အပိုင်း ၁ ။ ။ မကောင်းဆိုးဝါးလေး
တောက်ပသည့် လမင်းကြီး၏ အလင်းရောင်သည်ကား တစ်ခဏအတွင်း လင်းလက်လို့လာပြီး သစ်တောထဲမှ တိုက်ခတ်လာသော လေများက အေးစိမ့်နေပေ၏။
ကျိုးတိုးကျဲတဲပေါက်ရောက်နေသည့် သစ်ပင်အရိပ်များ ဝန်းရံနေပါသည့် ကျောက်တုံးတစ်ခုပေါ်တွင် လူတစ်ယောက်သည် တစ်ကိုယ်လုံးတွင် သွေးများဖုံးလွှမ်း၍ လဲကျလို့နေပေသည်။ သူ၏ ပါးပြင်နှင့် လည်ပင်းတို့တွင် အလင်းဖောက်၍အရည်လည်သော ရေကြည်ဖုများနှင့် ပြည့်နှက်နေကာ အင်းဆက်ပိုးမွှားများကဲ့သို့သော အရိပ်အယောင်များက ထိုအရည်ကြည်ဖုများထဲတွင် လူးလွန့်ကူးခတ်နေကြ၏။ ထိုလူသည် သူ့လက်ကို ဆန့်ထုတ်ကာ စကားပြောနိုင်ဖို့အရေး ရုန်းကန် လှုပ်ရှားလျက် "မင်း...မင်း..."
ရှီယွမ် အချိန်တစ်ခဏလောက် ရပ်တန့်သွားခဲ့ပြီး ဓါတ်မီးကို ဘေးသို့ပစ်ချလိုက်ကာ ထိုလူ့လက်ကို ဆုပ်ကိုင်ဖို့ ပြေးသွားလိုက်၏။
ထိုလူ၏ လက်များ အေးစက်နေပုံမှာ လူသေတစ်ယောက်ကဲ့သို့ပင်ဖြစ်နေပြီး နာကျင်မှုအလုံးစုံတို့ကြောင့် တသိမ့်သိမ့်တုန်ယင်နေသည်။ ရှီယွမ်သည် ခေါင်းကိုငုံ့ကိုင်းကာ ထိုလူ၏ နှုတ်ခမ်းများပေါ်သို့ သူ၏နားရွက်ကို ဖိကပ်ထားလိုက်ပြီး "မင်း ဘာပြောချင်လို့လဲ? ငါ ရှိတယ်၊ ငါ ရှိတယ်"
ထိုလူက အသံပြုလိုက်သော်ငြား ရှီယွမ် ရှင်းရှင်းလင်းလင်း မကြားလိုက်ရပေ။ "ခင်ဗျား ဘာပြောလိုက်တာလဲ? ခင်ဗျား ရေလိုချင်လို့လား၊ အစားအစာလိုချင်လို့လား? ငါ့မှာ အဲ့ဒါတွေအကုန်ရှိတယ်"
ရှီယွမ် သူ့ကျောပိုးအိတ်လေးကို ချလိုက်ပြီး လျှင်လျှင်မြန်မြန်ဖြင့် ရှာဖွေနေလေသည်၊ သို့ပေမယ့် ထိုလူက ရုတ်ချည်း ထ၍ထိုင်ကာ ရှီယွမ်၏ လက်ကို ခပ်တင်းတင်းဆွဲကိုင်၍ ဒေါသစိတ် အပြည့်ခြုံလွှမ်းနေပါသည့် သွေးထွက်သံယိုဖြစ်နေသော မျက်လုံးများဖြင့် ကြည့်လာကာ "မင်း ငါ့ကို လိမ်ခဲ့တာပဲ... မင်းလည်းပဲ သောက်ကျိုးနည်း မကောင်းဆိုးဝါးပဲ!"
ထိုလူ၏ အသံများသည် ရုတ်တရက်ပင် ရပ်တန့်လို့သွား၏။
မျက်လုံးများ ပြူးကျယ်နေလျက်နှင့်ပင် ထိုလူ သေဆုံးသွားတော့သည်။
ရှီယွမ် သူလုပ်နေသည်များကို ရပ်တန့်လိုက်ပြီး လရောင်အောက်မှာ ထိုင်၍ ထိုလူကို ကြည့်နေလိုက်သည်။
ထိုလူ၏ မျက်နှာပေါ်ရှိ အရည်ကြည်ဖုများက တစ်ခုပြီး တစ်ခု ပေါက်ထွက်သွားပြီး ပိုးသားလောင်းများသည် သူတို့၏ အတောင်ပံအသစ်တို့ကို ဖြန့်တန်းကာ လေထဲတွင် လွပ်လပ်စွာဖြင့် မြူးကြွလှုပ်ရှားနေကြသည်။
တစ်ကောင်၊ နှစ်ကောင်၊ သုံးကောင်...
အင်းဆက်များ၏ အမြီးများတွင် အနုမြူအရောင်များ ထုတ်လွှတ်နေသည့် အရည်အိတ်ငယ်များပါရှိကြပြီး အလွန်လှပသော ခရမ်းရောင်အလင်းများဖြင့် တောက်ပလျက်ရှိသည်။ ထိုအင်းဆက်များအုပ်စုလိုက် ပျံသန်းသည့်အခါတိုင်း လေထဲတွင် ဖြတ်သန်းသွားနေသည့် ကျောက်မြတ်ရတနာများသကဲ့သို့ ရင်သပ်ရှုမောဖွယ် လှပလွန်းပေ၏။
အင်းဆက်ဥများ ကွဲသွားခဲ့ပြီးနောက် အလောင်းကြီးသည် ပဟေဠိဖြစ်စွာပင် အပေါက်ကြီးဖြစ်လို့ နေခဲ့ပြီဖြစ်သည်။
ရှီယွမ်သည် ယခုထက်ထိတိုင် သူ့လက်ကို ဆုပ်ကိုင်ထားဆဲဖြစ်နေသည့် ထိုလူ၏လက်ကို ဖြည်းဖြည်းချင်း ဖြေလျှော့လိုက်ကာ ထိုလူ၏ ပွင့်ဟနေဆဲမျက်လုံးကျယ်ကြီးများကို မှိတ်ခဲ့ပေးပြီး အောက်တွင်ကျနေခဲ့သည့် သူ့ဓါတ်မီးလေးကို ပြန်ကောက်ယူလိုက်သည်။
အင်းဆက်များက ဆက်လက်၍ ယိမ်းနွဲ့လှုပ်ရှားလို့နေ၏။ ဤကဲ့သို့ ကူးစက်နိုင်သည့် ဇီဝသက်ရှိများကို "အလင်းခရမ်းရောင်အင်းဆက်"ဟု ခေါ်ပြီး လူသားများကို အလွန်အမင်း ရန်မူတတ်ကြသည်။
သို့ပေမယ့် ထိုအင်းဆက်တွေသည် ရှီယွမ်၏ အနီးအနားကိုတော့ မလာကြပေ။
အင်းဆက်အုပ်စုက မြူးကြွရူးသွပ်စွာ ပျံဝဲနေလင့်ကစား ရှီယွမ်၏ ပတ်ပတ်လည် နှစ်မီတာ သုံးမီတာ ကွာဝေးသည့် နေရာလွတ်များတွင်သာဖြစ်၏။
ရှီယွမ်သည် ထိုအခြင်းအရာများကို သတိမမူမိပဲ တစ်ခဏကြာအောင် မတ်တပ်ရပ်လို့နေခဲ့ပြီး ကျောက်တုံးများကို ကောက်ယူကာ ထိုလူကို မြှုပ်နှံသင်္ဂြိုလ်ပေးလိုက်သည်။ သူတို့နှစ်ယောက်သည် လွန်ခဲ့သည့် ငါးရက်ခန့်က မတော်တဆတွေ့ဆုံခဲ့ကြကာ အတူတကွခရီးဆက်ခဲ့ကြခြင်းဖြစ်ပြီး သေခြင်းတရားကြောင့် လျင်မြန်စွာ ခွဲခွါသွားကြရပြီဖြစ်သည်။
ရှီယွမ် ဝမ်းနည်းမနေသော်ငြား ဆုံးရှုံးရခြင်းခံစားချက်ကိုတော့ အနည်းငယ်မျှ ခံစားနေရသည်။
ထိုအနီးအနားတွင် စမ်းချောင်းတစ်ခုရှိနေ၏။
ရှီယွမ်သည် ခေါင်းကိုလှည့်လိုက်ပြီး ရေပြင်ပေါ်တွင် အလင်းပြန်ထင်ဟပ်နေသည့် မိမိကိုယ်ကို စိုက်ကြည့်နေမိသည်။
လရောင်အောက်တွင် ရှီယွမ်၏ အသားအရေသည် ချော့မွေ့နေကာ ဖောက်ထွင်းမြင်ရမတတ်ပင်ဖြစ်နေသော်လည်း သူ၏ မျက်ဝန်းများသည် အနက်ရောင်သက်သက်ဖြစ်ပြီး ညာဘက်မျက်လုံးထောင့်မှ နားထင်အစပ်အထိတွင် အနက်ရောင်အကြေးခွံအနည်းငယ်တို့က သွယ်တန်းလျက်ရှိလို့နေ၏။
သူ၏ မျက်နှာပေါ်မှ အကြေးခွံများ၊ သူ၏ ဦးခေါင်းပေါ်မှ နတ်ဆိုးသကဲ့သို့သော ချွန်တက်နေပါသည့် ဦးချိုနှင့် သူ၏ အနက်ရောင် အမြီးရှည်။
ရှီယွမ်သည် ဂရုတစိုက်နှင့် အချိန်အကြာကြီး ကြည့်နေခဲ့ပြီး ဇဝေဇဝါဖြင့် သူ၏ အမြီးကို ကွေးထားလိုက်သည်။ သူကတော့ သူ့ကိုယ်သူ လူသားနှင့်တူသည်ဟု ထင်မိသည်၊ မျက်လုံးနှစ်လုံး၊ ပါးစပ်ပေါက်တစ်ပေါက်နှင့် မတ်တပ်ရပ်ပြီး လမ်းလျှောက်နိုင်၏။ ဒါကို ဘာလို့များ ထိုလူက သူ့ကို အဲ့ဒီလိုကြီး ကျိန်ဆဲရတာလဲ?
ရှီယွမ် အနည်းငယ် စိတ်ပျက်လက်ပျက်ဖြစ်ကာ သက်ပြင်းချ၍ မျက်နှာသစ်ရန် လက်နှစ်ဖက်ဖြင့် ရေလက်တစ်ဆုပ်ကို ခပ်ယူပြီးနောက် သူ၏ သွားလက်စ ခရီးကို ဆက်ရန် ဆုံးဖြတ်လိုက်တော့သည်။
ရှီယွမ် သူ၏ ဝတ်ရုံလေးကို သပ်ရပ်အောင်ပြုပြင်လိုက်ပြီး ဓါတ်မီးကိုဖွင့်၍ တောနက်ထဲသို့ ဝင်ရောက်ရန် ခြေလှမ်းလိုက်၏။
ရှီယွမ်သည် ရည်ရွယ်ချက်မဲ့၊ ဦးတည်ရာမရှိဘဲ မရေမရာ စိတ်ကူးလေးဖြင့် ထိုအတိုင်းပင် လအတော်ကြာ ကျင်လည်နေခဲ့သည်။ သူသည် မြို့တော်ဟုခေါ်သော ခိုင်ခံ့သန်မာသည့် ခံတပ်ကြီးကဲ့သို့သော လူအများအပြားရှိနေသည့် နေရာများသို့ သွားချင်ခဲ့ပြီး လူသားများစုဝေးနေထိုင်သည့် နေရာများကို ရှာဖွေလိုခဲ့သည်။
သူသည် တစ်စုံတစ်ယောက်ကို ရှာဖွေချင်ခဲ့၏။
သူသည် သူ၏လူသားအဖော်ကို ဆုံးရှုံးလိုက်ရပြီး ထိုလူသားကိုသာ ပြန်လည်ရှာဖွေချင်နေခဲ့သည့် မိစ္ဆာငယ်လေးပင်ဖြစ်ပေသည်။
သစ်ပင်များ၏ အရိပ်များက ပြောက်ကျားဖြစ်လို့နေပြီး အလင်းခရမ်းရောင်အင်းဆက်များက ရှစ်ယွမ်နှင့် မနီးလွန်း မဝေးလွန်း၊ မကြားရ မမြင်ရသည့် နေရာအကွာအဝေးမှ သူ၏ နောက်သို့ လိုက်နေလေသည်။ ထိုအလင်းခရမ်းရောင်အင်းဆက်များ၏ အလင်းရောင်သည်ကား ပတ်ဝန်းကျင်ကို တောက်ပစေလျက်ရှိနေပေ၏။
တောထဲတွင် သွားလာ ကျက်စားနေသည့် တောကောင်များ သိပ်မရှိသော်ငြား ရှီယွမ်ကြောင့် အရာတော်တော်များများက နိုးကြားလာခဲ့ကြသည်။
သစ်ပင်ထိပ်တွင် ခြေထောက်ရှစ်ချောင်းရှိသည့် သမင်တစ်ကောင် မတ်တပ်ရပ်လို့နေပြီး ခန္ဓာကိုယ်တစ်ဝက်က အရိုးများနှင့်ဖြစ်ကာ နောက်တစ်ဝက်က နဂိုပကတိအတိုင်းရှိနေပေ၏။
ကျောက်တုံးများသည် သူတို့၏ ပါးစပ်များကို ဖွင့်ဟကာ အချို့သောအရိုးများကို ပါးစပ်ထဲတွင် ထည့်ကာဝါးနေလေသည်။
တစ်ခါတစ်ရံတွင် မှိုလေးများ၏ သီချင်းဆိုသံကို ကြားနေရတတ်ပြီး ထီးပုံသဏ္ဌန်အဖြူရောင်မှိုလေးများက အမြင့်သံဖြင့်သီဆိုနေကာ အညိုရောင်လေးများကတော့ဖြင့် နားထဲသို့စိမ့်ဝင်နိုင်စေသည့် လေးပင်၍ ခပ်နက်နက် အသံဖြင့်သီဆိုနေကြပြီး သူတို့လေးများ၏ သီချင်းသံက လျင်မြန်စွာဖြင့် ပျောက်ကွယ်လို့သွားတတ်ကြပြန်သေး၏။
သစ်ပင်များ၏ အနောက်ဘက်မှ တရှဲရှဲမြည်သံများ ထွက်ပေါ်လာသည့်အခါတိုင်း ရှစ်ယွမ် သူ့ဓာတ်မီးဖြင့် ထိုးကြည့်မည်ဖြစ်ကာ သူ တစ်ခါတစ်ရံတွင် ခန္ဓာကိုယ်ကို အလင်းဖောက်၍မြင်နိုင်ပါသည့် မျောက်များကိုတွေ့ရကာ တစ်ခါတစ်ရံတွင် လူမျက်နှာနှင့် ငါးများ သို့မဟုတ် မျက်လုံးများဖြင့် ဖုံးလွှမ်းနေပါသည့် ဖားအမျိုးအစားထင်းရှုးပင်များကို တွေ့ရတတ်သည်။
ထိုအရာများက ရှီယွမ်နှင့် မျက်လုံးချင်းစုံလိုက်မိတိုင်း အလျင်အမြန် ဆုတ်ခွါသွားကြပြီး သူတို့၏ အမြစ်များကပါ တွန့်လိမ်ကုန်ကြ၏။
ရှီယွမ်သည် အမျိုးမျိုးသော သတ္တဝါပေါင်းစုံနှင့် ကြုံဆုံခဲ့ရပြီး ညဘက်အချိန်မှ သစ်တောကြီးသည် ပါတီပွဲထက်ပင် ပို၍ အသက်ဝင်နေပါတော့၏။
သို့ပေမယ့် ထိုသတ္တဝါများက ရှီယွမ်ကို အဝေးကနေသာ တစ်ချက်လောက် လှမ်းကြည့်ကာ မချည်းကပ်ကြပေ။
ထိုသတ္တဝါများအနက်မှ မည်သည့်သတ္တဝါမဆို သက်ရှိများကို သေစေနိုင်သလို သူ့ကိုလည်း သတ်သွားနိုင်မည်မှန်း ရှီယွမ် မသိပေ။ သူ့လိုမျိုး အကာအကွယ်မဲ့အခြေအနေဖြင့် မည်သူမှ ထိုလိမ်ယှက်ရောနှောနေသည့် သစ်ပင်များကို ခြေလျှင်ဖြတ်သန်း၍ မသွားနိုင်ကြ။
ချောင်းငယ်လေးတစ်ခုကို ဖြတ်သန်းသည့်အခိုက်တွင် ရှီယွမ် မတော်တဆ ခြေချော်သွားကာ သူ၏ညို့သကျည်းက ကျောက်တုံးတစ်ခုဖြင့် ပြတ်ရှသွားရပြီး ကျဉ်းမြောင်းရှည်လျားလှသည့် ဟက်တတ်ကွဲဒဏ်ရာတစ်ခု ဖြစ်သွားစေတော့၏။
ထိုဒဏ်ရာက နာလွန်းလှသည်။
ရှီယွမ် သူ့နှုတ်ခမ်းလေးများကို တင်းတင်းဖိထား၍ ကျောပိုးအိတ်ထဲမှ ပတ်တီးကို ထုတ်ယူကာ ဒဏ်ရာကို ကိုးရိုးကားယားဖြင့် စည်းနှောင်ပြီး ခရီးဆက်ထွက်ခဲ့ပြန်သည်။
အလင်းခရမ်းရောင်အင်းဆက်များက တိတ်တဆိတ်ဖြင့် သူ့နောက်သို့ ဆက်လိုက်နေ၏။
သူ့အပေါ် ဖုံးလွှမ်းလာပါသည့် အရိပ်ကြီးတစ်ခုက ကျရောက်လို့လာသည်အထိ အရာရာတိုင်းသည် ချောက်ချားဖွယ် ငြိမ်သက်လို့နေပေ၏။ ရှီယွမ် လှည့်ကြည့်လိုက်သည့်အခါ မရေမတွက်နိုင်ပါသော မျက်လုံးပေါင်းမြောက်များစွာထဲ၌ အလင်းပြန်နေပါသည့် သူ့ကိုယ်သူ တွေ့လိုက်ရသည်။
ထိုအရာသည် ထုထည်ကြီးမားလွန်းလှသည့် ပျားဘုရင်မကြီးပင်ဖြစ်တော့သည်။
ထိုပျားဘုရင်မကြီးသည် တစ်ကိုယ်လုံးက အနက်ရောင်ဖြစ်ပြီး တောက်ပလွန်းလှသည့် ခရမ်းရောင် အမြီးကြီးရှိကာ အနည်းဆုံး လူနှစ်ယောက် (သို့) သုံးယောက် ထပ်၍ ရပ်နေပါသည့် အရပ်အမြင့်နှင့် မတ်မတ်ရပ်လို့နေပေ၏။ အလင်းခရမ်းရောင်အင်းဆက်များက ပျားဘုရင်မကြီး၏ ပတ်ပတ်လည်တွင် ဝံ့ကြွား ဝမ်းမြောက်စွာ ပျံဝဲနေကြသည်။ ပျားဘုရင်မကြီးက ရှီယွမ်ဆီသို့ ဖြည်းညှင်းစွာ ချည်းကပ်၍ စိုက်ကြည့်နေခြင်းကြောင့် ရှီယွမ်ပင်လျှင် ပျားဘုရင်မကြီး၏ ခန္ဓာကိုယ်ပေါ်မှ အမွှေးသေးသေးလေးများကိုပင် မြင်နေရတော့၏။
"ဟလို?" ရှီယွမ်သည် မဝံ့မရဲဖြင့် "မင်း လမ်းပျောက်နေတာလား?"
ပျားဘုရာမကြီးသည် တိတ်ဆိတ်စွာဖြင့် အတောင်ပံများကိုသာ လျင်လျင်မြန်မြန် လှုတ်ခတ်လို့နေ၏။
"ငါက ရှီယွမ်၊ မင်းကရော?"
ပျားဘုရင်မကြီးက နှုတ်ဆိတ်နေဆဲပဲ။
"မင်း လမ်းပျောက်နေတယ်ဆိုရင် ငါတို့ အတူတူ သွားလို့ရတယ်လေ၊ ပြီးတော့ ငါတို့အတူတူ မြေရိုင်းတောအုပ်ထဲကနေ ထွက်သွားလို့ရတယ်"
မကောင်းဆိုးဝါးပျားဘုရင်မကြီးက ဆက်လက် တိတ်ဆိတ်လို့နေ၏။ ထိုအရာကြီး၏ ရွတ်တွနေသည့် ခန္ဓာကိုယ်ကြီးက လေထဲတွင် တန်းလဲဖြစ်နေပုံမှာ အိုဟောင်းခြောက်သွေ့နေသည့် သစ်ပင်အိုကြီးသဖွယ်ပင်။
"ငါနဲ့ လိုက်ခဲ့ပါ" ရှီယွမ်သည် တုံ့ဆိုင်းမနေတော့ပါဘဲ "ငါ့မှာ အဖော်တစ်ယောက်မှ မရှိတော့ဘူး။ ငါတို့နှစ်ယောက်က သူငယ်ချင်းကောင်းတွေ ဖြစ်နိုင်တယ်လေ" ရှီယွမ် ပျားဘုရင်မကြီးဆီသို့ သူ၏ ဖြူဖွေးကာ သွယ်လျလှသည့်လက်လေးကို ဆန့်တန်းပေးလိုက်သည်။
ပျားဘုရင်မကြီး၏ ရွှေရောင်ပေါင်းစပ်မျက်လုံးများက ရှီယွမ်ကို ကြည့်နေ၏။
အချိန်အတော်ကြာပြီးနောက်တွင်၊ ထိုပျားဘုရင်မကြီးက ခေါင်းကိုငုံ့ကိုင်း၍ ရှီယွမ်ဆီသို့ ခြေချောင်းကြီး ခြောက်ချောင်းကို ဆန့်တန်းလိုက်တော့သည်။ ထိုအရာကြီး၏ ခြေချောင်းထိပ်များသည် လူတစ်ဦးကို အလွယ်တကူ ထိုးဖောက်နိုင်လောက်အောင်ပင် ချွန်ထက်လို့နေပေ၏။ ထိုပျားဘုရင်မကြီး၏ ယခု ပုံသဏ္ဌာန် သည် ရှစ်ယွမ်ကို ဖမ်းဆီးသတ်ဖြတ်စားတော့မည့်ပုံပေါ်နေသလို၊ ရှီယွမ်ကို ဖက်ထားတော့မည့် ပုံလည်းပေါ်နေပေသည်-
"ဘန်း!" ရှီယွမ်၏ ခန္ဓာကိုယ်ပေါ်သို့ ရေခဲ-သွေးအေးများက တဖြောက်ဖြောက်ကျလာကာ စိုစိုရွှဲသွားတော့၏။
ကျည်ဆံအပေါက်ရာတစ်ခုသည် ပျားဘုရင်မကြီး၏ ဦးခေါင်းတည့်တည့်တွင် စူးနစ်ဖောက်ဝင်နေ၏။ ထိုပျားဘုရင်မကြီးက အသက်ရှင်နေဆဲပင်ဖြစ်ပြီး၊ လူသားတွေ မကြားနိုင်သည့် နှုန်းလွန်အသံလှိုင်း ဟစ်အော်သံကို ထုတ်လွှတ်လိုက်တော့သည်။ အလင်းခရမ်းရောင်အင်းဆက်များက ချက်ချင်းပင် ထိန်းမနိုင်သိမ်းမရ ပွင့်ထွက်ကုန်ကာ ဒီရေလှိုင်းကြီးသကဲ့သို့ ရန်သူများထံသို့ တဟုန်ထိုး တိုးဝင်သွားကြ၏။
ထိုအင်းဆက်များသည် မိုးသီးကြွေသကဲ့သို့ ကျရောက်လာသည့် သေနတ်သံတို့နှင့် တွေ့ဆုံသွားကြပြီး တရစပ်ဖြစ်နေသည့် စက်သေနတ်သံများက တဖုန်းဖုန်းကွဲသကဲ့သို့သော အသံများထုတ်လွှတ်လျက်ရှိသည်။ ကျည်ဆန်များသည် လေထဲတွင် ပေါက်ကွဲလို့သွားပြီး ကောင်းကင်တစ်ခွင်လုံး တောက်ပသည့် အနီရောင်ဆေးစက်တို့ဖြင့် ခြယ်မှုန်းထားသလိုပင်။ သေနတ်များကိုင်ထားသည့် ဒါဇင်နှင့်ချီသည့် လက်နက်ကိုင်စစ်သားများစွာက ရှေ့သို့ ခုန်လွှားချီတက်သွားကြသည်။ အရာရာတိုင်းသည် ရုတ်တရက်ဆန်စွာ ဖြစ်ပွါးသွားကြပြီး ရှီယွမ်သည်လည်း အလိုအလျောက်တုံ့ပြန်မှုဖြင့် မြေကြီးပေါ်သို့ လဲပြိုကျသွားပြီး သူ၏ ခေါင်းလေးကို ခပ်တင်းတင်း ပွေးဖက်ထားကာ သူ့အမြီးလေးကလည်း စိုးရိမ်ပူပန်စွာဖြင့် ကွေးလိပ်သွားတော့၏။
မီးတောက်တွေ၊ ပေါက်ကွဲမှုတွေ၊ အော်ဟစ်နေသံတွေ။
ဝေ့ဝဲနေသည့် ခရမ်းရောင်မုန်တိုင်းကြီးသည် တစ်စတစ်စ လျော့ပါးလို့သွားကာ အင်းဆက်အချို့သာ ကျန်ရှိနေတော့သည်။ ပျားဘုရင်မကြီးသည် သေနတ်ပေါက်ရာကြီးဖြင့် အကျပ်ရိုက်နေခဲ့ပြီး ထိုအရာကြီး၏ အတောင်ပံများသည် တဟုန်းဟုန်းတောက်လောင်နေသည့် မီးတောက်များ၏ ဝါးမျိုခြင်းကို ခံနေရပေသည်။
မီးတောက်များ၏ တွယ်ကပ်စွာ တောက်လောင်နေမှုက ပျားဘုရင်မကြီး၏ အတောင်ပံများဆီသို့ အလျင်အမြန် ဖြန့်ကျက်သွားကြပြီး ထိုပျားဘုရင်မကြီးကို ဝုန်းခနဲ ပြုတ်ကျသွားစေတော့သည်။
ပျားဘုရင်မကြီးသည် ရှီယွမ်၏ ဘေးကပ်လျက်သို့ ပြုတ်ကျသွားပေ၏။
ပတ်ဝန်းကျင်သည် တိတ်ဆိတ်ငြိမ်သက်လို့သွားပြီး ပျားဘုရင်မကြီး၏ ရွှေရောင်ပေါင်းစပ်မျက်လုံးများသည် ဖြည်းညင်းစွာဖြင့် အရောင်များ မှိန်ကျသွားတော့သည်။ ထိုပျားဘုရင်မကြီး၏ အတောင်ပံများသည် ပြာမှုန်များအဖြစ် ပြောင်းလဲသွားခဲ့ပြီး ရှီယွမ်၏ ပုခုံးပေါ်သို့ သက်ဆင်းသွား၏။
ရှီယွမ်သည် ပျားဘုရင်မကြီးကို ကြည့်နေရင်း ပြောလိုက်သည်။
"ကောင်းသောညပါ"