ဆယ်မင်းဆက်သည် Always Barမှာအစည်းအဝေးထိုင်ပြီးသွားသောအခါ
အန်တီနုအိမ်ကိုသွားဖို့ပြင်လိုက်သည်။ ကိုကိုနှင့်မဆုံဖြစ်တာ ငါးရက်လောက်ရှိပြီ။ မကြာခင်ဆေးကျောင်းနောက်ဆုံးနှစ်ရောက်တော့မှာမို့ သူအခုလိုအလုပ်လုပ်ဖို့ မလွယ်ကူတော့။ ဘားဆိုင်မှာ ညဘက်ဦးစီးပေးဖို့မဖြစ်နိုင်တော့ချေ။ အစ်ကိုထိုက်မင်းဆွေကိုပဲ အကုန်လွှဲပစ်ရတော့မည်ထင်ရဲ့။ ဝန်ထမ်းတွေပါရှိနေသည့်ဆိုင်ကို သူမပိတ်ပစ်ချင်။ ဆိုင်ကိုဖွင့်တုန်းကတော့ ကျောင်းကိုဝါသနာမပါလွန်း၍ ဖြစ်သည်။ သို့ပေမဲ့ အခုချိန်မှာ သူပြောင်းလဲသွားပြီ။
ဆိုင်အတွက် ကိုကို့ကိုအပူကပ်ရန် သူစဥ်းစားသေးသည်။ ကိုကို ကျွန်တော့်အစားဦးစီးပေးပါဟုပြောလျှင် ကိုကို့ကိုဝန်ထုပ်ဝန်ပိုးပေးရာကျနေမလား။ ကိုကိုက အလုပ်ရှိသေးတာမို့ဆိုင်ကိုပါကြည့်ပေးရလျှင် ကိုကိုပင်ပန်းလိမ့်မည်။ ဆယ်မင်းဆက်သည် ထိုအကြံကိုလက်လျှော့လိုက်သည်။ ကိုကိုပင်ပန်းအောင် သူမလုပ်ရက်နိုင်။
လမ်းကြားထဲကားဝင်လာပြီး ကိုကိုနှင့်သူရန်ဖြစ်ခဲ့သည့်နေရာကို ရောက်ချိန် ဆယ်မင်းဆက်သည် အဖြစ်အပျက်များကိုတစ်ဖန်ပြန်မြင်ယောင်လာပြီး ပြုံးမိသွားသည်။
အမှိုက်ပစ်ချလို့ဒေါသထွက်နေခဲ့သည့် ကိုကို။ သူက အဖေလာလုပ်ပါလားဟုပင် အထိန်းအကွပ်မရှိ ပြောခဲ့သေးသည်။ တကယ်ကို ရှက်စရာကောင်းခဲ့တာ။ ကိုကိုနှင့်သူ စတွေ့တည်းက ကမောက်ကမတွေဖြစ်ခဲ့တာ။ ကိုကိုကသူ့ကို ကလေးဆိုးလို့ပဲမြင်နေတာမဆန်းတော့ဘူး။ ဒီအဖြစ်အပျက်တွေက အမှတ်တရဖြစ်လွန်းလို့ သူတစ်သက်လုံးမေ့မှာ မဟုတ်လောက်ဘူး။
ဆယ်မင်းဆက်တစ်ယောက် နွေဦးနဲ့ပတ်သက်တဲ့သီချင်းတွေနားထောင်ဖြစ်လာတယ်။ ကိုအောင်ရဲ့
နွေဦးပုံပြင်၊ ထူးအိမ်သင်ရဲ့နွေဦးကံ့ကော်၊ Big Bagရဲ့နွေဦး....
အားလုံးကအလွမ်းသီချင်းတွေ ဖြစ်နေပေမဲ့ပေါ့။
နွေဦးဟူသော နာမ်ကိုကြားတိုင်း သူသည်ကိုကို့ကို လွမ်းသည်။
ကိုကိုနှင့်အတူရှိပြီးတည်းက သေးသေးမွှားမွှားဖြစ်ရပ်တွေကို အစချီကာသူသည် ကိုကို့အကြောင်း တခုတ်တရအမြဲတမ်းတွေးဖြစ်သည်။ ကိုကိုနှင့်အတူဆိုသည့် စိတ်ကူးများ တစ်ပုံတစ်ပင်ရှိလာသည်။
ပြောင်းလဲလာတာသူ့ကိုယ်သူသိပေမဲ့ ဒီစိတ်ကိုမပြောင်းလဲချင်။
ဒီစိတ်ကဘယ်လောက် နက်နက်ရှိုင်းရှိုင်းထိ ရောက်သွားနိုင်လဲ။ တစ်ခါလောက်တော့ မိုက်ရူးရဲဆန်ပစ်ချင်တယ်။
နွေဦးက သူအပြည့်အဝရူးသွပ်လိုက်ဖို့ ထိုက်တန်တယ်...
အန်တီနုအိမ်ရောက်တော့ အန်တီနုသည် ဧည့်ခန်းထဲ၌ ပုတီးစိပ်နေသည်ကို တွေ့ရသည်။ မျက်နှာမသာမယာဖြင့် ငိုင်နေသည်။ သူ့ကိုမြင်တော့
"သား ဆယ်လေးဘယ်လိုလုပ် ရောက်လာတာလဲ" ဟု မေးမြန်း၏။ အန်တီနုအိမ်ကို ဖုန်းကြိုမဆက်ဘဲ လာလေ့မရှိတာကြောင့် အံ့သြနေပုံလည်းရသည်။
"ကိုကိုက ဒီနေ့ပြန်လာမယ်ဆိုလို့ ကျွန်တော်လည်းအချိန်ရတာနဲ့ လာလိုက်တာ"
သူအမှန်အတိုင်းပဲ ဖြေလိုက်သည်။ နေ့ခင်းဘက်ကိုကို့မျက်နှာမြင်ရဖို့ တကူးတကကိုကြီးရုံးကိုသွားလျှင် ပိုအံ့သြစရာတွေဖြစ်ကုန်မည်။ ကိုကြီးက သေချာပေါက် သူ့ဆီလာတာမဟုတ်မှန်း ရိပ်မိမှာ။ ဆိုတော့ အန်တီနုအိမ် ကိုကိုရှိတဲ့အချိန်မှာ လာတာကအကောင်းဆုံးအခြေအနေ။ ကိုကိုကရိပ်မိသွားလည်း ကောင်းတာပဲ။
အဲကျရင် ဟုတ်တယ် ကျွန်တော်ခင်ဗျားကိုကြိုက်နေတာလို့ ဖြေချပစ်မှာ။
"သားက ဒီနေ့လာမယ်ပြောတာလား"
အန်တီနုမျက်နှာက စိုးရိမ်ပူပန်ခြင်းများနှင့်။ တစ်ခုခုကိုတွေးနေသလိုရှိပြီး လက်ထဲကစိပ်ပုတီးကိုချလိုက်တာကို မြင်ရသည်။
"အင်း ဆယ်လေး မင်းကိုကိုအခန်းထဲသွားနေချင်နေလေ"
အန်တီနုသည် သက်ပြင်းဖွဖွချ၏။ မျက်နှာအရိပ်အကဲကြည့်ရသလောက်ဟာ သေချာပေါက် ကိုကို့အကြောင်းပဲ။
ကိုကို့အခန်းထဲကိုဝင်မိတော့ အတိတ်တွေကို ဝိုးတဝါးပြန်တွေးမိသည်။ ဤအခန်းကို သူသည်တစ်ချိန်က မောင်ပိုင်စီးဖူးသည်။ တစ်ချိန်တည်း တွေးမိတာက ကိုအငယ်လေးကိုပင်။
ကိုအငယ်လေး ဆုံးပါးသွားကြောင်းကို သူကြားပါသည်။ ကိုကိုဘယ်လောက်ထိစိတ်ထိခိုက်ရှာလိမ့်မလဲ။
ဆယ်မင်းဆက်သည် ဇွတ်တရွတ်စိတ်
နှင့်ပိုင်ဆိုင်လိုစိတ်များကို ကိုကို့ကြောင့် ရင်ထဲကွယ်ဝှက်သိမ်းထားရသည်။ သူသည် ကိုကို့ကိုစိတ်ဆင်းရဲအောင် ဝေဒနာပေးမည့် နောက်ထပ်လူမဖြစ်စေရပါ။ တစ်ခါတစ်ရံတွင် စိတ်အလိုနောက်လိုက်ဖို့အရေး ဤမျှလောက်ထိတွေးနေရသည့်အဖြစ်မှာ အားမလိုအားမရဖြစ်လာသည်။ သူက တစ်စုံတစ်ယောက်နှင့်ပတ်သက်ပစ်ဖို့နှစ်ခါစဥ်းစားခဲ့သည့်သူမဟုတ်ပေ။ သူသဘောကျမိလျှင် သူစိတ်ဝင်စားသည်ဆိုလျှင် တွဲလိုက်သည်ချည်း။ သို့ပေမဲ့ ကိုကိုကကျ သူလက်လွတ်စပယ် လုပ်လို့ရသောသူမဟုတ်။
နောက်ဆုံးအနေဖြင့် အမှန်တရားတစ်ခုလည်း ရှိသေးသည်။ ကိုကိုက သူ့အပေါ်ခံစားချက်မရှိဘူးဆိုတာပဲ။ ခံစားချက်တွေဖြစ်ပေါ်လာအောင်လည်း သွားဆွလို့ကိုမရတဲ့အနေအထားမှာ။
ဆယ်မင်းဆက်သည် စောင့်နေရုံကလွဲပြီး လုပ်နိုင်တာမရှိ။ သူနှင့်မလိုက်ဖက်လွန်းစွာပဲ "ဆိုက်ဆိုက်လာတဲ့အလုပ်ရော မျှော်ရတဲ့အလုပ်ရော" နှစ်ခုလုံးကို သူလုပ်နေရပြီ။
အခန်းထဲကထွက်ကာ အောက်ထပ်ကိုပြန်ဆင်းလာလိုက်သည်။
အောက်ထပ်၌ အန်တီနုသည်
ဖုန်းကိုကျစ်ကျစ်ပါအောင်ဆုပ်ထားလျက်တစ်ယောက်တည်းယောက်ယက်ခတ်နေသည်။ နောက်ဆုံး ဖုန်းဝင်လာသည်။ တစ်ဖက်ကဘာပြောသည်မသိ ရင်ဘတ်ကိုဖိကာဆိုဖာပေါ် အရုပ်ကြိုးပြတ်သဖွယ် ပစ်ထိုင်ချသည်။
"အန်တီနု"
သူသည် အန်တီနုလက်နှစ်ဖက်ကို ဆုပ်ကိုင်လှုပ်ရမ်းလိုက်သည်။ သတိကပ်နေသေးသည်။ ငိုတော့မလိုမျက်နှာကြောင့် ဆယ်မင်းဆက်လန့်သွားရပါ၏။
"ဘာဖြစ်တာလဲ အန်တီနုရယ် ဘာဖြစ်လို့လဲ"
အန်တီနုသည် ဆယ်မင်းဆက်လက်ထဲကနေ ရုန်းထွက်လိုက်လေသည်။
"ဖယ် ဆယ်လေး အန်တီသွားရမယ်"
အန်တီနုက မျက်နှာကိုတင်းကာ ဆိုဖာပေါ်မှထသည်။ ထို့နောက် အပြင်ဘက်ကိုထွက်သွားလေ၏။
"အန်တီနု ဘယ်ကိုလဲ"
သူသည်လှမ်းအော်လိုက်သည်။ အန်တီနုသည် သူ့ကိုအရေးမစိုက်နိုင်။ ဇောတစ်ခုကပ်နေပုံရပြီး အလောတကြီးနိုင်လှသည်။ သူလည်းမနေသာတော့သဖြင့် အန်တီနုနောက်ကို လိုက်သွားမိသည်။ အန်တီနုသည် ဝေးဝေးလံလံသွားခြင်းမဟုတ်။ တစ်ဖက်ခြံကိုကူးသွားခြင်းဖြစ်သည်။ တခြားမဟုတ် ကိုဓနသိုက်တို့အိမ်ဖြစ်၏။
ဆယ်မင်းဆက်သည် နှစ်ခါစဥ်းစားမနေတော့ဘဲ သူပါလိုက်ဝင်သွားသည်။ အန်တီနုသွေးပျက်နေသည်မှာ တော်ရုံမဟုတ်။ အိမ်ထဲသို့ဝင်သွားလိုက်သောအခါ ကြီးမားသောဧည့်ခန်းကို တွေ့လိုက်ရသည်။ ဆယ်မင်းဆက်သည် အိမ်အပေါက်ဝတွင် ခဏရပ်နေမိသည်။ သူ့ရှေ့ကအန်တီနုသည် ဧည့်ခန်း၌ရှိသောလူအုပ်စုဆီသို့ တန်းသွားလေသည်။
ဧည့်ခန်းထဲ၌ လူလေးယောက်ရှိပြီး ထိုသူတွေအကုန်လုံးသည်လည်း အခြေအနေကောင်းဟန်မတူ။ ဆယ်မင်းဆက်ဝင်လာတုန်းက "မင်းတကယ်ပဲငါတို့ကိုသေစေချင်နေတာလား" ဆိုသည့်အသံကိုကြားလိုက်ရသေးသည်။
ဆိုဖာပေါ်တွင် မျက်နှာကိုအုပ်ထားပြီးထိုင်နေသည့်အန်တီနှင့် ခါးထောက်ထားသည့်ဦးလေးရယ်။ နောက်ထပ်ခေါင်းငုံ့ကာထိုင်နေသည့် လူနှစ်ယောက်။ ဆယ်မင်းဆက်နှင့်အသက်ရွယ်တူပဲဖြစ်လောက်မည့် ပိန်ပါးပါးကောင်လေးတစ်ယောက်၊ ကိုကိုနှင့်ရွယ်တူလူတစ်ယောက်သည် ဘေးချင်းကပ်ထိုင်နေကြသည်။ သူတို့နှစ်ယောက်၏ဘေးကြမ်းခင်းပေါ်မှာ ခရီးဆောင်အိတ်များကိုချထားသည်ကို မြင်ရသည်။
အန်တီနုသည် ထိုသူတို့ရှိရာကိုသွားကာ မေးမြန်းအော်ဟစ်တော့၏။
"တကယ်ပဲလား ဓနသိုက် မင်းတကယ်ပဲအဲလိုလုပ်လာတာလား"
အန်တီနုအသံကြောင့် မျက်နှာအုပ်ကာထိုင်ရင်းစိတ်ဓာတ်ကျနေသော အန်တီသည် ထလာလေ၏။
"နုနု"
"ဟုတ်သလား မမသစ်ပြောစမ်းပါ ကျွန်မကိုအမှန်တိုင်း။ ဓနသိုက်ကကောင်လေးတစ်ယောက်ကို အိမ်ခေါ်လာတယ်ဆိုဟုတ်လား"
အန်တီနု၏စူးရှကျယ်လောင်သောအသံသည် အခန်းတွင်းဝယ်ပဲ့တင်ပျံ့နှံ့သွားသည်။
"အန်တီနု ကျွန်တော်ပြောပါရစေ"
အန်တီသစ်ဆိုသူသည်လည်း အတိုင်းမသိငိုချပြန်၏။ ဆယ်မင်းဆက်မှာအိမ်အပေါက်ဝကနေကြည့်ရင်း လှည့်ပြန်ရမလို အန်တီနုကိုပဲသွားဆွဲခေါ်ရမလို။ သူသည်လည်းပဲ ကြားလိုက်ရတဲ့စကားကြောင့် ရှော့ခ်ရသွားသည်။
"ဟမ် ဒီကောင်လေးလားဟုတ်လား။ မင်းကငါ့သားကိုမလိုချင်လို့ ထွက်သွားပြီးနောက်တစ်ယောက်ကိုအိမ်အပါခေါ်ခဲ့တာပေါ့လေ"
အန်တီနုသည် ဓနသိုက်ဘေးက ကောင်လေးကိုလက်ညှိုးငေါက်ငေါက်ထိုးကာ အော်ဟစ်နေတော့၏။ ပုံစံကြည့်ရသလောက် ထိုကိစ္စကြောင့်အန်တီနုမလာခင်တည်းကပင် ထိုမိသားစုကြားမှာပြဿနာတက်နေခဲ့ဟန် တူသည်။
"နုနုရယ် စိတ်လျှော့ပါအုံး ကိုယ်တို့"
"မမသစ်သိတယ်မလား...တလောတည်းက ဓနသိုက်ကမမသစ်တို့ကိုဖုန်းဆက်တယ်။ ဒီကောင်လေးကိုခေါ်လာမယ်ဆိုတာလဲ သိတယ် အဲတာကိုကျွန်မကိုမပြောဘဲ ဖုံးထားတာ"
"ကိုယ်တို့လဲအဲသတင်းကို လွန်ခဲ့တဲ့သုံးရက်ကမှသိတာပါ သိသိချင်းကိုယ်တို့အရမ်းလန့်သွားခဲ့တာ သားကိုလဲ ကိုယ်တို့ဖျောင်းဖျပါသေးတယ် နုနုရယ် ကိုယ်တို့တမင်လိမ်ညာထားတာမဟုတ်ပါဘူး"
"အန်တီနု အပြစ်ရှိတာကကျွန်တော်ပါ...ကျွန်တော့်ကိုပဲ အပြစ်တင်ပါ သူနဲ့ဘာမှမဆိုင်ပါဘူး"
ပိန်ပါးပါးကောင်လေးမှာ ထိုလူသုံးယောက်ကြား ဗျာများကာတုန်လှုပ်နေတော့၏။ ခရီးဆောင်အိတ်များကိုကြည့်ရသလောက် အခုမှပြန်လာကြပုံပေါ်သည်။
ကိုဓနသိုက်က လက်မထပ်ချင်လို့ထွက်သွားရာမှာ ပြန်လာတော့
ကောင်လေးတစ်ယောက်ပါလာတယ်။ ဒီသတင်းထက် ထိတ်လန့်စရာကောင်းတာရှိတော့မှာမဟုတ်ဘူး။
"ဒါဆိုငါ့သားမှာရော ဘာအပြစ်ရှိလို့လဲ...ဟမ် မင်းကဒီလိုဖောက်လွှဲဖောက်ပြန်လုပ်ဖို့ အတွက်နဲ့ငါ့သားကိုထားသွားတာ...ငါ့သားရင်ကိုခွဲတာ ဓနသိုက် မင်းကိုငါခွင့်မလွှတ်ဘူး...အခုငါ့သားလေးကိုဘယ်လိုလုပ်မလဲ"
အန်တီသစ်သည် ငိုနေသောအန်တီနုနုကိုဖက်ထားလေ၏။ ဓနသိုက်သည် မျက်နှာပျက်ယွင်းနေပြီး နံဘေးကကောင်လေးကိုလည်း နှစ်သိမ့်နေပြန်သေးသည်။ ဆယ်မင်းဆက်သည် တကယ်ကိုပြောစရာစကားမရှိသည့်ပုံစံဖြင့်သာ ထိုလူနှစ်ယောက်ကိုကြည့်မိတော့သည်။
"နင်ကရော ဘာလို့လိုက်လာတာလဲ ဟမ်နင်အရှက်မရှိဘူးလား ဖောက်ပြန်ကြတာအရှက်မရှိဘူးလား"
"အန်တီနု ဆွေသာ့မှာ အပြစ်မရှိပါဘူး။ ကျွန်တော်နဲ့နွေဦးပြတ်စဲပြီးလို့ ထွက်သွားတဲ့အချိန် အဲမှာခဏနေရင်းတွေ့ကြတာပါ... ကျွန်တော်တောင်းပန်ပါတယ် အန်တီနုနု...နွေဦးကိုလဲ ကျွန်တော်တောင်းပန်မှာပါ"
ခယမှုအပြည့်နှင့် ကိုဓနသိုက်၏စကားနောက်မှာ ဆယ်မင်းဆက်သည် အံတင်းတင်းကြိတ်မိသည်။
ဘယ်လောက်တောင် တာဝန်ယူမှုမရှိတဲ့ကောင်လဲ။ ပြတ်စဲချင်တာရော ထားသွားတာရော သူ့သဘောတိုင်းလုပ်ပြီးမှ ပြန်လာတော့လဲ....
"အမယ်လေး... နွေဦး ငါ့သားလေး ငါ့သားလေးကိုစိတ်ဒဏ်ရာပေးတာ"
အန်တီနုနုသည် အော်ဟစ်ငိုယိုလျက်သာရှိတော့သည်။ ဆယ်မင်းဆက်သည်မနေသာတော့ဘဲ အန်တီနုကို သွားဖက်ကာထိန်းပေးလိုက်သည်။ ချော့မော့ပြီးရအောင်ဖျောင်းဖျ၍ စိတ်ငြိမ်အောင်လုပ်ပေးရသည်။ဆယ်မင်းဆက်သည် အန်တီနုနုအတွက်ရှူဆေးဘူးတောင်းပေးကာ ရေကိုအဝသောက်ခိုင်းရသည်။
အန်တီနုနုတင်မဟုတ် ဒီအိမ်မှာရှိသည့်သူတွေအကုန်လုံးလည်း အဆင်မပြေကြပေ။ အန်တီသစ်သည် အန်တီနုနှင့်အတူငိုနေကာ ဦးလေးဖြစ်သူမှာတော့
တောက်တခတ်ခတ်။
အန်တီနုကိုစိတ်ငြိမ်အောင် ချော့နေတုန်း တစ်ဖက်မှာလည်း ကိုကို့ကိုဖုန်းဆက်ရသည်။ ကိုကို့ကိုအသိမပေးဘဲ ထားလို့မဖြစ်။ အန်တီနုနု၏ အခြေအနေသည်အတော်လေးဆိုးရွားလို့နေသည်။ ငိုပဲငိုနေပြီး မည်သည့်စကားမှဆိုမရ။
သူသည်မနေသာလွန်းစွာ အလုပ်မှာရှိသော ဦးလေးထွန်းကိုပင် ဖုန်းဆက်ခေါ်မိပါတော့သည်။
"ကိုကို အိမ်မှာပြဿနာဖြစ်နေတယ် အန်တီနုနုလည်း အဆင်မပြေဘူး...ဘေးအိမ်မှာကိုဓနသိုက်ပြန်ရောက်နေပြီ... အန်တီနုကလည်း အဲအိမ်ကနေခေါ်မရဘူး ကိုကိုမြန်မြန်လာခဲ့ပါ" ဟူသည့် ဆယ်လေး၏ဆက်တိုက်သော စကားများကြောင့် နွေဦးသည် စဥ်းစားတွေဝေချိန်တောင်မရခဲ့။ အစတည်းက အလုပ်ကမနက်ပိုင်းပဲရှိတာမို့ နေ့ခင်းဘက်အိမ်ပြန်ဖို့ စီစဥ်ပြီးသားပင်။ အခုတော့ ပြဿနာတွေ ဖြစ်နေသည်တဲ့။
နွေဦးသည် ကားမောင်းနေပေမဲ့ စိတ်အတွင်းထဲ၌ အတွေးပေါင်းစုံ ယောက်ယက်ခတ်နေသည်။ ဓနသိုက် ပြန်ရောက်လာပြီတဲ့လား။ နွေဦး နှလုံးသားထဲဝယ် ဗလာသက်သက်ချည်းသာ ဖြစ်လို့နေသည်။ ပျော်ရမလား ဝမ်းနည်းရမလားတောင်မသိ။ စစချင်းမှာ သူ့တွင်ပြောစရာ အမြောက်အမြားရှိသည်။ သူ့ကိုဘာကြောင့် ထားရက်ရတာလဲ ဆိုသည့်မေးခွန်းများလည်း မေးဖို့ရှိသည်။ အခုပြန်လာတာကရောသူ့ဆီကိုလား ဆိုသည့်မေးခွန်းများကအစပေါ့။ အချိန်တွေကြာလေ ထိုစကားများသည်လည်း မှေးမှိန်ပျောက်ကွယ်လေ...အခုချိန်မှာတော့ ထိုစကားများက သူ့အတွက်အဓိပ္ပာယ်ပင် မရှိတော့သယောင်။
သူဟာ အခုချိန်မှာ ဘာကိုခံစားလို့ခံစားနေရမှန်း သူကိုယ်တိုင်ပင်မသိတော့။
သူဘေးအိမ်ကိုရောက်သော
အခါ ဧည့်ခန်းထဲတွင်ထိုင်နေသည့် အမေနှင့်ဆယ်မင်းဆက်ကို တွေ့လိုက်ရသည်။ ထိုအိမ်ရှိမိသားစုဝင်များ၊ ဗြုန်းခနဲ ဓနသိုက်မျက်နှာကိုပါ မြင်လိုက်ရသည်။ သူ၏ ဘဝတစ်ဝက်နီးပါးဘေးမှာအတူရှိခဲ့ဖူးသူက ၆လကျော်လောက်အတွင်းမှာ သူ့အတွက်သူစိမ်းပမာဖြစ်သွားခဲ့လေသည်။
ထို့အပြင် ဓနသိုက်ဘေးက သူမမြင်ဖူးသောသူစိမ်းကောင်လေး။
သူသည် ထိုအရာများအပေါ် အာရုံမစိုက်နိုင်ချေ။ အမေကထိုင်ကာငိုယိုနေသည်ကိုတွေ့လိုက်တော့ သူသည်အပြေးသွားကာ အမေ့ရှေ့ဒူးထောက်ထိုင်ရင်း ဖြစ်ကြောင်းကုန်စင်ကို မေးမြန်းရတော့သည်။
"သား ငါ့သားလေး"
အမေသည် သူ့ကိုမြင်မှ ပိုတိုးကာငိုလေ
တော့သည်။ နွေဦးသည် အမေ့ကိုထွေးဖက်လိုက်သည်။
"ဘာမှမဖြစ်ဘူး ကျွန်တော်လာပြီလေ"
"ငါ့သားလေး... ငါ့သားလေးကိုဘယ်လိုလုပ်ရမလဲ"
နွေဦးသည် ဘေးမှာထိုင်နေသော ဆယ်မင်းဆက်မျက်နှာကို ဘာဖြစ်တာလဲဟုမေးရန် လှမ်းကြည့်လိုက်သည်။
ဆယ်မင်းဆက်မျက်နှာသည် နဂိုထက်တင်းမာလို့နေသည်။
"သား နွေဦး"
အန်တီသစ်သည် ငိုသံဖြင့်သူ့ကိုခေါ်လာသည်။ နွေဦးမှာ မည်သည့်မျက်နှာကို ကြည့်ရမည်မှန်း မသိတော့။
ထို့နောက် ဆယ်မင်းဆက်ဆီကနေ အသံထွက်လာသည်။
"ကိုကို ကိုဓနသိုက်က ကောင်လေးတစ်ယောက်ကိုခေါ်လာတယ်...အဲတာကြောင့် အားလုံးဒီလိုဖြစ်နေတာ"
ဆယ်မင်းဆက်စကားသည် ရှင်းလင်းလွန်းပါ၏။ ရှင်းလင်းလွန်းသဖြင့် မည်သည့်စကားမှကို ထပ်မလိုတော့ချေ။ သူသည် ဖက်ထားသော သူ့အမေကိုသာ ပိုတိုးလို့ဖက်မိပါ၏။ ဆယ်မင်းဆက်က သူ့ကိုမမှိတ်မသုန်ကြည့်လို့နေသည်။ ဧည့်ခန်းထဲ၌ရှိသည့်သူ အကုန်လုံး သူတို့သားအမိကို သနားအားနာသော မျက်ဝန်းတို့ဖြင့်သာကြည့်နေကြ၏။ မပြောင်းလဲပါချေ။ ဓနသိုက်အိမ်ကထွက်သွားစဥ်ကလိုပဲ။ ဓနသိုက်မျက်နှာတော့ သူလှမ်းမကြည့်ဖြစ်တော့ပါ။ ထိုသူ့ဆီကနေ ဘာစကားမှလည်း မမျှော်လင့်တော့။
"နွေဦး သားရယ် အန်တီသစ်သစ်တောင်းပန်ပါတယ်...အန်တီတို့သားတစ်ယောက်ကို အဖြစ်ရှိအောင်မဆုံးမနိုင်တာတွေပါ"
"ဓနသိုက် မင်းလုပ်ရပ်ကြောင့် အခုအားလုံးဘယ်လိုဖြစ်ကုန်ပြီလဲကြည့်စမ်း"
ဓနသိုက်မိဘတွေဆီက စကားသံတို့သည် ဆင့်ကဲထွက်ပေါ်လာသည်။
နွေဦးသည် ထိုသူတို့ကိုဘာမှပြန်ပြောချင်စိတ်မရှိတော့။ ဦးနှောက်သည် တစ်စုံတစ်ခုကညှစ်ထားသလို ထုံကျဥ်လို့နေသည်။
"အမေ ကျွန်တော်တို့ဒီအိမ်ကပြန်ရအောင် နော်"
နွေဦးသည် သူ့အမေမျက်ရည်များကို အသာယာသုတ်ပေးလိုက်သည်။ ဆက်တိုက်ငိုယိုပြီး ခေါင်းမာနေခဲ့သောသူ့အမေသည် သူ့စကားတစ်ခွန်းတည်းကြောင့်မတ်တပ်ထရပ်သည်။ သူသည် သူ့အမေကိုသာ တွဲခေါ်လိုက်ပါ၏။
"နွေဦး ငါ..."
"ငါတောင်းပန်ပါတယ် ငါ့အမှားပါ"
သူတို့သားအမိနှစ်ယောက်နားကို ဓနသိုက် ရောက်လာသည်။ နွေဦးသည် ထိုလူနှင့်အတူထိုင်နေသည့်ကောင်လေးကို အကြည့်တစ်ချက်တော့ပေးမိပါသေးသည်။ သို့ပေမဲ့ ဘာစကားမှမဆိုဘဲ သူ့အမေကိုတွဲခေါ်ကာ သူတို့အိမ်ဘက်ကိုကူးလိုက်သည်။
ဆယ်မင်းဆက်သည် အနောက်ကလိုက်လာ၏။ ကိုကိုသည် မည်သည့်တုံ့ပြန်မှု စကားတစ်ခွန်းမှမဆိုဘဲ အန်တီနုနုကိုသာ ခေါ်လာခဲ့သည်။ ဖြောင့်တန်းနေသော နောက်ကျောပြင်ကိုကြည့်ရင်း ဆယ်မင်းဆက်သည် ဝမ်းနည်းလာသည်။ သူ့ဝမ်းနည်းစိတ်များသည်ပင် ဖော်ပြ၍မစွမ်းသာအောင်ဤမျှများပြားနေသည်ဆိုလျှင် ကိုကို့နာကျင်မှုများက ဘယ်လောက်တောင်များပြားလိမ့်မလဲ။ သူမှန်းဆကြည့်လို့ပင်မရ။
ကိုကိုသည် အန်တီနုနုကို အချိန်အကြာကြီး နှစ်သိမ့်လို့နေသည်။ ဦးလေးထွန်းပါပြန်ရောက်လာပြီး အနားမှာနေပေးသည်။ ကိုကိုသည် ဘာမှမဖြစ်ပါဘူး ဟူသောစကားကိုသာ ရေရွတ်လို့နေ၏။ အန်တီနုနုသည် တစ်ဖက်အိမ်နှင့်ဆွေမျိုးလိုထိဖြစ်နေတာမို့ ထိုအိမ်မှာကူပေးသောအဒေါ်ကြီးသည် အန်တီနုနုကိုသတင်းပေးလာခဲ့သည်။ ဓနသိုက်သည်ရောက်နေသည့်
နေရာကနေဖုန်းခေါ်လာပြီး ထိုနေရာကနေတစ်ဘဝလုံးစာစောင့်ရှောက်လိုသည့်ကောင်လေးတစ်ယောက်ကို ခေါ်လာခဲ့မည်ဖြစ်ကြောင်း အသိပေး၏။ တကယ်ပဲရောက်သည့်နေ့မှာ ထိုအဒေါ်ကြီးကပဲ ဖုန်းဆက်အကြောင်းကြားပေးခြင်းဖြစ်သည်။
ဆယ်မင်းဆက်သည် အိမ်မှာအဆင်သင့်ဆောင်ထားသော သွေးပေါင်ချိန်စက်နှင့်အန်တီနုနုကို သွေးပေါင်ချိန်တိုင်းပေးလိုက်သည်။ သောက်နေကျ သွေးတိုးကျဆေးများကို ရှာဖွေကာတိုက်ပေးလိုက်သည်။ ကိုကိုကတော့ သူ့အမေကိုကျန်းမာရေးအထိခိုက်မခံပါနဲ့ ကျွန်တော်အဆင်ပြေပါတယ် ဟူသည့်စကားကို ထပ်ခါတလဲလဲပြောရင်း နှစ်သိမ့်သည်။
နွေဦးသည် အမေ့ကိုအတော်ကြာနှစ်သိမ့်ပေးပြီး အခန်းပြင်သို့ထွက်လာလိုက်သည်။ မီးဖိုခန်းထဲသွားကာ ရေတစ်ခွက်ယူသောက်လိုက်၏။ သူ့နှုတ်ခမ်းတို့သည် တဆတ်ဆတ်တုန်ယင်လို့နေသည်။ ဒါသည် သူ့ခန္ဓာကိုယ်၏တုံ့ပြန်ချက်ဖြစ်ပြီး ထိန်းချုပ်လို့မရ။
ဆယ်မင်းဆက်က သူ့အနားကိုရောက်လာသည်။ သူ့ကိုအုပ်မိုးလာသော
အရိပ်ကို သူခံစားမိလိုက်သည်။ ဆယ်မင်းဆက်သည် သူ့နောက်ကျောပြင်ကို သာသာလေးပွတ်ပေးလာ၏။ နွေဦးသည် လည်ချောင်းမှဆန်တက်လာသော ခံစားချက်များကို မျိုချလိုက်သည်။
သူဘယ်လိုအားအင်တွေနဲ့ ထိန်းချုပ်ထားနိုင်တာလဲ။
"ကိုကို သူ့ကိုတစ်ချက်လောက်ထိုးပစ်လိုက်သင့်တာ"
"ဘာလုပ်မှာလဲ ငါ့သိက္ခာကျတာပဲရှိမှာ"
တစ်ခွန်းတည်းသော စကားပေမဲ့ သန်မာပြတ်သားလွန်းလှပါ၏။ ဆယ်မင်းဆက်သည် ဤလူသား၏သန်မာမှုကို အထင်ကြီးလေးစားသွားမိသည်။ ရင့်ကျက်တည်ငြိမ်သည့်အမျိုးသားကို သူဘေးကနေပဲငေးကြည့်နေမိသည်။
"ငါအများကြီးလုပ်ခဲ့ပြီးပြီ သူနဲ့ပြန်ပြေလည်ဖို့ အကြိမ်ပေါင်းများစွာကြိုးစားခဲ့ပြီးပြီ။ ဒီထက်ပိုပြီးငါ့သိက္ခာကိုချမနင်းတော့ဘူး။ ငါသူ့ကို ဥပေက္ခာပြုထားရမှာပေါ့"
ဆယ်မင်းဆက်သည် ကိုကို့ကိုခေါင်းညိတ်ပြလိုက်သည်။ မျက်တောင်များပါတုန်ယင်လှုပ်ခတ်နေသူသည် ထိုစကားကိုတော့ဖြင့် တွန့်ဆုတ်ခြင်းမရှိဘဲ ပြောနိုင်သေး၏။ ထိုသူ့ကို အရိပ်တကြည့်ကြည့်နှင့် စောင့်ရှောက်ပေးတာထက်ပိုပြီး သူဘာများတတ်နိုင်သေးလဲ။
"ကိုကို ကျွန်တော်တို့အိမ်ပြန်ကြမလား"
ဟိုဘက်အိမ်ကို မြင်နေရသရွေ့ကတော့ ကိုကိုဘယ်လိုမှအဆင်ပြေနိုင်မယ်မထင်။
"ဟင့်အင်း ငါအလုပ်ပဲပြန်သွားမှာ"
အလုပ်ကိုပဲအာရုံစိုက်ခြင်းက အသည်းကွဲဒဏ်ရာကို ကုစားသည့်နည်းလမ်းပဲထင်သည်။ ဆယ်မင်းဆက်သည် ကိုကို့ကိုပဲမမှိတ်မသုန်စိုက်ကြည့်နေမိသည်။ ကိုကိုအဆင်ပြေသွားမှာပါလို့တောင် ပြောမထွက်နိုင်တော့။
သခင်ဝမ်းနည်းနေလို့ ထပ်တူဝမ်းနည်းကြေကွဲနေသောခွေးလေးပမာ ဆယ်မင်းဆက်သည် နွေဦးဘေးနားမှာ ငြိမ်ငြိမ်လေးရပ်နေခဲ့သည်။
ကိုကိုက တကယ်ပဲအလုပ်ကိုသာပြန်သွားပါ၏။ "ကျွန်တော်လိုက်ပို့ပေးမယ်" လို့တောင်မပြောနိုင်။ သူသည် ကားမမောင်းနိုင်ခြင်းအပေါ် ကိုယ့်ကိုယ်ကိုယ်များစွာစိတ်ပျက်သွားမိသည်။ သူက အသေးငယ်ဆုံးသော စောင့်ရှောက်မှုလေးတောင် မပေးနိုင်ဘူးပဲ။
ဆယ်မင်းဆက်သည် တစ်လမ်းလုံးစိတ်နှင့်လူမကပ်ပေ။ မဖြစ်တော့တာမို့ သူသည်လည်းအလုပ်လုပ်ဖို့စဥ်းစားလိုက်သည်။ သို့ပေမဲ့laptop ကကိုကို့အိမ်မှာကျန်ခဲ့သည်။ အန်တီနုနုအိမ်မသွားခင် ကိုကို့အိမ်ခဏဝင်ကာ ပစ္စည်းများထားခဲ့မိသည်။ အန်တီနုအိမ်ကအပြန်တွင် ကိုကို့အိမ်ကိုအတူပြန်ရန် ဆိုသည့်ရည်ရွယ်ချက်ဖြင့်။
သူသည် စဥ်းစားကာ ဆုံးဖြတ်ချက်ချ၍ ကိုကို့အိမ်ကိုသွားလိုက်သည်။ အလုပ်ကနေပြန်လာမည့် ကိုကို့ကိုစောင့်ရန်သာ ဆုံးဖြတ်လိုက်သည်။ ဒီအချိန်မှာ မည်သူ့မျက်နှာမှမြင်ချင်လောက်မှာ မဟုတ်ပေမဲ့ သူကတော့ ကိုကို့မျက်နှာလေးကိုမြင်ရမှဖြစ်မည်။ ကိုကိုနှင်ထုတ်ရင်လည်း ထိုအခါကျမှသူခံလိုက်မည်။
ကိုကို့အိမ်၏ လျှို့ဝှက်နံပါတ်ကို ရိုက်လိုက်သည်။ အိမ်ထဲဝင်လိုက်သည့်အခါ ကိုကို့အငွေ့အသက်တွေ နေရာတိုင်းမှာရှိနေတာကို ခံစားမိသည်။ နွေဦး၏အငွေ့အသက်တွေသည် တစ်အိမ်လုံးကိုနွေထွေးစွာ ဖြန့်ကျက်ထား၏။
ဆယ်မင်းဆက်သည် အိမ်အတွင်းပိုင်းဆီက အသံသဲ့သဲ့လေးကိုကြားလိုက်ရသည်။ ကိုကိုပြန်ရောက်နေသလား။
အိပ်ခန်းဆီကိုသူဦးတည်မိသည်။ သို့ပေမဲ့
ဆယ်မင်းဆက်သည် တံခါးကိုမဖွင့်နိုင်ဘဲ ခြေလှမ်းတို့ကို ရပ်တန့်မိတော့သည်။
တုန်ယင်နေသော အသံတိုးဖွဖွ....ငိုရှိုက်သံသည် အခန်းတံခါးကိုဖြတ်ကာ သူ့နားစည်အတွင်း ဝင်ရောက်လာသည်။ ကြေကွဲခြင်းများနှင့် ငိုချင်းချသံသည် သူ့အသည်းနှလုံးကို ဝါးချွန်များဖြင့်ထိုးနှက်နေသည့်နှယ်။ လွတ်လပ်စွာ၊ ထိန်းချုပ်ထားသည်များကို အတားအဆီးမဲ့စွာ၊နာကျင်မှုမှန်သမျှကို ဖွင့်ထုတ်နေပါသော ငိုကြွေးသံ။ ဆယ်မင်းဆက်သည် တံခါးကိုသာ မှီထိုင်ချမိသည်။ တံခါးတစ်ဖက်ဆီက ကိုကို့ငိုသံကိုယခုလိုတိတ်တိတ်လေး နားထောင်နေမိသည်။ အဆင်မပြေပါ။ ရင်တွေဆွဲဆုတ်ခံရသလိုမျိုး နာကျင်ရပါ၏။
ကိုကို့ငိုရှိုက်သံကို သူသည် ဒီတစ်သက်တော့ ဘယ်သောအခါမှ မေ့နိုင်တော့မည် မဟုတ်ပေ။