ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V7 Chapter 11 -
မကြာခင်မှာပဲ သူတို့ဘင်ကားက ဖားလေးတို့ရှာတွေ့ထားတဲ့ မိလ္လာမြောင်းပေါက်နားကို ရောက်လာတယ်။
ကားမောင်းဖို့တာဝန်ယူထားတဲ့ ဟယ်ရီက ကားကိုရပ်လိုက်ပြီး ဘင်ကားနောက်မှာ လူတွေသတိမထားမိစေဖို့ အတတ်နိုင်ဆုံးကြိုးစားရင်း လိုက်လာတဲ့ချေမှုန်းရေးအုပ်စုကို ခေါင်းညိတ်ပြပါတယ်။
"စစ်ဆင်ရေးစရမယ့်နေရာကိုရောက်ပြီ၊ အားလုံးဆင်းလို့ရပါပြီ။"
ဟယ်ရီက ဘင်ကားနောက်တံခါးကို သော့လာဖွင့်ပေးတယ်။ ဖရက်က တံခါးပွင့်သွားပြီးပြီးချင်း ဆင်းလိုက်ပြီး ကျန်တဲ့သူတွေက နောက်ကနေလိုက်ဆင်းတယ်။ မက်ဒါနာက မယ်လီကိုကြည့်ပြီး ခေါင်းညိတ်ပြလိုက်တယ်။ မယ်လီကလည်း သူ့ကို လက်မပြန်ထောင်ပြတယ်။ ဖရက်ရယ်၊ မက်ဒါနာရယ်၊ မယ်လီရယ်က ကျောင်းနေဖော်နေဘက်တွေပါ။ အခုသူတို့က တူညီတဲ့ မစ်ရှင်တစ်ခုတည်းမှာ ရှိနေကြပြီ။ မက်ဒါနာက ကျောင်းတုန်းက ကိစ္စတွေကို ပြန်စဥ်းစားကြည့်ပြီးနောက် သူတို့အုပ်စုထဲမှာ တင်မီဆိုတဲ့ကောင်တစ်ယောက်ပဲ ဘာမှဖြစ်ဖြစ်မြောက်မြောက်မရှိသေးမှန်း သတိထားမိလိုက်တယ်။ ကျန်တဲ့သူတွေက သူ့ဟာနဲ့သူ အဆင်ပြေနေကြပြီ။
"မင်းတို့က အောက်ဆင်းမှာဆိုပေမဲ့ ငါတို့ကတော့ လိုက်လို့မရဘူး။ မင်းတို့အတွက် အမှတ်မှတ်ထားတဲ့ လမ်းညွန်မြေပုံပေးလိုက်မယ်။ ငါတို့ကတော့ မြေပေါ်မှာပဲ တိုက်ပွဲနားကို သာမန်လူတွေရောက်မလာအောင်ကာကွယ်ပေးမယ်။"
ဟယ်ရီက အစီအစဥ်ကိုရှင်းပြရင်း မြေအောက်က မိလ္ဘာလမ်းကြောင်းတွေအကြောင်း အသေးစိတ်ပါတဲ့ မြေပုံကို မက်ဒါနာဆီ ပေးလိုက်ပါတယ်။ မက်ဒါနာက မြေပုံကို ဝတ်စုံစနစ်ထဲ ဒေါင်းလိုက်ပြီး ငွေရောင်စစ်သည်ဝတ်စုံထဲ ဝင်လိုက်တယ်။ ကျန်တဲ့သူတွေလည်း တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေကြပါပြီ။
"သွားကြတာပေါ့။" ငွေရောင်စစ်သည်က ပြောလိုက်ပြီးတဲ့နောက် Neon Valkyrie ဝတ်စုံဝတ်ထားတဲ့ အေမီက မြောင်းဖုံးကို ဆွဲဖွင့်လိုက်တယ်။ အဲဒီနောက်ဖရက်က အရင်ခုန်ကျသွားပြီး ဓားနတ်ဆိုး၊ အေမီ၊ ဖလေရာနဲ့ မက်ဒါနာတို့က နောက်ကလိုက်ကြတယ်။ ခွေးနက်ကြီး စေဘာစတိန်းကတော့ နောက်ဆုံးကနေ လိုက်လာပါတယ်။
အတွင်းပိုင်းက မှောင်မိုက်နေပေမဲ့ မက်ဒါနာတို့နည်းပညာဝတ်စုံတွေမှာက ညအကြည့်အမြင်ပါပါတယ်။
ဖရက်ကတော့ အမှောင်ထဲမှာပဲ တိတ်ဆိတ်စွာနေရင်းပတ်ဝန်းကျင်နဲ့ အသားကျသွားပုံပဲ။ ဓားနတ်ဆိုးကျတော့ သူ့အတွက် အမြင်အာရုံမလိုပါဘူး။ သူက ခါတိုင်းလိုပဲ သားရေဂျာကင်အနက်ကြီးကိုဝတ်ထားပြီး ကြောက်မက်ဖွယ်ရာဓားနက်ကြီးကို ကျောမှာပိုးထားတာကြောင့် အမှောင်ထုနဲ့ တစ်သားတည်းလိုထင်ရတယ်။
ချောက်... ချောက်... ချောက်....
သူတို့မိလ္လာမြောင်းထဲမှာ လျှောက်နေတုန်း ဘာသံမှမကြားရသလို ဘာပိုးကောင်နဲ့မှလည်း မတွေ့ရသေးဘူး။ ရှေ့ဆုံးကသွားနေတဲ့ အေမီက တစ်နေရာရောက်တော့ ရပ်လိုက်တယ်။ သူတို့ချင်း ဘာမှမပြောဖြစ်ကြပေမဲ့ အလိုလိုနေရင်း သိနေတာတစ်ခုတော့ ရှိပါတယ်။ သူတို့နေရာမှန်ကို ရောက်လာပြီ။ သူတို့ရှေ့မှာ မိလ္လာမြောင်းနံရံကို ဖောက်ထွက်ပြီး မြေကြီးထဲကို နိမ့်ဆင်းဝင်သွားတဲ့ အဆုံးမတွေ့ရတဲ့ မြေအောက်လိုဏ်ခေါင်းကြီးကို မြင်နေရပြီမဟုတ်လား။
ဒီထဲကို ဝင်သွားတာနဲ့ သူတို့ဘာတွေကြုံရမလဲဆိုတာကို မပြောနိုင်ဘူး။ ဖရာလီတာတို့တွေ ဝင်ခဲ့တဲ့ နေရာအတိုင်းသာ ဒီနေရာက အားကောင်းမယ်ဆိုရင် သူတို့အတွက်လည်း ဒီနေရာက လွယ်မှာမဟုတ်ပါဘူး။ သူတို့အုပ်စုက ဖရာလီတာတို့အုပ်စုထက် နည်းနည်းလေးမှ ပိုမသန်မာဘူး။
"ဘာပဲဖြစ်ဖြစ်ပေါ့လေ။" မက်ဒါနာက တစ်ချက်ပြုံးလိုက်ပြီး ရှေ့ကိုဆက်လှမ်းတယ်။ တိုက်ပွဲမဝင်ရတာကြာပြီဖြစ်တဲ့အတွက် သူ့သွေးတွေ ဆူပွက်နေပြီး တိုက်ပွဲဝင်ချင်နေပါပြီ။ မက်ဒါနာနောက်ဆုတ်မသွားတာတွေ့တော့ ကျန်တဲ့သူတွေလည်း ဆက်ဝင်ကြပါတယ်။
တွင်းထဲကို ငါးမိနစ်လောက်ဆက်လျှောက်သွားပြီးတဲ့နောက် လိုဏ်ခေါင်းက ဆုံးသွားပြီး ဂူက ကျယ်ပြန့်သွားတယ်။ ခွေးနက်ကြီးက အန္တရာယ်တစ်ခုခုကို သတိထားမိဟန်နဲ့ ရှေ့ကိုပြေးတက်သွားပြီး ထိုးဟောင်ပါတယ်။ ငွေရောင်စစ်သည်ရဲ့ဝတ်စုံစနစ်ကနေ သတိပေးချက်တွေ အများအပြားတက်လာပြီး ရန်သူ့တည်နေရာ အတည်ပြုချက်တွေလည်း စက္ကန့်ပိုင်းအတွင်းမှာပဲ ရာချီပေါ်လာတယ်။ နောက်ထပ်ထပ်တိုးနေဆဲဖြစ်ပြီး နောက်ဆုံးရေတွက်၍မရပါဆိုတဲ့ သတိပေးချက်တက်လာပြီး ရပ်သွားတယ်။
ဘုန်း...
တစ်ခုခုဖြစ်မလာသေးခင်မှာပဲ ငွေရောင်စစ်သည်၊ ဖရက်နဲ့ အေမီတို့က သူတို့အတောင်တွေခတ်လိုက်ပြီး တစ်ယောက်နဲ့တစ်ယောက် ဆန့်ကျင်ဖက်ဦးတည်ရာတွေဆီကို ခွဲဖြာခုန်တက်လိုက်ကြတယ်။ ငွေရောင်စစ်သည်က အလယ်တည့်တည့်ကို ခြေဆောင့်ပျံတက်သွားပြီး အေမီက ဘယ်ဖက်နဲ့ ဖရက်က ညာဖက်ကို သွားပါတယ်။ သူတို့နှစ်ယောက်လုံးက အသံမြန်နှုန်းကို ချက်ချင်းဆိုသလို ထိုးဖောက်သွားပြီး လေထုပေါက်ကွဲသံတွေကို နောက်ချန်ထားရစ်ခဲ့တယ်။
တစ်ချိန်တည်းမှာပဲ လိုဏ်ဂူရဲ့အမှောင်ထုထဲမှာ တူညီတဲ့မြန်နှုန်းနဲ့ လျင်မြန်စွာလှုပ်ရှားနေတဲ့ အရာတွေရှိပါတယ်။ အနားကပ်လာချိန်မှာတော့ ငွေရောင်စစ်သည်ဝတ်စုံစနစ်က ပိုပြီးတိကျတဲ့ပုံရိပ်တွေနဲ့ ခန့်မှန်းချက်တွေကို စတင်ဖော်ထုတ်ပေးတယ်။
[အလွန်ကြီးမားသော သစ်ဆွေးပိုးအင်းဆက် မြူတန့်
ခန့်မှန်းခြေအဆင့် - D+ မှ C+ ကြား။]
သစ်ဆွေးပိုးတွေက သူတို့ခန္ဓာကိုယ်တွေကို ဘောလုံးလိုလိပ်ပြီး ကားဘီးလိုလှိမ့်ကာ အံ့မခန်းမြန်နှုန်းမျိုးတွေနဲ့ သူတို့ဆီကို ပြေးဝင်လာနေတာပါ။ ကြောက်ဖို့ကောင်းတယ်ဆိုတာထက် ပိုပါတယ်။ ဒီအင်းဆက်တွေရဲ့မြန်နှုန်းက မက်ဒါနာတို့အတွက် ဘာမှမဟုတ်ပေမဲ့ တော်ရုံဟီးရိုးတွေအတွက်တော့ သေစေနိုင်တဲ့အရာမျိုးပါ။ ပြီးတော့ သူတို့အရေအတွက် များလွန်းတယ်။
"သိပ်ကောင်းတယ်၊ သွေးပူလေ့ကျင့်ခန်းမလုပ်ရတာ ကြာပြီဆိုတော့လည်း စလိုက်ရအောင်။"
ငွေရောင်စစ်သည်က စပြီးဓားကိုယမ်းတယ်။ သစ်ဆွေးပိုးတွေက သူတို့ဆီကို ဘိုလင်းဘောလုံးတွေလိုမျိုး လွင့်ပျံလာနေတယ်။ ရှေ့ကိုတည့်တည့်ရောက်လာတဲ့ ပိုးကောင်တစ်ကောင်ကို မြေဆွဲအားဓားက ထက်ခြမ်းခြမ်းပစ်လိုက်တယ်။ သစ်ဆွေးပိုးရဲ့အပြာရောင်သွေးတွေက ငွေရောင်စစ်သည်ဝတ်စုံကို လာစဥ်တယ်။ မက်ဒါနာကိုယ်တိုင် သူ့ခန္ဓာကိုယ်ထဲက သွေးဆာမှုကို စတင်ခံစားမိလာတယ်။ သူဟာ ဓားကိုအဆက်မပြတ်ဝေ့ယမ်းရင်း နောက်ထပ်ပိုများတဲ့ သစ်ဆွေးပိုးရာချီကို စတင်သတ်ဖြတ်တယ်။
တစ်ဖက်မှာတော့ အေမီက ပိုမြန်တဲ့အမြန်နှုန်းနဲ့ ဝေ့ဝိုက်ပျံသန်းရင်း အတောင်ပံတွေကိုဖြန့်ကာ အလင်းဒြပ်စင်ငှက်မွှေးတောင်တွေနဲ့ သစ်ဆွေးပိုးတွေကို ဖျက်ဆီးပစ်နေပါတယ်။ အေမီရဲ့ဝတ်စုံခံနိုင်ရည်က ငွေရောင်စစ်သည်လောက် မမြင့်မားပါဘူး။ ဒီတော့ ပိုးကောင်တွေကို အကွာအဝေးတစ်ခုမှာထားပြီး တာဝေးလက်နက်တွေနဲ့ ဖျက်ဆီးပစ်တာက ပိုဉာဏ်ရှိရာကျပါတယ်။ ဒါပေမဲ့ တချို့ပိုးကောင်တွေက လွတ်လာနေဆဲဖြစ်ပြီး လက်ထဲက ဘလိပ်ဓားနှစ်လက်နဲ့ တစ်ခါတလေပိုင်းပစ်ရတယ်။
"၃၃၂၊ ၃၃၅၊ ၃၄၈..." ပြီးတော့ အေမီက တစ်ချက်လှုပ်ရှားပြီးတိုင်းမှာ အသံမြန်နှုန်းကနေထွက်ကာ ဟန်ချက်ပြန်ထိန်းရင်း သူသတ်ပြီးတဲ့ ပိုးကောင်အရေအတွက်ကို ရေတွက်နေပါတယ်။ အေမီရဲ့ဝတ်စုံက အခုလိုမကျဥ်းလွန်းမကျယ်လွန်းတဲ့နေရာမှာ တိုက်ခိုက်ဖို့အတွက် မြန်လွန်းနေတာကြောင့် ဟန်ချက်ထိန်းဖို့ မကြာမကြာနားပေးဖို့လိုပါတယ်။ ဒီလိုမှာမဟုတ်ရင် မြေနံရံတွေနဲ့ ဝင်တိုက်မိနိုင်ပါတယ်။
"ဒီကောင်တွေက ဒီလောက်ကြီးမမာဘူးပဲ။" အတွေ့အကြုံသိပ်မရှိသေးတဲ့ ဖလေရာကတော့ အခုအဆင့်တိုက်ပွဲနဲ့ သိပ်ပြီးအသားမကျသေးဘူး။ မက်ဒါနာတို့အုပ်စု လေပေါ်ပျံတက်ပြီးတိုက်ခိုက်တော့ သူလည်း လိုက်ပျံတက်ဖို့လုပ်ပေမဲ့ ပိုးကောင်တချို့နဲ့တိုက်မိပြီး ပြန်ပြုတ်ကျလာတဲ့အတွက် ထပ်မလိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီအစား မြေပေါ်မှာရပ်နေရင်း ဧရာမတူကြီးနဲ့ ပိုးကောင်တွေကို တစ်ကောင်စီ ထုနှက်ပေးနေတယ်။ အဝေးကနေကြည့်မယ်ဆိုရင် ဖလေရာက နည်းပညာဝတ်စုံဝတ်ပြီး ဘေ့စ်ဘောဆော့နေတယ်လို့တောင် ထင်ရပါတယ်။ သူ့ရဲ့ရိုက်ချက်တိုင်းမှာ သစ်ဆွေးပိုးတွေ ပြားကပ်ကုန်ပြီး အခုဆိုရင် ခြေချောင်းလက်ချောင်းတွေကျွတ်ထွက်ကုန်တဲ့ မြေပေါ်မှာအပုံလိုက်ဖြစ်နေပါပြီ။
ဖလေရာနဲ့ဆန့်ကျင်ဘက်မှာတော့ ဓားနတ်ဆိုးကတော့ အေးအေးတည်တည်ငြိမ်ငြိမ်နဲ့ရှိလို့နေပါတယ်။ သူက နောက်က ဓားနက်ကြီးကို အရင်ထုတ်မသုံးသေးဘဲ သူ့ဂျာကင်အောက်မှာဝှက်ထားတဲ့ ဓားတိုလေးနှစ်လက်ကိုကိုင်ကာ ပထမဆုံးရောက်လာတဲ့ ပိုးကောင်တချို့ကို လွယ်လွယ်ကူကူပဲ သတ်ဖြတ်ပစ်လိုက်တယ်။ သူ့မျက်နှာကို အပြာရောင်သွေးတချို့လာစင်ပေမဲ့ နည်းနည်းလေးမှ ဂရုမစိုက်ဘဲ ဝင်လာသမျှ ပိုးကောင်တွေကို တစ်စစီစုတ်ဖြဲပစ်နေတယ်။
"ကြည့်ရတာ အချိန်ရောက်လာတော့မယ်ထင်တယ်။" သူက ပြောလိုက်တယ်။ သူပိုးကောင်တစ်ကောင် သတ်လိုက်တိုင်း သူ့ကျောပိုးထားတဲ့ ဓားရဲ့လက်ကိုင်ကွင်းက ကျောက်မျက်ရတနာတွေက တစ်ခုချင်းစီ တောက်ပလာပါတယ်။ သက်တံရောင်အစဥ်အလိုက် ကျောက်မျက်ခုနစ်ခုရှိပြီး အနီ၊ လိမ္မော်၊ အဝါ၊ အစိမ်း၊ အပြာ၊ မဲနယ်၊ စသည်ဖြင့်ရှိနေပြီး ပိုးကောင်တစ်ကောင်သတ်လိုက်တိုင်းမှာ ကျောက်မျက်တစ်ခုက ပိုလင်းလာပါတယ်။ ကျောက်မျက်အားလုံး လင်းလာတဲ့နောက်တော့ ဓားနတ်ဆိုးက လက်ထဲက ဓားငယ်နှစ်လက်ကို စတိုင်ကျကျပြန်သိမ်းလိုက်ပြီး ဓားပြားကြီးကို ဆွဲထုတ်လိုက်တယ်။
"လောကမှာ ရေကန်ထဲကဓားကို ယှဥ်နိုင်တဲ့ဓားက တစ်ခုတည်းပဲရှိတယ်။ အဲဒါက ဒူရန်ဒဲလ်ပဲ။"
ဓားနက်ရဲ့အရောင်က ဖြည်းဖြည်းချင်းပြောင်းလဲသွားပြီး ဓားသွားပတ်ပတ်လည်က ရွှေရောင်ရင့်ရင့်အဖြစ် ပြောင်းလဲသွားတယ်။ နောက်တော့ ဓားနတ်ဆိုးက ဒီဓားကိုသုံးပြီး ပိုးကောင်အုပ်ကြီးဆီကို ပြေးဝင်ပြီး အားကုန်ခုတ်တယ်။
ဓားနတ်ဆိုးရဲ့ဓားတစ်ချက်တည်းက ပိုးကောင်များစွာကို တိခနဲပြတ်ကျသွားစေတယ်။ လေထုထဲမှာ ပိုးကောင်တွေနဲ့ တိုက်ခိုက်နေတဲ့ မက်ဒါနာတောင်မှ အဲဒီဓားချက်ကြောင့် အံ့ဩသွားပါတယ်။
"အဲဒီဓားက... ငါ့ရဲ့မြေဆွဲအားဓားကိုတောင် တိခနဲဖြတ်ချနိုင်လောက်တယ်။" ဒူရန်ဒဲလ်ဓားက တကယ့်ကို ထိပ်သီးဒဏ္ဍာရီလာဓားပါ။ ဖရန့်ကစ်ဘုရင်ကြီး ရှားလမိန်းရဲ့အယုံကြည်ရဆုံး မင်းသားရိုလန်ကိုင်ခဲတဲ့ ဓားဖြစ်ပြီးတော့ လုံးဝမပျက်စီးနိုင်တဲ့ဓားပါ။ ပြီးတော့ အဲဒီဓားရဲ့ကိုင်ဆောင်သူက အခုရာစုနှစ်ရဲ့ အစွမ်းအထက်ဆုံးဓားသမား ဓားနတ်ဆိုးပါ။
မက်ဒါနာလိုပဲ ဖလေရာကလည်း ဓားနတ်ဆိုးရဲ့ဓားနက်ကို ကြောင်ပြီးကြည့်နေမိတယ်။ ဒါကြောင့် ပိုးကောင်တစ်ကောင်က သူ့ခံစစ်ကို ချိုးဖောက်ပြီး ဝင်လာပေမဲ့ ခွေးနက်ကြီးစေဘာစတိန်းက ကြားကနေဝင်ပြီး ဖျက်တိုက်တယ်။ နောက်တော့ သူကလည်းဟိန်းဟောက်ရင်း ပိုးကောင်အုပ်ကြီးဆီ ပြေးဝင်သွားလိုက်တယ်။ စေဘာစတိန်းက သူ့ရဲ့ပစ်ခတ်နိုင်တဲ့ လက်နက်တွေကို ဖြုန်းတီးဖို့ စိတ်မဝင်စားသေးပါဘူး။ ရှေ့မှာ ဒီထက်ပိုတဲ့ အန္တရာယ်တွေ ရှိနေနိုင်သေးတယ်လေ။
ဖရက်ကလည်း သူတို့နားမှာဝိုင်းနေတဲ့ ထောင်သောင်းချီတဲ့ ပိုးကောင်အရေအတွက်ကို ကြည့်ပြီး နှာမှုတ်လိုက်တယ်။ ပုံမှန်နည်းလမ်းနဲ့ဆိုရင် ဒီအုပ်စုကြီးကို သူတို့နာရီနဲ့ချီပြီး ရှင်းလင်းရမှာပါ။ ဒါပေမဲ့ သူတို့မှာ အဲဒီလိုဇိမ်ခံနိုင်တဲ့ အခြေအနေမှာရှိမနေပါဘူး။ မြို့ကိုအန္တရာယ်မဖြစ်စေချင်ရင် မျိုးပွားမိခင်က ပိုးကောင်ဗိုလ်ချုပ်ကို မမွေးဖွားခင် ရှာပြီးသတ်ရပါမယ်။
"မင်းတို့ကောင်တွေ မင်းသမီးလေးရဲ့အချိန်ကို မဖြုန်းတာကောင်းမယ်။" ဖရက်က ပြောပြောဆိုဆိုနဲ့ သူ့လက်နှစ်ဖက်ကို ပူးကပ်လိုက်တယ်။ လျှပ်စစ်စွမ်းအင်တွေက သူ့လက်နှစ်ဖက်ကြားမှာ ချက်ချင်းစုဝေးလာပြီး ခရမ်းရောင်အဖြစ်ပြောင်းသွားတယ်။ မိုးကြိုးဓားအဖြစ်ဖွဲ့စည်းဖို့မလုံလောက်သေးပေမဲ့ သူလုပ်နေ တာက တခြားတစ်ခုပါ။ အခုလိုအခြေအနေမှာ ပိုပြီးအသုံးဝင်မယ့်အရာတစ်ခုပေါ့။
ဖရက်က လက်ထဲမှာစွမ်းအင်တွေအားလုံးကို စုစည်းပြီးတာနဲ့ ပျံသန်းနေရာကနေ မြေပြင်ပေါ်ကို ပြန်ခုန်ဆင်းလိုက်တယ်။ နောက်တော့ သူ့လက်ဝါးနဲ့ မြေပြင်ကို ခပ်သာသာလေးရိုက်လိုက်တယ်။ လက်ဝါးက မြေပြင်ကို ထိမသွားပေမဲ့ လျှပ်စစ်စီးကြောင်းတွေက လျှပ်ကူးအားမကောင်းတဲ့ မြေပြင်ကိုပါစီးကူးသွားပြီး လျှပ်စီးလှိုင်းပင်လယ်ကြီးတစ်ခုက ဂူတစ်ခုလုံးကို ပြန့်နှံသွားပါတယ်။
လျှပ်စီးလှိုင်းဆူနာမီကြီး ပြန့်နှံလာတဲ့အတွက်ကြောင့် ဓားနတ်ဆိုးရော ဖလေရာပါ မျက်လုံးပြူးသွားလေရဲ့။ ကံကောင်းတာက မြေပြင်က လျှပ်ကူးမကောင်းတဲ့အတွက် အားလှိုင်းက ဖြည်းဖြည်းချင်းရွေ့လျားနေတာဖြစ်ပြီး သူတို့နှစ်ယောက်လှုပ်ရှားဖို့ အချိန်ရပါတယ်။ ဖလေရာက ခွေးနက်ကြီးကိုရော ဓားနတ်ဆိုးကိုပါ အသံမြန်နှုန်းနဲ့ခရီးသွားရင်း ဆွဲခေါ်ကာ ကောင်းကင်ပေါ်ပျံတက်လိုက်တယ်။ သူတို့ပြန်ဆင်းလာချိန်မှာတော့ မြေပေါ်မှာရှိနေတဲ့ ပိုးကောင်တွေအကုန်လုံးနီးပါး ဓာတ်လိုက်ပြိးသေနေပါပြီ။ ဘောလုံးအဖြစ်ပြောင်းပြီး မက်ဒါနာတို့ကိုတိုက်ချဖို့လုပ်နေတဲ့ လေပေါ်က တချို့ကိုတော့ မက်ဒါနာတို့အုပ်စုကပဲ ပွဲသိမ်းပေးလိုက်ပါတယ်။
"ကြည့်ရတာ အခန်းတစ်ခန်းကိုတော့ ဖြေရှင်းပြီးပြီထင်တယ်။ နောက်ထပ်အကောင်တွေရောက်မလာသေးခင် ပိုးကောင်မိခင်ကြီးကိုရှာရမယ်။" မက်ဒါနာက မြေပေါ်ကိုပြန်ဆင်းလာပြီး အားလုံးကိုပြောလိုက်တယ်။ ကျန်တဲ့သူတွေလည်း ခေါင်းညိတ်လိုက်ကြပါတယ်။
....
သာမန်အရပ်သားတွေ တိုက်ပွဲဖြစ်နေတဲ့နေရာကို ဖြတ်သွားရင်း တစ်ခုခုမဖြစ်အောင် ကာကွယ်ပေးရတဲ့ မြေပြင်အဖွဲ့အတွက် တာဝန်ကတော့ တကယ့်ကိုပျင်းစရာကောင်းပါတယ်။ ဖားလေးက စခန်းကနေ ယူလာတဲ့ မန်ဂါစာအုပ်တစ်အုပ်ကို ဖတ်နေရင်း ပျင်းရိစွာနဲ့ သန်းဝေလိုက်ပါတယ်။ သိပ်မကြာခင်မှာပဲ သူတို့ရှိနေတဲ့မြေပြင်က တစ်ချက်တုန်ခါသွားတဲ့အတွက် ဖားလေးက ကောက်ချက်ချလိုက်ပါတယ်။
"ကြည့်ရတာ သူတို့တိုက်ပွဲစနေပြီနဲ့တူတယ်။" ဖားလေးစကားကိုကြားတော့ ဘေးမှာရှိနေတဲ့ မယ်လီက နည်းနည်းပျင်းဖို့ကောင်းတဲ့ စကားတစ်ခွန်းနဲ့ တုံ့ပြန်လိုက်ပါတယ်။
"ဟုတ်တယ်နော်၊ သူတို့ပိုးကောင်တွေအများကြီးနဲ့များ တွေ့နေပြီလားမသိဘူး။"
ဟယ်ရီကတော့ ဘင်ကားကိုမှီရပ်ရင်း စီးကရပ်ကိုမီးညှိကာ နှုတ်ခမ်းတေ့လိုက်တယ်။ အဲဒီနောက် အတော်လေး စကားကောင်းနေပုံပေါ်တဲ့ မယ်လီနဲ့ဖားလေးကို ကြည့်လိုက်တယ်။ ဘာကြောင့်မှန်းမသိပေမဲ့
သူ့ပုံစံက တစ်ခုခုကို သဘောမကျဖြစ်နေသလိုမျိုး။
သူတို့တွေ ဒီအတိုင်းရပ်နေရင်း မြေအောက်နဲ့ပတ်ဝန်းကျင်မှာ တစ်ခုခုထူးခြားတာရှိမနေရှိ သတိထားစောင့်ကြည့်နေကြတယ်။ ဒါပေမဲ့ အလုပ်က အထွေအထူးမရှိတာကြောင့် မယ်လီနဲ့ဖားလေးတို့ သိပ်အရေးမပါတဲ့ စကားတချို့ ဆက်ပြောဖြစ်ကြတယ်။ ရုပ်ပြကာတွန်းထဲက ဇာတ်ကောင်တွေအကြောင်းနဲ့ နာမည်ကြီးဟီးရိုးတချို့တလေအကြောင်းပေါ့။
စကားပြောကြရင်း နာရီဝက်လောက်ကြာတဲ့အထိ တိုက်ပွဲပြီးတဲ့ပုံမပေါ်သေးဘူး။ စကားပြောနေရင်း ဖားလေးဗိုက်က သံစုံမြည်လာတော့ မယ်လီက ရယ်မောလိုက်တယ်။
"မနက်စာကောင်းကောင်းစားမလာဘူးလား။" မယ်လီမေးလိုက်တော့ ဖားလေးရှက်သွားတယ်။ သူက မြေပြင်ကို ငုံကြည့်လိုက်ပြီး "တကယ်တော့ မနက်အိပ်ရာထ နောက်ကျနေတာနဲ့ ဆန်းဝှစ်တစ်ခုပဲစားလိုက်ရတာ။"
"မနက်စာ သေချာမစားတာ ကျန်းမာရေးအတွက် မကောင်းဘူးနော်။ အထူးသဖြင့် နင်က အသွင်ပြောင်းမြူတန့်လေ။ အာဟာရအများကြီးလိုတယ်။"
မယ်လီက ခါးထောက်လိုက်ပြီး ဖားလေးကို တကယ့်အစ်မအရင်းတစ်ယောက်လိုမျိုး ဆူတော့တာပဲ။ အဲဒီနောက်တော့ မယ်လီက သူ့မှာပါလာတဲ့ ပိုက်ဆံအိတ်ကို ဖြန့်ကြည့်လိုက်တယ်။ သူ့လက်မတစ်ချောင်းက အရင်နေ့ညကလိုပဲ မည်းနေတုန်းပဲ။
"အင်း၊ ဘာဂါတစ်ခုစာတော့ လောက်ပါသေးတယ်။ ဒီနားမှာ ဘာဂါကင်းရှိမယ်ထင်တာပဲ။ သွားကြည့်လိုက်ဦးမယ်။"
"အစ်မကြီး၊ လောလောဆယ် ကျွန်တော်တို့က ထိုင်ကင်းစောင့်နေရတာ မဟုတ်ဘူးလား။" မယ်ဘီဘာဂါသွားဝယ်နေတုန်း တစ်ခုခုမကောင်းတာဖြစ်သွားရင် ဘယ်လိုလုပ်မလဲဆိုပြီး ဖားလေးတွေးမိတဲ့အတွက် ပြောလိုက်ပေမဲ့ မယ်လီက ခေါင်းခါပြတယ်။
"ဆာSilverknightကိုယ်တိုင် ဒီတိုက်ပွဲမှာပါနေတာမလို့ ဘာမှမှားစရာအကြောင်းမရှိပါဘူး။ ပြီးတော့ ငါဒီမှာရှိနေလည်း နင်တို့ကို အများကြီးမှ မကူညီပေးနိုင်တာ။"
မယ်လီရဲ့စကားကြောင့် ဖားလေးရင်ထဲမှာ ဆို့နင့်သွားတယ်။ သူတို့သုံးယောက်လုံးက နယူးယောက်ဟီးရိုးအစည်းအရုံးရဲ့အမာခံတွေဆိုပေမဲ့ ဖားလေးနဲ့ဟယ်ရီတို့နှစ်ယောက်က B rank လက်ရွေးစင်တွေပါ။ စွမ်းအားကြီးလွန်းတာမဟုတ်ပေမဲ့ အရေးပါတဲ့ မြူတန့်တွေအဖြစ် ယူဆလို့ရနေဆဲပါ။
မယ်လီကတော့ သာမန်ဟီးရိုးတစ်ယောက်ပါ။ ဟီးရိုးဖြစ်တယ်ဆိုရုံလေး ဖြစ်တယ်ဆိုပါတော့။ စွမ်းအားနိုးထတာ နောက်ကျခဲ့တဲ့အတွက်ကြောင့် အားကောင်းတဲ့ မြူတန့်စွမ်းအားမရရှိခဲ့ပါဘူး။ ဒါပေမဲ့ ဖားလေးက မယ်လီကို လေးစားတယ်။ သူ(မ)က အဖွဲ့သားတိုင်းကို ဂရုစိုက်ပြီး အမြဲတမ်းစံပြဖြစ်နေဖို့ ကြိုးစားတတ်သူပါ။ တခြားသူတွေ နားနေတဲ့အချိန်မှာတောင်အလုပ်လုပ်နေတဲ့သူလေ။
"အဲဒီလိုတော့မဟုတ်ပါဘူး၊ အစ်မကြီးသာမရှိရင် ကျွန်တော်တို့အစည်းအရုံးမရှိတော့တာကြာလောက်ရောပေါ့။"
ဖားလေးက ခေါင်းကုတ်ရင်း ပြန်ဖြေလိုက်တော့ မယ်လီက ဖားလေးခေါင်းကိုခေါက်လိုက်တယ်။ "ဟုတ်ပါပြီဟုတ်ပါပြီ။ ဘယ်ဘာဂါစားမှာလဲ။"
"အသားနှစ်ထပ်ဘာဂါ။"
"ဟုတ်ပြီလေ။" မယ်လီက ခေါင်းညိတ်ပြပြီး ထွက်ခွာသွားတယ်။ ဟယ်ရီကတော့ မယ်လီမြင်ကွင်းထဲကနေ ပျောက်သွားတဲ့အထိ ဒီအတိုင်းကြည့်နေရင်း ဆေးလိပ်တစ်ဖွာ ထပ်ဖွာပြီး ဖားလေးကိုပြောလိုက်တယ်။
"ဟေး၊ လူးဆီးယပ်။ ငါမင်းကို ပြောပြမှဖြစ်မယ့် ကိစ္စတစ်ခုရှိတယ်။"
....
သုံးဖွဲ့ခွဲလိုက်တဲ့အထဲမှာ အဆိုးဝါးဆုံးအခြေအနေနဲ့ ကြုံတွေ့နေရတဲ့သူကို ပြပါဆိုရင် မက်၊ လယ်ရီ၊ မိုးတို့ကို ပြရမှာပဲ။ လောလောဆယ် သူတို့သုံးယောက်က ခိုးလာတဲ့ စူပါပြိုင်ကားတစ်စီးထဲမှာရှိနေပြီး သူတို့နောက်ကို ရဲဟော့ပါတွေရော ရဲကားတွေပါ လိုက်နေကြတယ်။
"သောက်ချီးထဲမှ ဒီကောင်တွေ တကယ်ပစ်တယ်ဟ။" ပေါက်ကွဲအားပြင်း ဟီလီယမ်သေနတ်ကျည်တစ်ခု သူတို့ပြိုင်ကားကိုဖြတ်သွားပြီး ရပ်ထားတဲ့ ကားတစ်စီးကို သွားမှန်တဲ့အတွက် သူတို့လန့်သွားတယ်။ အဲဒီကားကတော့ မီးစလောင်နေပြီဖြစ်ပြီး ရစရာမရှိတော့ဘူး။
အစတုန်းကတော့ သူတို့အချိန်းအချက်လုပ်ထားတဲ့အတိုင်း လင်ဒါတို့ရဲတပ်ဖွဲ့က လူမိုက်ဂိုဏ်းအတုဖြစ်တဲ့ သူတို့ကို ဟန်ဆောင်ပြီးလိုက်ရမှာပါ။ ဒါပေမဲ့ စစ်ဆင်ရေးစခါနီး နောက်ဆုံးမိနစ်လေးမှာပဲ မြူတန့်ဌာနစိတ်က ကူညီပေးပါမယ်ဆိုပြီး ပျော်ပျော်ကြီးဝင်ပါလာတယ်လေ။
ဒီတော့ အခုသူတို့ကိုညှာပါမယ်ဆိုတဲ့ ရဲတွေကလည်း သဘာဝကျအောင် ညှာလို့မရတော့ဘူး။ သူတို့ကို တကယ်ဆော်ရပါလေရော။ မိုးရဲ့ပရော်ဖက်ရှင်နယ်ကျတဲ့ ပြိုင်ကားမောင်းစကေးကြောင့်သာ သူတို့တွေအခုထိ အသက်ရှင်နေကြသေးတာ။
"ငါ့ကောင်ရေ၊ အေးဂျင့်တွေ လမ်းကြားထဲက ထွက်လာပြီဟ။" မိုးဘေးနားမှာထိုင်နေတဲ့ လယ်ရီက ကားပြတင်းပေါက်ကနေ ခေါင်းပြူကြည့်ရင်း ပြောလိုက်တယ်။ တကယ်လည်း လက်ကနေ ဂျက်အင်ဂျင်လို မီးတွေထွက်ပြီး ပျံနေတဲ့ အေးဂျင့်ဝတ်စုံနဲ့ကောင်က သူတို့ကားနဲ့ အတော်ကပ်နေပြီ။
"အဲဒီကောင်ကိုပစ်ချ၊ ဒီကားပျက်သွားရင် ငါတို့အကုန်လုံး ထောင်ထဲမှာ တကယ်အိပ်ရလိမ့်မယ်။" မိုးက ကားနောက်ခန်းထဲမှာ ထိုင်နေတဲ့ မက်ကိုပြောလိုက်တယ်။ မက်က လက်မထောင်ပြလိုက်ပြီး သူ့လက်ကို ဇီဝအမြောက်အဖြစ်ပြောင်းကာ ပြိုင်ကားခေါင်မိုးကို လက်နဲ့ထိုးဖောက်လိုက်ပြီး ပျံပြီးလိုက်လာတဲ့ကောင်ကို အစိမ်းရောင်အချွဲအကျိအက်စစ်တွေနဲ့ စပစ်တယ်။
အေးဂျင့်လည်း မျက်လုံးပြူးသွားပြီး ရှောင်ရတော့တာပေါ့။ ပစ်မှတ်ကိုမထိဘဲ လမ်းပေါ်သွားစင်တဲ့ အက်စစ်ရည်တွေကတော့ အကုန်အငွေ့ပျံမသွားခင် ကွန်ကရစ်တွေကိုပါစားပစ်တယ်။ ဒေါ်လာသန်းနဲ့ချီ အကုန်အကျခံခင်းထားတဲ့ နယူးယောက်လမ်းတွေက အခုတော့ ချိုင့်တွေနဲ့ဖြစ်ကုန်ပြီ။ ဒါတောင်ကြိုတင်အမိန့်ကြောင့် လမ်းသွားလမ်းလာတွေ မရှိသလောက်ရှင်းနေပြီး သူတို့ဘယ်လောက်တိုက်တိုက်ပြည်သူတွေကို မထိခိုက်နိုင်လို့သာ တော်တော့တယ်။