လိမ်နေကာ အစိမ်းရောင် သွေးများသည်လည်း ယိုစိမ့်ထွက်ကျလို့နေသည်။ တဲအတွင်းမှ လူများစွာ ထွက်လာကြပြီး ရှင်းယီဖုန်းသည်လည်း အပါအဝင်ပင်။

စစ်သားများသည် မတ်မတ်ရပ်ကာ ထွက်လာကြသည့် လူများကို အလေးပြုနေကြသည်။

များစွာသော မျက်နှာစိမ်းများကြားတွင် ရှီယွမ်သည် စိုးရိမ်တကြီး ရှာဖွေနေပြီး နောက်ဆုံးတွင် လုထန်းဟန်ကို တွေ့လိုက်ရတော့သည်။ များစွာသော စစ်သားများ၏ အနောက်မှ လိုက်ကာ လုထင်းဟန့်သည် လေယာဉ်ဆီသို့ ဦးတည် လျှောက်လှမ်းနေသည်၊ လုထင်းဟန်သည် ရွှေအနားကွပ်ထားသည့် အနက်ရောင် ကုတ်အင်္ကျီကို ဝတ်ဆင်ကာ ကုတ်အင်္ကျီ၏ အနားသတ်သည် လေထဲတွင် လွင့်လို့နေပြီး စီးထားသည့် စစ်ဖိနပ်ကလည်း ဝင်းလက်လို့နေပေသည်။ သူသည် သွေးစွန်းနေသည့် သူ့လက်အိတ်များကို ချွတ်ကာ ရှင်းယီဖုန်းထံသို့ လက်ကမ်းပေးလိုက်ပြီး ချက်ချင်းပင် အခြားတစ်ယောက်မှ သူ့ထံသို့ လက်အိတ်အသစ်တစ်စုံကို ပြန်ကမ်းပေးလာခဲ့သည်။

"လုထင်းဟန်!" ရှစ်ယွမ် အော်လိုက်သည်။

ဤတစ်ကြိမ်တွင် လုထင်းဟန်သည် ရှစ်ယွမ်၏ ခေါ်သံကို မကြားပေ။

ရှီယွမ်သည် အနည်းငယ် ထပ်၍ အော်ခေါ်လိုက်သော်လည်း သူတို့နှစ်ယောက်သည် အလွန်ဝေးကွာလို့နေပေ၏။ စစ်သားတစ်ယောက်သည် ရှီယွမ်ကို ကြည့်ကာ "မင်း ဘယ်ကရောက်လာတာလဲ၊ ပြန်သွားစမ်း!"

ရှီယွမ် အနောက်မှ လိုက်လာသည့် လူပါးဖန်းသည် ရှင်းပြပေးလိုက်သည် "သူက ကျွန်တော်တို့ တတိယအဖွဲ့ကနေ ကယ်ဆယ်လာခဲ့တဲ့ သူပါ"

စစ်သား : "အနားမကပ်နဲ့၊ အခုချက်ချင်း ထွက်သွားတော့"

လုထင်းဟန်သည် အရှေ့သို့ ဆက်လက် လျှောက်လှမ်းသွားပြီး သန္ဓေပြောင်း စစ်သားများက သူ့ကို နှုတ်ဆက်ကြသည်၊ သူတို့တွေသည် ရှစ်ယွမ် မြင်ဖူးသမျှထဲတွင် ကြောက်စရာအကောင်းဆုံး ဖြစ်ပြီး သူတို့၏ မျက်ဝန်းများသည် ထက်ရှသည့် ဓါးသွားများလိုပင်ဖြစ်ကာ ကြမ်းကြုတ်၍ အထိန်းအကွပ်မဲ့နေ၏။ ကူးစက်မှုသည် သူတို့၏ စိတ်များကိုပါ ပြောင်းလဲသွားစေသည်ပင်။ အချို့လူများသည် သားရဲကောင်များကဲ့သို့ လေထဲတွင် တရှုံ့ရှုံ့လုပ်၍ အနံ့ခံနေကာ အချို့သည် အမှောင်ထုထဲတွင် တောက်ပသော ဒေါင်လိုက်ဖြစ်နေသည့် သားငယ်အိမ်များဖြင့် စူးစမ်းရှာဖွေနေကြပြီး အချို့သည် သူတို့၏ ထက်ရှသည့် လက်သည်းများကို လှုပ်ရှားကာ သူတို့၏ အရိုးများကို တဖြောက်ဖြောက် မြည်အောင် ချိုးနေကြသည်။

ဝံပုလွေလက်သည်းသည် လုထင်းဟန်ကို တစ်ခုခု ပြောနေသည်။

ရှီယွမ် အံ့အားသင့်ရသည်မှာ၊ လုထင်းဟန်၏ အရှေ့တွင် နှစ်မီတာရှည်သော ကြံ့ကြံ့ခိုင်သည့် လူပင်ဖြစ်စေ သွေးဆုတ်နေသည့် မြွေအကြေးခွံနှင့် လူပင်ဖြစ်စေ သူတို့၏ ဆိုဆုံးမခက် ထကြွသောင်းကျန်းလိုမှုနှင့် ကြမ်းတမ်းခက်ထန်မှုတို့ကို ရှင်းလင်းဖယ်ရှားထားကြကာ မတ်မတ်ရပ်၍ တည်ကြည်လေးနက်နေကြပြီး သူတို့တွေသည် စည်းစနစ်ကျသည့် စစ်သားများ ဖြစ်လာကြသည်ကိုပင်။

သူတို့တွေသည် ထူးထူးဆန်းဆန်းပုံစံများနှင့် ရိုသေလေးစားနေကြပုံမှာ သူတို့၏ ဦးခေါင်းများကို ညွှတ်၍ ပေးလာသည့် အမိန့်များကို နာခံလျက် ဝန်းရံစောင့်ဆိုင်းနေကြသည့် ဝံပုလွေအုပ်စု တစ်စုနှင့်ပင် တူနေတော့သည်။

ရှီယွမ်သည် ဤမြင်ကွင်းကို မှင်တက်စွာ ကြည့်နေမိသည်။

သူသည် ရုတ်တရက်ပင် ထိုအချိန်က လူပါးဖန်းသည် ဘာကို ရယ်မောနေခဲ့သည်အား နားလည်သွားသည်။

အသေအချာပင်၊ လုထင်းဟန်သည် ကြောက်နေလိမ့်မည် မဟုတ်ပေ။

ထို ကြောက်စရာလူသားများသည် ဆန္ဒရှိကြသည်၊ လုထင်းဟန်၏ အမိန့်ကိုသာ နာခံရန် ဆန္ဒရှိကြသည်ပင် ဖြစ်လောက်မည်။ သူတို့တွေသည် ရန်သူများကို ကိုက်ဖြတ်ကြမည့် ဝံပုလွေများ ဖြစ်ကြသည်၊ သူတို့တွေသည် ယိုယွင်းပျက်စီးနေသည်များကို ထိုးစိုက် ခုတ်ထစ်မည့် ဓါးသွားများဖြစ်ကြပြီး သူတို့တွေသည် လုထင်းဟန်၏ လက်အောက်ငယ်သားများပင် ဖြစ်ကြသည်။

စစ်သားသည် ရှီယွမ်ကို ထပ်မံ ဆော်ဩပြန်သည် "ဒီမှာ ရပ်မနေနဲ့ ၊ ဒီနေရာက မင်းရှိနေသင့်တဲ့ နေရာမဟုတ်ဘူး"

လူပါးဖန်းသည် တုံ့ပြန်မှုပြုလိုက်ကာ သူ့လက်ကို ဆန့်၍ ရှီယွမ်ကို ဆွဲလိုက်ပြီး အသံ နိမ့်နိမ့်ဖြင့် ပြောလာလေသည် "မင်း အခု သူ့ကို မြင်ပြီးသွားပြီပဲ၊ အရမ်းအေးလာပြီလေ၊ ပြန်ကြရအောင်"

ရှီယွမ်၏ အရှေ့တွင် ရှိနေသည့် အစောင့်များသည် အမူအရာမဲ့ဖြစ်လို့နေသည်။ သူတို့၏ ဖြောင့်တန်းနေသည့် အတန်းလိုက်ဖြစ်နေသော ပုခုံးများသည် ခိုင်မာသည့် အကာအကွယ် အတားအဆီးပင်။ သန္ဓေပြောင်း စစ်သားများ၊ လက်နက်အပြည့်အစုံနှင့် စစ်သားများ ပြီးလျှင် အဖြူရောင်ဝတ်ရုံများနှင့် ဆရာဝန်များသည် လုထင်းဟန်၏ နံဘေးတွင် ဝန်းရံနေကြသည်။ သူတို့၏ ယူနီဖောင်းဝတ်စုံပေါ်မှ ရွှေရောင် ပုခုံးဒေါက်များနှင့် တံဆိပ်များသည် ထူးချွန်ပြောင်မြောက်ကာ တောက်ပနေကြသည်။ ထိုမျှ များပြားလှသည့် လူအများကြား ဖြတ်၍ ရှည်လျားလှသည့် ညတာကိုဖြတ်ကာ လုထင်းဟန်သည် သူ၏ ခေါ်သံကို ကြားနိုင်ဖို့ရာ မဖြစ်နိုင်ပေ။

လုထင်းဟန်၏ မျက်နှာပေါ်သို့ ကျရောက်နေသည့် အရိပ်သည် ဆီဆေးပန်းချီကဲ့သို့ ထူထဲနေပြီး သူ့လက်များသည် သွယ်လျကာ အစွမ်းထက်ပြီး သေစေနိုင်၏။

သူ့တွင် သန္ဓေပြောင်းစစ်သားများ၏ ဝင့်ကြွားလွန်းသည့် အားမာန်တို့ မရှိသော်လည်း သာမန် စစ်သားများထက်ပင် အရပ်ရှည်ပြီး ပို၍ သူရဲကောင်းဆန်လှပေသည်။ သူသည် အမြဲတစေ ကျက်သရေရှိ တင့်တယ် ကြော့မော့ပုံပေါ်ကာ သူ သေနတ်မောင်းကို ဆွဲလိုက်သည့်အခါတွင်ဖြစ်စေ သို့မဟုတ် သူ့မျက်လုံးများကို မှေးစင်းကြည့်လိုက်သည့်အခါဖြစ်စေ အဖြူထည်သန့်သန့် လက်အိတ်များကို ဖြည်းဖြည်းချင်း ဝတ်ဆင်နေရင်း ဝံပုလွေလက်သည်း တင်ပြလာသည့် အကြောင်းအရာတို့ကို နားထောင်နေသည့်အခါတွင်ဖြစ်စေ သူ့တွင် သတ်ဖြတ်ခြင်းနှင့် နားထောင်နေခြင်းကြား ကွာခြားချက်တစ်စုံတစ်ရာပင် ရှိမနေပေ။

လုထင်းဟန်သည် အရှေ့သို့သာ ဆက်လျှောက်သွားပြီး အနောက်သို့ ပြန်လှည့်မကြည့်ပေ။

ထိုအချိန်တွင် ရှီယွမ်သည် အရမ်းကို ဝေးကွာနေသည်ဟု ခံစားနေရသည်၊ သူသည် လုထင်းဟန်နှင့် အရမ်းကို ဝေးကွာနေသည်ပင်။

ရှီယွမ်သည် လုထင်းဟန်ကို ရှာတွေ့ခဲ့ပြီပင် သို့သော်လည်း လူတိုင်းသည် သူ့ကို သူတို့နှစ်ယောက်က အတူတူ မရှိနိုင်ဟူ၍ ပြောလာကြ၏။

ရှင်းယီဖုန်းမှ ပြောခဲ့သည် "ဗိုလ်ချုပ်ကြီးက အရမ်းအလုပ်များတယ် မင်းကို မတွေ့နိုင်ဘူး"

ဝမ်းယွီမှ ပြောခဲ့သည် "ဗိုလ်ချုပ်ကြီးအကြောင်းကို မေ့လိုက်တော့၊ မင်းမှာ တကယ်ကို အခွင့်အရေး မရှိဘူး"

လူပါးဖန်းတောင်မှ သူ့ကို ပြောခဲ့သည် "မင်းသူ့ကို လူချင်းတွေ့ပြီး ကျေးဇူးတင်နေစရာမလိုပါဘူး၊ အဝေးကနေ သူ့ကို ကြည့်နေရုံနဲ့ လုံလောက်ပြီလေ"

ရှီယွမ်သည် တစ်ချိန်က အဲ့ဒီ့ လုထင်းဟန်သည် သာမန်လူတစ်ယောက်ဖြစ်ပြီး သူ မြို့တော်သို့ရောက်သည်နှင့် သူ့ကို ရှာတွေ့နိုင်လိမ့်မည်ဟု ထင်ခဲ့သည်။ ထို ဆယ်နှစ်အတောအတွင်းတွင် လုထင်းဟန်သည် သူတစ်ယောက်တည်းသည်သာ စောင့်ကြည့်တာဝါတွင် တာဝန်ရှိပြီး စစ်ပွဲများနှင့်လည်း အဆက်အစပ်မရှိဘဲ ဒီတိုင်း သာမန်ဆန်သော နာမည်မရှိသည့် လူတစ်ယောက်ဟု ရှီယွမ် တွေးထင်ခဲ့သည်။ ယခု သူသည် လုထင်းဟန့်ကို ဤအကွာအဝေးမှ ကြည့်နေလျက်ဖြင့် နားလည်သွားတော့သည်၊ လုထင်းဟန်သည် သူတောင် စိတ်ကူးမကြည့်နိုင်သည့် များစွာသော အရာတို့ကို လုပ်ဆောင်ခဲ့သည်ပင် - သူသည် ကျော်ကြားပြီး စွမ်းအားကြီးသည်၊ သူဘေး၌ ရှိနေသည့် လူများသည် သူ အမိန့်ပေးနိုင်သည့် လူများပင်၊ အဝေး၌ ရှိနေသည့် မြို့တော်သည် သူ စောင့်ရှောက်ကာကွယ်ပေးခဲ့သည့် မြို့တော်ပင်၊ သူလက်မှတ်ရေးထိုးခဲ့သည့် ဥပဒေမူကြမ်း၊ သူ၏ အငြင်းပွါးဖွယ်ရာများ၊ သူ၏ ရွေးချယ်မှုများသည် ရှီယွမ်၏ ကျန်ရှိနေသည့် တစ်ဘဝလုံးတွင်တောင် နားလည်နိုင်မည်မဟုတ်သည့် အရာများပင် ဖြစ်တော့သည်။

ထို့အပြင် ရှီယွမ်တွင် ဘာမျှ မရှိပေ။

အကြောက်လွန်ပြီး ထုံးသွားသည့် အမြီးလေးမှ လွဲလျှင် ဘာမျှ မရှိပေ။

အတိတ်တွင်၊ သူတို့သည် တစ်ယောက်တည်းသာဖြစ်ကြကာ တစ်ယောက်ကို တစ်ယောက် ပိုင်ဆိုင်ခဲ့ကြသည်ပင်။

ယခု သူ့ လူသားသည် အမြင့်သို့တက်လှမ်းသွားကာ လက်လှမ်းမမှီနိုင်တော့ပေ။

ရှီယွမ်သည် လေယာဉ်ဆီသို့ ဦးတည်လျှောက်လှမ်းသွားနေသည့် လုထင်းဟန်ကို ကြည့်လိုက်သည်။

သူသည် ရုတ်ချည်းပင် လွန်ကဲစွာ စိတ်လေးသွားရသည်။ အကယ်၍ သူသာ ဒီအချိန်ကို လွဲချော်သွားခဲ့လျှင်၊ သူတို့နှစ်ယောက် ထပ်မံဆုံတွေ့ဖို့ရာ အရမ်းကိုမှ ခက်ခဲသွားလိမ့်မည်ပင်။

ရှီယွမ်သည် သူ လုထင်းဟန်ကို ကြောက်သင့်သည်ဟု ခံစားနေရသည်။ ထို သန္ဓေပြောင်းစစ်သားအုပ်စုနှင့် နှိုင်းယှဉ်ကြည့်လျှင်တောင် လုထင်းဟန်သည် မကောင်းဆိုးဝါးသတ္တဝါများကို သူတို့ထက်ပို၍ သတ်ဖြတ်ခဲ့သည်မှာ သေချာပေသည်။

သို့ပေမယ့် လုထင်းဟန်သည် သူ့ လူသား ဖြစ်သည်။

လုထင်းဟန်သည် သူ့ခေါင်းလေးကို ထိကာ၊ သူ့ မေးစေ့လေးကို ကုတ်ပေးပြီး မပျင်းမရိဘဲ သူနှင့် တစ်နေကုန် နေပေးသင့်ပေသည်။

သူသည် တစ်ယောက်တည်း အထီးကျန်ရမည်ကို ကြောက်ရွံ့သည့် ချောက်နက်ပင်ဖြစ်သည်။

"......ဟေ့! မင်းဘာလုပ်တာလဲ?!" စစ်သားသည် အံ့အားသင့်စွာ အော်ပြောလိုက်သည်။

ရှီယွမ်၏ လှုပ်ရှားမှုများသည် အလွန်လျှင်မြန်လှသည်၊ သူသည် သူ့ ခန္ဓာကိုယ်ကို နှိမ့်ပြီး ရုတ်ချည်း ခုန်လိုက်ပုံက ကြောင်တစ်ကောင်ကဲ့သို့နှယ်ပင်။ ပြီးလျှင် သူသည် အမှန်တကယ်ပင် ထိုးထွင်းသိမြင်ကာ အစောင့်၏ အားနည်းသည့်အပိုင်းမှ ဝင်ရောက်သွားတော့သည်။ စစ်သားသည် သူ၏ လက်နောက်ပြန်ဖြင့် ရှီယွမ်ကို ဖမ်းဆွဲဖို့ လုပ်လိုက်သည်၊ သူ့လက်သည် ရှီယွမ်၏ အင်္ကျီဆီသို့ လုံလုံလောက်လောက် ရောက်ကာ ဖမ်းဆွဲနိုင်ပေသည်၊ ထို့နောက် ရုတ်တရုက်ပင် သူ ရပ်တန့်သွားသည် -

လုထင်းဟန်သည် ဒီနေရာသို့ ကြည့်လာပြီး သူ့လက်များကို ဆန့်ထုတ်လိုက်သည်။

လက်ဖဝါးပြင်သည် အပြင်ဘက်သို့ လှည့်လာကာ တည်ငြိမ်ပြီး မငြင်းဆန်နိုင်သည့် ရပ်တန့်မှု တစ်ခုပြုလုပ်လိုက်သည်။

ထိုစစ်သား၏ လှုပ်ရှားမှုများသည် ရပ်တန့်သွားပြီး ရှီယွမ်ကို ဖြတ်သန်းသွားခွင့် ပြုပေးလိုက်ရတော့သည်။

မရေမတွက်နိုင်သည့် လူအများ၏ လက်များသည် သေနတ်များပေါ်တွင် ရှိနေကြကာ မြောက်များစွာသော သေနတ်ပြောင်းဝများသည် အမှောင်ထဲမှနေ၍ ရှီယွမ်၏ မျက်ခုံးများဆီသို့ ချိန်ရွယ်ထားကြပြီး သူတို့အကုန်လုံးသည် လုထင်းဟန်၏ လှုပ်ရှားမှုများကြောင့် ရပ်တန့်လိုက်ရသည်။

မြောက်လေသည် အေးလှသည်၊ ကန္တာရကြီးသည် အေးလှသည် နောက်ပြီး လူတိုင်းသည် အသက်ရှုလိုက်လျှင် အဖြူရောင် အခိုးငွေ့များ ထွက်ပေါ်နေကြသည်၊ သို့ပေမယ့် ရှီယွမ်သည် အနွေးလုံးလေးပင် ဖြစ်သည်။

ရှီယွမ်သည် သူနှင့် မတော်သော အမွှေးဖွာသည့် ကုတ်အင်္ကျီကို ဝတ်ဆင်ထားပြီး တွန့်ဆုတ် တွန့်ဆုတ်နှင့် ပြီးနောက် ရဲဆေးတင်ကာ ကြံမိကြံရာဖြင့် လမ်းတစ်လျှောက် ခြေလှမ်းစိပ်စိပ်လေးဖြင့် ပြေးသွားလိုက်တော့သည်။ နွေးထွေးမှု၊ အပူရှိန် ပြီးလျှင် အနည်းငယ် စွဲကပ်နေသည့် အာလူးစွပ်ပြုပ်ရနံ့တို့နှင့် သူသည် သူ့ကိုယ်သူ လုထင်းဟန်၏ လက်မောင်းထဲသို့ ပစ်ဝင်လိုက်ပြီး ထိပ်ဖျားတွင် ထုံးနေသည့် အမြီးလေးသည် သာမန်ထက် လွန်ကဲစွာ တက်ကြွနေကာ လုထင်းဟန်၏ မျက်စိရှေ့တွင် လွှဲယမ်းနေပုံက လေထဲတွင် လှုပ်ယိမ်းနေသည့် ဖဲကြိုးလေးသဖွယ် ဖြစ်နေတော့သည်။

ရှီယွမ်သည် အနည်းငယ် ကြောက်ရွံ့နေကာ အနည်းငယ်လည်း မျှော်လင့်စောင့်စားမိနေပြီး သူ့မျက်ဝန်းလေးများက တောက်ပလျက် သူ တိုးတိုးလေး ပြောလိုက်သည် "လုထင်းဟန်၊ ကျွန်တော့် အမြီးလေး ထုံးသွားတယ်၊ ခင်ဗျား ကူပြီး ပြန်ဖြေပေးနိုင်မလား?"

Continue Reading

You'll Also Like

1.7K 313 9
🚫I don't own this story,just translation. ✴Completed✴ zawgyi မှိုတက်နေသော ထောင့်များသည် မီးခိုးရောင်၊အနက်ရောင် အစက်အပြောက်များပြည့်နှက်နေပြီး အောက်သိ...
1.9K 258 13
It's translation. credit to original author လိုအပ်ချက်ရှိရင်ထောက်ပြ‌ပေးပါ 'အသူရာချောက်နက်'ဆိုတဲ့၀တ္ထုက လွန်ခဲ့တဲ့10နှစ်ကျော်ကထုတ်ဝေခဲ့တဲ့ အမျိုးသား...
185K 5K 14
"𝘓𝘰𝘰𝘬 𝘩𝘰𝘸 𝘴𝘩𝘦 𝘭𝘪𝘨𝘩𝘵𝘴 𝘶𝘱 𝘵𝘩𝘦 𝘴𝘬𝘺. 𝘐 𝘭𝘰𝘷𝘦 𝘺𝘰𝘶, 𝘌𝘷𝘢𝘯𝘨𝘦𝘭𝘪𝘯𝘦." "𝖸𝗈𝗎'𝗋𝖾 𝗆𝗒 𝖤𝗏𝖺𝗇𝗀𝖾𝗅𝗂𝗇𝖾. 𝖸𝗈𝗎 𝖺...
1M 91.2K 40
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...