ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V4 Chapter 40 - ဟီးရိုးပညာရေးပြပွဲ
"ထင်ထားတာထက် ခမ်းနားနေတာပဲ။" ခန်းမကျယ်ကြီးထဲကို ဝင်ပြီးတာနဲ့ အီဗန်ကောက်ချက်ချလိုက်မိတယ်။
ဒီနေ့က ဟီးရိုးကျောင်းပေါင်းစုံ ပညာရေးပြပွဲနေ့ပါ။ အတော်လေးကျယ်တဲ့ ပန်းခြံကြီးတစ်ခုကို ဟီးရိုးကျောင်းတွေက စုငှားထားတာဖြစ်ပြီးတော့ အဓိက ကျောင်းရှစ်ကျောင်းအပြင် တခြားကျောင်းတွေနဲ့ ပေါင်းလိုက်ရတဲ့ ကျောင်းခွဲတွေမှာ ပြပွဲမှာဝင်ပါကြတာကြောင့် လူတွေအများကြီးနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်နေတယ်လို့ ဆိုရပါမယ်။
ဟီးရိုးအထောက်အကူပစ္စည်းတွေ ထုတ်လုပ်တာကို အဓိကလေ့လာတဲ့ကျောင်းတွေက သူတို့ဆန်းသစ်တီထွင်ထားတဲ့ အကူပစ္စည်းတွေကို ပြပွဲမှာ ခင်းကျင်းပြသထားပြီး မြူတန့်စွမ်းအားကို အဓိကထားလေ့ကျင့်ပေးတဲ့ ကျောင်းတွေကတော့ လက်ရှိကျောင်းမှာတက်နေတဲ့ ကျောင်းသားတွေရဲ့စွမ်းအားကို ထုတ်ပြခိုင်းပြီး လူစိတ်ဝင်စားအောင် ဆွဲဆောင်တတ်ကြပါတယ်။
ပန်းခြံတစ်ခုလုံးရဲ့အလယ်မှာတော့ ဧရာမစတိတ်စင်ကြီးရှိနေပြီး စူပါအမေရိကကျောင်းက ငှားထားတဲ့ စတတ်စင်ပါ။ အဲဒီမှာ သူတို့ကျောင်းက ကျောင်းသားတွေရဲ့စွမ်းအားကို ဆက်ကပ်ဆန်ဆန် တင်ဆက်ပြသနေပါတယ်။
ပျံသန်းနိုင်စွမ်းရှိတဲ့ မိန်းကလေးမီးမြူတန့်က ဖယ်ရီနတ်သမီးလေးလိုဝတ်ထားပြီး စင်အနှံပျံသန်းကာ လေထုထဲမှာ 'Be the hero'ဆိုတဲ့ စာသားကို လောင်ကျွမ်းနေအောင် ရေးပြလိုက်တော့ စင်အောက်က လူအုပ်ကြီး အရူးအမူးဖြစ်သွားပြီး စာရင်းသွင်းဖို့လာကြတယ်။
အီဗန်နဲ့အတူပါလာတဲ့ အမျိုးသမီးကြီးကလည်း အီဗန်ရဲ့လက်ကိုဆွဲပြီး အဲဒီကိုစလျှောက်တယ်။ အီဗန်ကတော့ လက်ထဲက ကြော်ငြာစာကိုကိုင်ပြီး သူတက်ချင်တဲ့ကျောင်းကို လိုက်ရှာနေတုန်းပဲ။
"အမေ၊ ကျွန်တော်တက်ချင်တဲ့ကျောင်းကို ပြောပြီးသားလေ။"
"နေစမ်းပါ၊ အဲဒီကြော်ငြာထဲက ကျောင်းက နာမည်ကြီးတာလည်းမဟုတ်ဘဲနဲ့။ စူပါအမေရိကကျောင်းမှာ အရင်စာရင်းသွင်းကြည့်ဦး။ အဲဒီမှာ နင့်အစ်ကိုဝမ်းကွဲလည်းရှိတယ်လေ။"
အီဗန်က မျက်လုံးကို ချာလည်လှည့်ပြလိုက်ပေမဲ့ သူ့အမေကို ငြင်းလို့မရခဲ့ဘူး။ သူ့အမေက စူပါအမေရိကကျောင်းမှာ သူ့ကို တက်စေချင်တာ။ အီဗန်ရဲ့ဝမ်းကွဲက အဲဒီမှာကျောင်းတက်ရင်း အလုပ်သင်ဟီးရိုးလိုင်စင်တောင် ရနေပြီလေ။
"ရို့၊ အီဗန်။ ကျောင်းလာအပ်တာလား။" စူပါအမေရိကကျောင်းပြခန်းနားရောက်လာတော့ အီဗန်ကို အပြာရောင်ဟီးရိုးဝတ်စုံဝတ်ထားတဲ့ ကောင်လေးက မေးလိုက်တယ်။ အဲဒီကောင်လေးက အီဗန်နဲ့ရုပ်ချင်းဆင်ပေမဲ့ ၂နှစ်လောက်ပိုကြီးပြီး ရွယ်တူတွေထက် အရပ်ပိုမြင့်တယ်။
အီဗန်ရှေ့မှာရပ်လိုက်တော့ အီဗန်ရဲ့ကိုယ်ပေါ်ကို တာဝါတိုင်ကြီး မိုးကျလာသလို ခံစားရတယ်။ အီဗန်ရဲ့အမေကတော့ အဲဒီကောင်လေးကို မြင်တာနဲ့ ပြုံးပြရှာတယ်။
"တူလေးဗင်းဆင့်၊ ငါက မင်းညီလေးကို မင်းတို့ကျောင်းမှာ ကျောင်းအပ်ပေးဖို့လာတာ။ ဒါပေမဲ့ လုပ်ငန်းစဥ်ကို မရင်းနှီးတော့ နည်းနည်းလောက် ကူညီပေးပါလား။"
"ဟုတ်ကဲ့ဒေါ်လေး။" ဗင်းဆင့်က ခေါင်းညိတ်လိုက်ပြီး အီဗန်တို့သားအမိကို တစ်နေရာခေါ်သွားလိုက်တယ်။ အဲဒီနေရာက ကျောင်းလာအပ်တဲ့ မြူတန့်တွေကို အကဲဖြတ်တဲ့နေရာဖြစ်ပုံရပြီး ဟီးရိုးဝတ်စုံနဲ့ အီတလီနှုတ်ခမ်းမွှေးကားကားရှိတဲ့ လူလတ်ပိုင်းတစ်ယောက်က မြူတန့်ကလေးတွေရဲ့စွမ်းအားကို စစ်ဆေးနေတာ။
"ကျတယ်၊ နောက်တစ်ယောက်လာခဲ့။" အဲဒီအသံကိုပဲ အီဗန်ထပ်တလဲလဲကြားနေရပုံထောက်တော့ ဒီကျောင်းက အတော်လေးဝင်ရခက်မယ့်ပုံပဲ။ ဒါပေမဲ့ အီဗန်အတွက်တော့ ဒါက သတင်းကောင်းမှာ။
'ကျောင်းသားတွေအများကြီး ကျနေတာဆိုတော့ ငါလည်းကျလောက်တယ်မဟုတ်လား။ ဒါဆိုရင် အမေလည်း လက်လျှော့သွားမယ်ထင်တယ်။' အီဗန်က စဥ်းစားလိုက်တယ်။
ဗင်းဆင့်ကတော့ အစစ်ဆေးခံဖို့စောင့်နေတဲ့ လူတန်းကြီးနောက်မှာ အီဗန်ကိုဝင်တန်းစီခိုင်းလိုက်တယ်။ အီဗန့်ရှေ့မှာ လူတစ်ဒါဇင်လောက်ရှိပေမဲ့ နှုတ်ခမ်းမွှေးနဲ့လူက တော်တော်များများကို ငြင်းချည်းလွှတ်နေတာပါ။ သူ့ရှေ့က လူဆယ့်နှစ်ယောက်က ဥက္ကာခဲတွေကို လေပေါ်လွင့်အောင်လုပ်နိုင်တဲ့ ကောင်မလေးတစ်ယောက်ပဲ အောင်သွားပြီး သူ့အလှည့်ရောက်လာတယ်။
"နာမည်ပြော..." နှုတ်ခမ်းမွှေးက သူ့ကို စိန်းစိန်းကြည့်လိုက်ပြီးပြောတယ်။ အီဗန်လည်း လန့်သွားပေမဲ့ စိတ်ကိုသေချာထိန်းရင်း အထစ်ထစ်အငေါ့ငေါ့နဲ့ ပြန်ဖြေလိုက်ပါတယ်။
"အီ... အီဗန် ဘလက်ပါ။" ဘာကြောင့်မှန်းမသိဘဲ ကျောင်းဝင်ခွင့်ရထားတဲ့ ဝမ်းကွဲအစ်ကိုရော သူ့အမေကပဲ သူ့ကိုမျှော်လင့်တကြီးနဲ့ ဝိုင်းကြည့်နေကြတာမလို့ အီဗန်ဗိုက်ထဲမှာ နေလို့မကောင်းတော့ဘူး။ ဖြစ်နိုင်ရင် တစ်နေရာထွက်သွားပြီး စားသမျှထိုးအန်ပစ်ချင်တာ။ နှုတ်ခမ်းမွှေးကတော့ အပြောင်းအလဲမရှိတဲ့ မျက်နှာနဲ့ ဆက်ပြောတယ်။
"စွမ်းအားကရော..."
"B-အဆင့် ဗန်ပိုင်းယားပါ။"
B- အဆင့်ဆိုတာကြားတာနဲ့ နှုတ်ခမ်းမွှေးဆရာရော ဘေးက ဝင်ခွင့်လာဖြေသူတွေရဲ့အကြည့်တွေပါပြောင်းသွားတယ်။ ပုံမှန်အားဖြင့် မြူတန့်တွေက ပိုစွမ်းအားကြီးလာဖို့ ခက်ပါတယ်။ မြူတန့်အများစုက စွမ်းအားနိုးထပြီးတာနဲ့ သေတဲ့အထိ နိုးထလာတဲ့ အဆင့်အတိုင်းပဲ နေသွားရတာများပါတယ်။
အဆင့်တက်တာက ရှားပါးတဲ့အရာမျိုးမဟုတ်ပေမဲ့ တွေ့ကရာမြူတန့်တွေ ပိုင်ဆိုင်နိုင်တဲ့အရာမျိုးမဟုတ်တာ သေချာပါတယ်။ မှန်ကန်သင့်လျော်နဲ့ နည်းလမ်းတွေနဲ့ လေ့ကျင့်ပြီးရင် အဆင့်တက်လာနိုင်တဲ့အခွင့်အရေးရှိပေမဲ့ အခွင့်အရေးသက်သက်ပါ။ ကျိန်းသေဖြစ်လာမယ်လို့ မျှော်လင့်ချက်မရှိပါဘူး။ ဟီးရိုးကျောင်းတွေက စနစ်တကျလေ့ကျင့်ပေးကြပေမဲ့ ကျောင်းပြီးဘွဲ့ရတဲ့အထိ D+ အဆင့်ကိုမကျော်လို့ ဟီးရိုးအစစ်ဖြစ်မလာပဲ အကူယူနစ်တွေဖြစ်သွားတဲ့ ကျောင်းဆင်းတွေက အများကြီးပါ။
ဒီတော့ ဂုဏ်သိက္ခာမြင့်တဲ့ကျောင်းကြီးတွေတောင်မှ စွမ်းအားနိုးထကတည်းက အဆင့်မြင့်မြူတန့်ဖြစ်နေတဲ့ ကလေးမျိုးကို ပိုသဘောကျပါတယ်။ ဒီကလေးတွေက ဘွဲ့ရပြီးပြီးချင်း ဟီးရိုးအဖြစ်အလုပ်ဝင်နိုင်ကြသလို အဆင့်နိမ့်မြူတန့်တွေနဲ့ယှဥ်ရင် တိုးတက်လာနိုင်တဲ့ အလားအလာအဆင့်ကလည်း ပိုမြင့်ပါတယ်။ ဒီတော့ အီဗန်က ကျောင်းတိုင်းကလိုချင်တဲ့ ကျောင်းသားအမျိုးအစားထဲမှာပါတယ်။
"မင်းအစွမ်းကိုပြပါ။" နှုတ်ခမ်းမွှေးက ပြောလိုက်တယ်။ ရှေ့က ကျောင်းသားတွေကို စမ်းသပ်ရာမှာသုံးတဲ့ ဒန်မီစက်ရုပ်က အီဗန်ရှေ့ကိုရောက်လာတယ်။ ကျောင်းဝင်ခွင့်ကိုပဲ စမ်းသပ်တာဖြစ်လို့ အခုပြပွဲမှာ အမြန်နှုန်းနဲ့ကိုယ်ခံစွမ်းအားကို မစမ်းသပ်ပါဘူး။ ခွန်အားတစ်ခုပဲ စမ်းသပ်တာဖြစ်ပါတယ်။
အီဗန်က သူ့အင်္ကျီထဲမှာ ဖွက်ထားတဲ့သွေးအိတ်က ပိုက်ကိုဖွင့်ပြီး တစ်ငုံငုံလိုက်တယ်။ အဲဒီနောက် ဒန်မီရုပ်ကို လက်သီးနဲ့ ခပ်လေးလေးထိုးချလိုက်တယ်။ သူက ခွန်အားကုန်မသုံးချင်ပါဘူး။ ဒီလူတွေတရားအထင်ကြီးကုန်ပြီး သူ့ကိုဝင်ခွင့်ပေးလိုက်ရင် မခက်ပေဘူးလား။
ဘုန်း...
အသံကျယ်ကြီးတစ်ချက်နဲ့အတူ ဒန်မီရုပ်ရဲ့ဗိုက်ပိန်သွားတယ်။ ဒန်မီရုပ်ရဲ့ခေါင်းနေရာမှာတပ်ထားတဲ့ မော်နီတာက သူ့လက်သီးနောက်မှာပါလာတဲ့ ခွန်အားကို ဖော်ပြပေးတယ်။ နျူတန်ရှစ်ထောင်။ မြူတန့်ခေတ်မတိုင်ခင်တုန်းက ဂရင်းနစ်စံချိန်ဝင်ခဲ့တဲ့ လက်သီးချက်ထက် ပိုပြင်းတယ်။ ဒါပေမဲ့ B အဆင့်လက်သီးချက်အနေနဲ့ဆိုရင် သာမန်ပါပဲ။
"မင်းစွမ်းအားက အမြန်နှုန်းနဲ့ခံနိုင်ရည်ကိုပါ တိုးမြှင့်ပေးတယ်မဟုတ်လား။"
အီဗန်ခေါင်းညိတ်လိုက်တယ်။ တကယ်တော့ သူ့ရဲ့အစွမ်းဆုံးလက်သီးချက်က အဲဒီထက်နည်းနည်းပိုပြင်းသေးတယ်။ ဒါပေမဲ့ ဘေးကလူတွေရဲ့အားကျတဲ့အကြည့်ကို မြင်ပြီးနောက် သူမျက်မှောင်ကြုတ်လိုက်တယ်။ မဟုတ်မှလွဲရော သူ့အားက ပြင်းနေသေးတာလား။
"ဒါပေမဲ့ စွမ်းအားသုံးဖို့ ဒဏ္ဍာရီထဲက ဗန်ပိုင်းယားတွေလို သွေးသောက်ဖို့လိုတယ်ပေါ့။" အီဗန်က မငြင်းနိုင်တဲ့အတွက် ခေါင်းထပ်ငြိမ့်ပြလိုက်တယ်။
ဆရာနှုတ်ခမ်းမွှေးက ကောင်တာနောက်ကနေထသွားပြီး တခြားဆရာတွေကို သွားရှာတယ်။ ဆရာတချို့နဲ့ အပြင်းအထန် ဆွေးနွေးငြင်းခုန်နေပြီးမှ ကောင်တာကိုပြန်လာတယ်။ နှုတ်ခမ်းမွှေးဆရာနဲ့အတူ နောက်ထပ်ဆရာနှစ်ယောက်လည်းပါလာသေးတယ်။ အီဗန်ကတော့ ခြေဖျားလက်ဖျားတွေ အေးစက်နေပြီ။ သူ့အစွမ်းက တစ်ခုခုမှားနေလို့များလား။
"ကောင်လေး၊ မင်းအစွမ်းက သွေးမသောက်ဘဲသုံးလို့မရဘူးလား။"
အီဗန်လည်း အတော်ကြာအောင် စဥ်းစားပြီးမှ ခေါင်းခါပြလိုက်တယ်။ နှုတ်ခမ်းမွှေးနဲ့ ကျန်တဲ့ဆရာတွေလည်း စိတ်ပျက်သွားကြပုံပဲ။ သူတို့က ပြိုင်တူဆိုသလို သက်ပြင်းချလိုက်ကြပြီး
"ဒါဆိုရင်တော့ စိတ်မကောင်းပါဘူး၊ လူ့သွေးကိုသောက်ပြီးမှ စွမ်းအားထုတ်နိုင်တဲ့မြူတန့်က ဟီးရိုးဖြစ်ဖို့ မသင့်တော်ဘူး။ မင်းအစွမ်းက ကြားရတာ ဗီလိန်အစွမ်းနဲ့ပိုတူနေတယ်။"
အီဗန်ရဲ့အမေလည်း တော်တော်စိတ်ညစ်သွားတဲ့ပုံပဲ။ အမေရိကရဲ့အကောင်းဆုံးကျောင်းကို ဝင်ခွင့်ရလုရခင်လေးမှာ အငြင်းခံလိုက်ရတာကိုး။ ဒါပေမဲ့ အီဗန်ကတော့ အပျော်ကြီးပျော်နေတယ်။ သူတတ်ချင်တာက စူပါအမေရိကမှမဟုတ်တာ။
"အမေ၊ ကျွန်တော်ပြောတဲ့ကျောင်းပဲ သွားရှာရအောင်။" ဒီတစ်ခါတော့ အီဗန်ရဲ့အမေလည်း အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး ခေါင်းညိတ်တယ်။ နောက်တော့ ပန်းခြံအနှံ လိုက်လာကြည့်ကြတယ်။ ဆယ့်ငါးမိနစ်လောက် ကြာတဲ့အထိ ဘာဆိုဘာမှရှာမတွေ့ဘူး။ စူပါအမေရိကကျောင်းက အကြီးဆုံးပြခန်းကို ပိုင်တာမှန်ပေမဲ့ ကျန်တဲ့ထိပ်သီးကျောင်းခြောက်ခုက ပြခန်းတွေကလည်း အတော်လေးကြီးတယ်။ တခြားကျောင်းတွေနဲ့ပေါင်းထားရတဲ့ ကျောင်းခွဲတွေကသာ သေးနေတာ။ ဒါပေမဲ့ နယူးယောက်ဟီးရိုးကျောင်းက ကျောင်းခွဲမဟုတ်ဘူး။ အဓိက ကျောင်းရှစ်ကျောင်းထဲက တစ်ခုအနေနဲ့ဆိုရင် အရမ်းမကြီးရင်တောင် သင့်တော်တဲ့အရွယ်ရှိတဲ့ ပြခန်းမျိုးရှိသင့်တယ်မဟုတ်လား။ ဒါမှ ရှာတွေ့ဖို့လွယ်မှာ။
"သားရေ၊ ဘော့စတွန်ကျောင်းဖြစ်ဖြစ် တခြားကျောင်းတစ်ခုခုမှာ ထပ်လျှောက်ရအောင်လား။ နယူးယောက်ကျောင်းက အခြေအနေ သိပ်မဟန်ဘူးကြားတယ်။ အခုပြခန်းကြီးကြီးနဲ့တောင် ပြထားပုံမပေါ်ဘူး။"
ဒါပေမဲ့ အီဗန်ကတော့ ခေါင်းမာနေတုန်းပဲ။ လက်ထဲက စက္ကူပိုစတာစာရွက်လေးကို ကိုင်ထားပြီး သူ့အမေကို ဂျစ်ကန်ကန်ပြန်ကြည့်လိုက်တယ်။ "အမေပြောတဲ့ကျောင်းတွေက ကျွန်တော့်ကို လက်ခံချင်မှ လက်ခံမှာလေ။ ပြီးတော့ နယူးယောက်ကျောင်းကို ဆာSilverknightကိုယ်တိုင် ညွန်းလိုက်တာကို။"
အီဗန့်အမေက သူ့သားကို လက်ပိုက်ပြီး ကြည့်နေလိုက်တယ်။ ဒီကောင်လေးက အသည်းအသန်ဖြစ်နေပေမဲ့ သူက Silverknightဖန်မဟုတ်ဘူးလေ။ "အင်း၊ သူက မြို့ထဲမှာ ကင်းပုံမှန်လှည့်ပေတဲ့ တရားဝင်ဟီးရိုးတော့ မဟုတ်ဘူးမလား။"
သားအမိနှစ်ယောက် စကားများနေရင်း အီဗန်တစ်ခုခုကို ဝင်တိုက်မိပြီး လဲကျသွားတယ်။ နောက်တော့ ယောက်ျားတစ်ယောက်ရဲ့စက်ရုပ်ဆန်ဆန် တောင်းပန်သံက ထွက်လာပါတယ်။
"ထိခိုက်မိသွားတဲ့အတွက် တောင်းပန်ပါတယ်။ ဒါပေမဲ့ လမ်းကိုရှေ့ကြည့်လျှောက်ဖို့ စေတနာနဲ့ သတိပေးပါရစေ။ လူတိုင်းက ကျွန်တော်ဘက်လန်းလို သဘောမကောင်းနိုင်ပါဘူး။"
အီဗန်လည်း နာကျင်သွားတဲ့ သူ့နဖူးကိုဆုပ်ကိုင်ရင်း မော့ကြည့်လိုက်တော့ လူစီးစရာမလိုဘဲ ကိုယ်တိုင် ဟန်ချက်ထိန်းနိုင်တဲ့ ဆိုင်ကယ်တစ်စင်းဖြစ်နေတာကို သူမြင်လိုက်ရတယ်။ ဒီနည်းပညာမျိုးက အရင် ဆယ်နှစ်လောက်ကတည်းက ရှိနေပြီးသားဆိုပေမဲ့ ကြည့်ရတာ ဆိုင်ကယ်ရဲ့ဉာဏ်ရည်တုက အတော်လေး ဉာဏ်ပြေးပုံပဲ။
"တစ်ခုခုဖြစ်သွားသေးလား။" ဆိုင်ကယ်နောက်ကနေ သူနဲ့အရွယ်တူကောင်မလေးတစ်ယောက် ထွက်လာပြီးမေးလိုက်တယ်။ ကောင်မလေးက သိပ်အချောကြီးတော့မဟုတ်ဘူး။ အရပ်နည်းနည်းပုပြီး မျက်နှာပေါ်မှာ ဆားဝက်ခြံတချို့ရှိတယ်။ ဘာကြောင့်မှန်းမသိ ပထမကမ္ဘာစစ်တုန်းက လေယာဥ်မှူးတွေသုံးတဲ့ လေကာမျက်မှန်ကြီးကိုဝတ်ထားပြီး အင်ဂျင်နီယာတွေဝတ်တဲ့ ပစ္စည်းအစုံထည့်တဲ့ ဂျက်ကတ်ကိုထပ်ဝတ်ထားတယ်။ ဆံပင်ကို လူကြီးတွေကို နောက်မှာမြင်းမြီးပုံစံစုစည်းထားတာကြောင့် ရွယ်တူ ခပ်လန်းလန်းကောင်မလေးပုံစံမဟုတ်ဘဲ ပုံတုံးတုံးလိုထင်ရတယ်။
"အာ၊ ရပါတယ်။ ကျွန်တော်ကိုယ်တိုင်က လမ်းကြည့်မလျှောက်မိလို့ တိုက်မိတာပါ။" နောက်တော့ သူ့အကြည့်က ဆိုင်ကယ်ကြီးဘက်လန်းဆီကို ရောက်သွားတယ်။ လက်ရာနည်းနည်းကြမ်းပေမဲ့ ပုံမှန်ဆိုင်ကယ်မျိုးမဟုတ်ဘူး။
ခေါက်ထားတဲ့ ကာဘွန်ဖိုက်ဘာအတောင်ပံတွေရှိပြီး ဂျက်အင်ဂျက်အသေးစားလေးခုကို နောက်မှာတပ်ထားတယ်။ လက်နက်တပ်လို့ရတဲ့နေရာတွေလည်းရှိပေမဲ့ လောလောဆယ်တော့ တကယ့်လက်နက်တွေတပ်မထားသေးဘူး။ အဲဒီအစား ကလေးကစားတဲ့ နမူနာပုံစံတွေကိုပဲ တပ်ထားတာ။
"အထင်ကြီးစရာပဲ နင်ကိုယ်တိုင်လုပ်ထားတာလား။" အီဗန်မေးလိုက်တော့ မိန်းကလေးက ခေါင်းညိတ်ပြလိုက်တယ်။
"ဘက်လန်းက ကိုယ်တိုင်အသိဉာဏ်ရှိပြီး ပျံသန်းနိုင်တိုက်ခိုက်နိုင်တဲ့ ဆိုင်ကယ်လေ။ ဒီတစ်နှစ်လုံး ငါအချိန်ပေးပြီးလုပ်ထားတာ။ ဒါပေမဲ့ ဟီးရိုးကျောင်းဝင်ခွင့်အတွက်တော့ မလုံလောက်ခဲ့ပုံပဲ။"
ကောင်မလေးက ဘော့စတွန်ဟီးရိုးကျောင်းပြခန်းရှိရာကို ကြည့်လိုက်တယ်။ အဲဒီနောက်တော့ မကျေမနပ်လေသံနဲ့။
"သူတို့က ငါ့လိုဘာနောက်ခံမှမရှိတဲ့ နည်းပညာမြူတန့်တစ်ယောက်ကို မပျိုးထောင်ချင်တဲ့ပုံပဲ။ ငါထွင်ထားတဲ့ပစ္စည်းက D- အဆင့်ပဲရှိလို့ သူတို့က ငါ့ကို ဟီးရိုးအကူပစ္စည်းထုတ်လုပ်ရေးအတန်းကိုပဲ တက်စေချင်တာ။ ဒါပေမဲ့ ငါဖြစ်ချင်တာက တကယ့်ဟီးရိုးလေ။ မပြီးသေးပေမဲ့ တိုက်ပွဲဝင်ဝတ်စုံတောင် ထွင်ဖို့စီစဥ်ထားပြီးသားကို။"
မြူတန့်ဟီးရိုးတွေက သာမန်ဟီးရိုးတွေထက်စာရင် တိုးတက်ဖို့အတွက် အများကြီးအကုန်အကျခံရပါတယ်။ B rank နည်းပညာပစ္စည်းလောက်ထွင်နိုင်ဖို့ကိုတောင် ဒေါ်လာသိန်းနဲ့ချီပြီး ပေးဆပ်ရတာပါ။ နာမည်ကြီး နည်းပညာဟီးရိုးတွေဖြစ်တဲ့ မက်တယ်ပလာဒင်တောင် ကိုယ်တိုင်က သန်းကြွယ်သူဌေးမလို့ ဒီလောက်အောင်မြင်ခဲ့တာပါ။ Silver Knightကတော့ ကစားပွဲကို ပြောင်းလဲလိုက်တဲ့သူဖြစ်ပေမဲ့ သူလည်း ချမ်းသာလောက်တယ်လို့ လူတွေက တွေးထားတယ်။
မွဲနေတဲ့လူတစ်ယောက်က နည်းပညာမြူတန့်ဖြစ်လာပြီဆိုရင် လမ်းဆုံးက တစ်ခုပဲရှိပါတယ်။ နည်းပညာကောလိပ် ဒါမှမဟုတ် ဟီးရိုးအကူပစ္စည်းအတန်းတက်ပြီး ဘွဲ့ရရင်ကုမ္ပဏီတစ်ခုခုမှာ အလုပ်ဝင်၊ ဒါပဲ။ တကယ့်ဟီးရိုးဖြစ်လာဖို့ကတော့ အဝေးကြီးမှာ။ ဟီးရိုးအစစ် ဖြစ်လာရင်တောင် C rankထက်ကျော်ဖို့ အတော်လေးကြိုးစားရမယ်။ အခုဆို မက်တယ်ပလာဒင်ဝတ်စုံတွေရှိနေပြီမလို့ C rank နည်းပညာဟီးရိုးဆိုတာက နယူးယောက်ရဲတွေလောက်တောင် အရေးမပါတော့ဘူး။
ကောင်မလေးက မျက်နှာသေနဲ့ပြောလိုက်ရင်း သူ့ရဲ့ကိုယ့်ဘာသာသွားလာနိုင်တဲ့ ဆိုင်ကယ်နဲ့အတူ ပြပွဲကနေ ထွက်သွားဖို့ကြံလိုက်တယ်။ အီဗန်ကတော့ သူ့လက်ထဲကိုင်ထားတဲ့ စာရွက်လေးကို ပြန်ငုံကြည့်ပြီး သူ့ခေါင်းထဲမှာ ဖြတ်ခနဲ အလင်းရောင်မြင်လိုက်ရတယ်။
"နေဦး။" ကောင်မလေးက အီဗန်ရဲ့ခေါ်သံကြောင့် လှည့်ကြည့်လိုက်တယ်။ ဒါပေမဲ့ သူ့မျက်နှာက အတော်လေး စိတ်ပျက်နေတဲ့ပုံစံဖြစ်နေပြီးသား။ အီဗန်က သူ့စိတ်ကို ငြိမ်အောင်ထိန်းရင်း ဆက်ပြောလိုက်တယ်။
"ငါ... ငါတို့ကိုလက်ခံမယ့် ကျောင်းတစ်ခုကို ရှာတွေ့ထားပြီးပြီလို့ထင်တယ်။" သူကိုယ်တိုင်တောင် မသေချာသေးပေမဲ့ အီဗန်က ကောင်မလေးကို သူ့လက်ထဲက ပိုစတာပြလိုက်တယ်။ သူ့ကို အတွင်းစိတ်ထဲက အရာတစ်ခုက ဒီလိုလုပ်ဖို့ လမ်းညွန်နေသလိုပဲ။ ကောင်မလေးက ပိုစတာကို တစ်ချက်ကြည့်လိုက်ပေမဲ့ သိပ်ပြီးစိတ်ဝင်စားပုံမပေါ်သေးဘူး။
"Silver Knightက ကျွန်တော့်ကို ညွန်းပေးလိုက်တာ။" အဲဒီစကားကိုကြားတာနဲ့ ကောင်မလေးက ချက်ချင်းပြေးလာပြီး သူ့လက်ထဲက စာရွက်ကိုဝင်လုပြီးဖတ်တယ်။
"နယူးယောက်ဟီးရိုးကျောင်းလား။ ဟုတ်တာပဲ မဟာလူသား ၄၇ယောက်ထဲက ကပ္ပတိန်စတိတ်မန်း တည်ထောင်ခဲ့တဲ့ကျောင်းပဲ။"
ကောင်မလေးက ပိုစတာကို အရူးတစ်ယောက်လိုမျိုး ဖက်တွယ်ထားတဲ့အတွက် ဗန်ပိုင်းယားတစ်ပိုင်းဖြစ်နေတဲ့ အီဗန်တောင်လန့်လာတယ်။ နောက်တော့ ကောင်မလေးက အရူးအမူးဖြစ်လာပြီး အီဗန်ကို ပြောလိုက်တယ်။
"အဲဒီပြခန်းကို အတူလိုက်ရှာရအောင်။" အီဗန်ရဲ့အမေကတော့ သူထိန်းရမယ့် နောက်ထပ်အရူးတစ်ယောက် ထပ်တိုးလာတဲ့အတွက် မဲ့ရွဲ့သွားတယ်။ ဒါပေမဲ့ ဘယ်တတ်နိုင်ပါ့မလဲ။
.....
သိပ်မကြာခင်မှာပဲ အီဗန်တို့သားအမိနဲ့ ဆိုင်ကယ်ပိုင်ရှင်ကောင်မလေးက ရိုးရိုးပလက်စတစ်ဗီနိုင်းတွေနဲ့ ပြခန်းလုပ်ထားတဲ့ နယူးယောက်ဟီးရိုးကျောင်းရဲ့ပြခန်းကို ရှာတွေ့သွားကြတယ်။
ပြခန်းက စျေးပေါပေါဗီနိုင်းတွေသုံးထားတာဆိုပေမဲ့မှန်ဘောင်ထဲမှာ ထည့်ပြထားတဲ့ ကျောင်းသားဝတ်စုံတွေက အတော်လေးကြည့်ကောင်းပြီး ကျောင်းကြီးရှစ်ကျောင်းထဲက တစ်ခုဖြစ်ဖို့ တကယ်ထိုက်တန်တယ်လို့ အီဗန်မှတ်ချက်ချလိုက်တယ်။
ဒါပေမဲ့ အနားရောက်လာလေလေ တစ်ခုခုမှားနေတာ သိသာလေပဲ။ တချို့ကလေးတွေက နယူးယောက်ဟီးရိုးကျောင်းကို ဝင်ချင်တဲ့ကျောင်းသားတွေကို ဆွဲခေါ်ပြီး ခပ်သုတ်သုတ်ခွာပြေးကြတယ်။ ကလေးအမေတစ်ယောက်ဆိုရင် ဒီလိုတောင်ပြောလိုက်သေးတယ်။
"အဲဒီကျောင်းက ဗီလိန်တွေပစ်မှတ်ထားခံနေရတာဟဲ့၊ နင်သေချင်လို့လား။"
"...."
အီဗန် ပြောစရာစကားမဲ့သွားပြီး ဗီနိုင်းပေါ်မှာရေးထားတဲ့ ကျောင်းလခနဲ့အနိမ့်ဆုံးအရည်အချင်း သတ်မှတ်ချက်ကို ကြည့်လိုက်တယ်။ အနိမ့်ဆုံး D- အဆင့်မြူတန့်ဖြစ်ဖို့လိုပြီးတော့ ကျောင်းလခကလည်း သိပ်မများဘူး။ ကျောင်းဆောင်ပုဒ်ကတော့ "Be the True hero"တဲ့။ ဘယ်သူက ကူးချတာလည်းမသိပေမဲ့ ဆောင်ပုဒ်က စူပါအမေရိကနဲ့ တစ်လုံးပဲကွာတယ်။
တခြားကျောင်းတွေနဲ့မတူတာက ပြခန်းရှေ့မှာ မြူတန့်စွမ်းအားတွေကို ဆက်ကပ်ထဲက မျောက်တွေလိုမျိုး ပြသနေတဲ့ ကျောင်းသားတွေရှိမနေဘူး။ အဲဒီအစား အိမ်စေဝတ်စုံဝတ်ပြီး ဖြတ်သွားသမျှလူတွေကို ထရိုက်တော့မယ့် မှုန်သုန်သုန်အကြည့်မျိုးနဲ့ကြည့်နေတဲ့ လူတူစက်ရုပ်ရယ်၊ ကျောင်းဝင်ခွင့်စစ်ဆေးရေးအတွက် တာဝန်ယူထားတဲ့ ဆရာသုံးယောက်ရယ်ပဲရှိတယ်။
ကျောင်းဗီနိုင်းပေါ်မှာ ကပ္ပတိန်အမေရိကပုံနဲ့ ကျောင်းက ကျောင်းသားဟောင်း ဟီးရိုးတချို့ရဲ့ပုံပါပေမဲ့ တခြားပြစရာ များများစားစားမရှိတဲ့ပုံပါပဲ။ ဆိုင်ကယ်ပိုင်ရှင်ကောင်မလေးတောင် အီဗန်ကို ကြည့်ပြီး မယုံနိုင်စွာ ပြောလိုက်ပါတယ်။
"ဒီနေရာက တကယ်ကြီး ကျောင်းကြီးရှစ်ကျောင်းထဲက တစ်ခုရဲ့ပြခန်းလား။"
အမှန်အတိုင်းပြောရရင် နယူးယောက်ဟီးရိုးကျောင်းပြခန်းက အခြေအနေအဆိုးကြီးမဟုတ်ပေမဲ့ နေရာက အတော်လေးကျဥ်းနေပြီး ဖျော်ဖြေမှုဘာညာလည်းမရှိတဲ့အတွက်ကြောင့် လူစိတ်ဝင်စားမှု သိပ်မခံရဘူး။ သာမန်ကျောင်းခွဲတွေရဲ့ပြခန်းထက် နည်းနည်းပိုသာတာပဲရှိတယ်။
ဝင်ခွင့်ဖြေနေတဲ့ လူငယ်တချို့ကိုလည်း တွေ့ရပေမဲ့ သူတို့စွမ်းအားတွေက အကောင်းကြီးမဟုတ်တာ တွေ့နိုင်တယ်။ တခြားကျောင်းတွေလိုပဲ ဆရာသုံးယောက်က နာမည်မေး၊ အစွမ်းမေးပြီး ဒန်မီရုပ်ကို လက်သီးနဲ့ထိုးခိုင်းတဲ့ စစ်ဆေးမှုမျိုးကိုပဲ သုံးတာပေမဲ့ ဆရာသုံးယောက်လုံး ပျင်းနေတဲ့ပုံထောက်ရင် ထူးချွန်ကျောင်းသား တစ်ယောက်မှမရသေးတဲ့ပုဲပဲ။
အီဗန်လည်း တံထွေးမျိုချလိုက်တယ်။ 'ငါ့ကို ဆာ Silver Knight အရူးလုပ်သွားတာတော့ မဟုတ်ပါဘူးနော်။'