ဧကရီ အနက်ရောင် (၂၀)
~~~~~~~~~~~~~~~~~~~
တံခါးဖွင့်ဖို့ ရှီရှန်း အချိန် သိပ်မယူလိုက်ရ။ ချင်းယွီတို့ သုံးယောက် မိမိတို့ ခေါင်းဆောင်ကို ထိုင်ရှိခိုးမိမတတ်ဖြစ်နေစဉ်မှာပဲ တံခါးကြီး ပိတ်စ ပြုလာတော့သည်။ ပိတ်နေသည့် အရှိန်ကလည်း ပွင့်သွားတုန်းက အရှိန်ထက် နှစ်ဆမျှ ပိုမြန်နေလေသည်။
"မြန်မြန် ဝင်...!" ရှီရှန်း ချင်းယွီနှင့် လင်ဖုန်းတို့ကို အရင်တွန်းထည့်လိုက်ပြီး ဝတုတ်လေးကို ဆွဲခေါ်ကာ နောက်က လိုက်လာခဲ့တော့သည်။
စုန့်ရှစ်တို့ အဖွဲ့ တံခါးမပိတ်ခင် ပြေးဝင်ဖို့ ကြိုးစားခဲ့သော်လည်း အချိန်မမီခဲ့။ တံခါးက ပိတ်သွားခဲ့ပြီ။ ဓာတ်ခွဲ့ခန်း တစ်ဖက်ခြမ်းမှာ ရှိနေသူတို့ဆိုလျှင် ပို၍ပင် လိုက် မမီနိုင်သေး။
"ဒီကုနန် တော်တော် တစ်ကိုယ်ကောင်းဆန်တာပဲ၊ သူ့လူတွေကိုပဲ ခေါ်ပြီး ထွက်ပြေးသွားတယ်၊ ဟန့်...! အပြင်ထွက်နိုင်ရုံနဲ့ အသက်ရှင်နိုင်မယ် ထင်နေလား၊ သူ ဇွန်ဘီဖြစ်သွားမှာ စောင့်ကြည့်နေလိုက်"
"သူ့မှာ တကယ်ပဲ အပြင်ထွက်ဖို့ နည်းလမ်းရှိတာလား"
"ကျစ်... အဲ့အပေါက်ကနေ သွားလို့ ဘယ်ရောက်သွားမယ်မှန်းမှ မသိတာ၊ သိပ်ဝမ်းသာမနေနဲ့ဦး၊ အဲ့ထဲမှာလဲ ဇွန်ဘီတွေ ရှိချင် ရှိနေမှာပေါ့"
ထိုလူများမှာ ကုနန် သူမဘာသာ ပြေးသွားပြီး သူတို့ကို ထားခဲ့သည့်အတွက် ဝေဖန်ပြစ်တင်နေကြလေသည်။ အပြစ်တင်လို့ ဝတော့ သူမကို ဆဲဆို ကျိန်းမောင်းကြပြန်သည်။
"သူ ပန်းချီကားချပ် ထားခဲ့တယ်နော်" တစ်ယောက်က ကြမ်းပြင်ပေါ်ကျနေသော ကားချပ်ကို ကောက်လိုက်ရင်း ပြောလာသည်။
ဤရက်ပိုင်းအတွင်း ကုနန်မှာ ထိုကားချပ်ကိုသာ စူးစူးစိုက်စိုက်ကြည့်နေခဲ့ခြင်းဖြစ်သည်။ ပထမတော့ တချို့များလည်း စပ်စုလိုလာသည်နှင့် သွားကြည့်ခဲ့ကြသေးသည်။ သို့သော် ထိုကားချပ်ထဲမှ graffity ဒီဇိုင်း အရှုပ်အထွေးကြီးကို ပုံဖော်ကြည့်၍ မရနိုင်ခဲ့ကြ။
"ကျွန်မ တစ်ချက်လောက် ကြည့်ပါရစေလား" ချီမင်ရွှယ့်က ချိုသာစွာ တောင်းဆိုလာ၏။ ပန်းချီကား လက်ဝယ်ရထားသူလည်း ရှက်ကိုးရှက်ကန်းဖြစ်သွားပြီး ချီမင်ရွှယ့်လက်ထဲ အသာတကြည် အပ်လိုက်တော့လေသည်။
ချီမင်ရွှယ့်က စုန့်ရှစ်ပါ မြင်သာစေရန် ကိုင်မြှောက်ပြလိုက်ပြီးဆိုသည်။ "အားရှစ်၊ တစ်ခုခု ထူးခြားတာ တွေ့လား"
……
"ဘုရားရေ၊ Boss ဒီနေရာမှာ ဟိုဟာကြီးတွေ အပြင်ကထက်ကို ပိုများနေတာပဲ...!" ဝတုတ်လေး အသံက တုန်နေသည်။ နေရာအနှံ့ရှိနေသော ဖန်ပေါင်းချောင်ကြီးများကို ကြည့်ရင်း သူ့မျက်နှာထားက တုန်လှုပ်မှု အပြည့်ဖြစ်နေ၏။
ဖန်ပေါင်းချောင်များစွာ ပြွတ်သိပ်ကြပ်ညပ်စွာ အစီအရီ ရှိနေသည်။ တချို့ ဖန်ပေါင်းချောင်ထဲတွင် အပြင်ဘက်ခန်းမှာလို ဇွန်ဘီတစ်ပိုင်း လူသားတစ်ပိုင်း ခန္ဓာရုပ်ကြွင်းများ ပါရှိနေပြီး တချို့မှာတော့ ဘာမှ မရှိ၊ အလွတ်အတိုင်Lး ဖြစ်နေသည်။ ဓာတ်ခွဲခန်းနှင့် ပတ်သက်၍ ပိုအသေးစိတ်သော အချက်အလက်များ ဤနေရာတွင် ရှာနိုင်ပြီး တကယ်တမ်း အလုပ်လုပ်သည့် အလုပ်ခွင်နေရာမှာ ဤအခန်းထဲတွင် ဖြစ်လောက်သည်။
၁၉၅၉ ခုနှစ်၊ မိုးကြီးသည်းထန်စွာ ရွာပြီးနောက် ရုပ်ကြွင်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ အနှီရုပ်ကြွင်းမှာ ပုပ်သိုးဆွေးမြည့်သည့် လက္ခဏာမတွေ့ရ။ ထိုရုပ်ကြွင်းကို ဤဓာတ်ခွဲခန်းဆီ ပို့လိုက်ပြီး သုတေသနအဖွဲ့ တစ်ဖွဲ့ အထူးဖွဲ့စည်းကာ စမ်းသပ် စစ်ဆေးကြခဲ့လေသည်။
ထိုရုပ်ကြွင်း၌ အံ့ဖွယ် ဗီဇတစ်မျိုးပါနေသည်။ ထိုဗီဇကြောင့် ၎င်းရုပ်ကြွင်း မပုပ်သိုးဘဲ တည်ရှိနိုင်ခြင်းဖြစ်သည်။ သို့နင့် ဤဗီဇများ၏ သဘာဝကို လေ့လာနိုင်ရန် အလို့ငှာ စမ်းသပ် သုတေသနပြုခြင်းများ စတင်ခဲ့ကြလေ၏။ ရည်ရွယ်ချက်ကတော့ ထိုဗီဇများကို လူသားတို့ အသုံးပြုနိုင်ခြင်းရှိ မရှိ သိရစေရန်။
ဖန်ပေါင်းချောင်တွေထဲက လူတို့မှာ ထိုစမ်းသပ်မှုများ၏ ရလဒ်ဖြစ်လေသည်။
နှစ်ပေါင်းများစွာ ကြာတော့ စမ်းသပ်မှုများ ပြန်လုပ်လာကြသည်။ ပြန်စတင်သည့် အချိန်မှာ ချန်စူး ဒိုင်ယာရီထဲတွင် ရေးမှတ်ထားသည့် ကာလ၊ သူမ စီမံချက်တွင် စတင်ပါဝင်ကာစ ဖြစ်လောက်သည်။ စမ်းသပ်ဓာတ်ခွဲမှုများမှ ရရှိမှတ်တမ်းတင်ထားသော အချက်အလက်များအရ ထိုရုပ်ကြွင်းမှာ ပုပ်သိုးဆွေးမြည့်လာခြင်းမရှိရုံသာမက လူသာမန်အလား မခြားနားပေ။ အသက်မရှူ၊ နှလုံး မခုန်သည်က လွဲ၍ ပုံမှန်အတိုင်း ဖြစ်နေ၏။
သို့နှင့် တစ်စုံတစ်ယောက်က မိုက်ရူးရဲဆန်သော အကြံတစ်ခု အဆိုတင်သွင်းလာခဲ့သည်။ ထိုရုပ်ကြွင်းကို အသက်ပြန်သွင်းမည်ဟု။
"တခြား ဘာမှတော့ မရှိတော့ဘူး၊ လူသေကောင်ကို အသက်ပြန်သွင်းတာကတော့... မယုံချင်စရာကြီးနော်" ချင်းယွီ လက်ထဲမှ ဖိုင်တွဲများကို ဘေးချထားလိုက်တော့သည်။
ဝတုတ်လေးက မေးလာသည်။ "ဒါဆို သူတို့ အသက်သွင်းဖို့ နည်းလမ်းရလိုက်ကြလား"
"မသိဘူးလေ၊ မှတ်တမ်းတင်တာက ဒီနေရာမှာ ရပ်သွားတာ၊ ကျန်တဲ့ အပိုင်းတွေ သူများ ယူသွားတာနေမှာပေါ့၊ Boss ရော...?"ချင်းယွီ ပတ်ပတ်လည် လိုက်ရှာလိုက်ရင်း နောက်ဆုံးတော့ ဖန်းပေါင်းချောင်တချို့အကွယ်တွင် ကုနန်ကို ရှာတွေ့သွားလေသည်။
သူတို့ သုံးယောက်သား တစ်ယောက် မျက်နှာ တစ်ယေယက် ပြန်ကြည့်လိုက်ကြပြီးနောက် သူမ ရှိရာဆီ သွားလိုက်သည်။ ရှီရှန်း၏ ရှေ့မှာတော့ ဖန်သားအတိ ခေါင်းတလားတစ်ခု။ ခေါင်းတလားမှာ တပ်ဆင် ထွင်းထုထားသည့်အရာများကတော့ ထူးဆန်းထူးခြားနေသည်။ ရှေးဟောင်းမျိုးနွယ်စု တစ်ခုခု၏ အမှတ်အသား သင်္ကေတသဖွယ် ဖြစ်နေသည်။
"Boss ဒါကြီးက... အခေါင်းကြီး မဟုတ်လား၊ ဘာလို့ ဒီနေရာမှာ အခေါင်းရှိနေတာလဲ"
ရှီရှန်း ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး သင်္ကေတများကို အသေးစိတ် အနီးကပ်လေ့လာကြည့်လိုက်သည်။ သူမ မျက်ဝန်းထဲ အေးစက်စက် အငွေ့အသက်များ ဖြတ်သန်းသွားကာ သူမ မျက်မှောင်လည်း ပိုတွန့်ကျုတ်သွားမိတော့သည်။ 'ငါတော့ ဒုက္ခအိုးနဲ့ တန်းတိုးမိတာပဲ၊ ချန်လီရဲ့ ဇစ်မြစ်က... တော်တော် အကြီးကြီးဖြစ်ပုံရတယ်'
သူမ မြင်ဖူးသည့် ချန်လီ့ ပခုံးပေါ်မှ တက်တူးသည် ဤခေါင်းတလားပေါ်ရှိ သင်္ကေတများနှင့် ထပ်တူကျနေသည်။ ချန်လီ ဇွန်ဘီမဖြစ်ခင်က ထိုတက်တူးများ ရေးထိုးထားခဲ့သည်ဟု ထိုစဉ်တုန်းက သူမ မှတ်ယူခဲ့ဖြစ်သည်။ တက်တူး ပုံစံက ထူးခြားလွန်းနေ၍သာ သူမ မမေ့နိုင်ခဲ့ခြင်း။ မှတ်မိနေခြင်း။
"System တစ်ခုခု ပြောပါဦးလား၊ ငါ ဒီမှာ ဆန်အိုးအကြီးကြီး တိုးမိသွားပြီ မဟုတ်ဘူးလား" ရှီရန်း System နှင့် အဆက်အသွယ်ရရန် ကြိုးစားကြည့်လိုက်သည်။
'ခွေးသားလေး...! ချန်စူးရဲ့ ဒိုင်ယာရီနဲ့တင် ငါ နိမိတ်မကောင်းမှန်း ခံစားမိနေတာ၊ အခုကြည့်၊ ဒီနေရာ ဒီမှာက ဇွန်ဘီ ကပ်ဆိုက်ရတဲ့ အကြောင်းရင်းပဲ၊ ဒီနေရာက စခဲ့တာပဲ...! ချန်လီရဲ့ စောက်ကျိုးနည်း ဇစ်မြစ်က ဘာဖြစ်နေလို့တုန်းလို့...! အသက်ပြန်ဝင်လာတဲ့ အဲ့ရုပ်ကြွင်းလား...!
ဒီလောကကြီးက သူ့ဘာသာ အော်တို ဖြည့်သွားတဲ့ နောက်ခံဇာတ်ကြောင်းတွေကလဲနော်... မတရားလောင်နေရောပဲ...!
မအော်လော်...! ငါ ဒီလို စောက်ဇယားရှုပ်တဲ့ တာဝန်တွေ မလုပ်ချင်ပါဘူးဆို...! ခုတော့ ငါလေး ဦးနှောက်သုံးနေရတော့မယ်၊ ကိုယ့်ဘာသာ အေးအေးဆေးဆေး အစွမ်းပြနေခွင့်လေး ပေးလို့ မရဘူးလား၊ ငါလေးကို အလှပန်းအိုးလို နေခွင့်ပေးပါဦးလား၊ စောက်ပိန်းရယ် ဘာများ ခက်ခဲသွားမှာမို့လဲ...!'
[……] 'ဒီ System ကတော့ Host ရဲ့ အကြိုက်အပေါ် လိုက်ပြီး မှတ်ချက်ပေးမနေတော့ဘူး...'
"ဒီအပိုဆောင်းတာဝန်ဆိုတာကြီးက နောက် level တစ်ခုကို ရောက်သွားပြီနော်၊ ဟဲ့ System နင် အသံမထွက်တာနဲ့ဘဲ သေချင်ယောင်ဆောင်လို့ရမယ် ထင်နေလား...!" ရှီရှန်း၏ စိတ်ထဲက လေသံမှာ အံကြိတ်ရင်း ပြောသည့် လေသံမျိုး ပြောင်းသွားချေပြီ။
System မပြောလို့ မရတော့။ [အပိုဆောင်းတာဝန်တွေဟာ ဇာတ်ကြောင်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်၊ ဒါကြောင့် တစ်ခါတစ်လေမှာ ကွက်ဝှက်တာဝန်တွေနဲ့လဲ ဆက်စပ်ပတ်သက်နေနိုင်ပါတယ်... ဒါပေါ့၊ ဆုလာဘ်တွေကလဲ တခြား တာဝန်တွေထက် ပိုရမှာနော်၊ အောင်မြင်ရင် အထူး Item လေးတွေပါ ရမယ်]
"ပြီးရော အရင်ဆုံး ငါ့ကို cheat တစ်ခုလောက် ပေး...!"
[...Host ကိုယ်ပိုင် cheat ပါလာပြီးသား မဟုတ်ဘူးလား] 'နင် ယူလာတဲ့ သီးသန့်လေဟာနယ်မြေကို ပြောနေတာ၊ အထဲမှာ ပစ္စည်းတွေ ဘယ်လောက်အများကြီး ထည့်လာမှန်းတောင် မသိဘူး၊ ငါ လုံးဝ နားမလည်နိုင်သေးတဲ့ အရာလေ...!'
"ငါ့ဥစ္စာကို နင်က မျက်စောင်းထိုးနေတာလား...! စကြဝဠာကြီးကိုသာ တက်သိမ်းလိုက်ပါတော့လား၊ အရှက်လေး ဘာလေး ရှိမှပေါ့"
System ကတော့ သူ့ Host ပေါက်ကွဲချင်နေတာကို ခံစားမိသည်။
[ကျွန်တော့်မှာ ခင်ဗျားအတွက် ဘာ cheat မှ ရှိမနေဘူး၊ Host ရဲ့ ကိုယ်ကျင့်တရား ရမှတ်တွေက မတရား နည်းလွန်းအားကြီးတယ်] System ခဏရပ်ပြီးတော့မှ ဆက်ပြောလေသည်။ [အဲ့ဒီ လေဟာနယ်မြေကို အပ်ထားမယ်ဆိုရင်တော့ Cheat တစ်ခု ပေးမယ်လေ]
"ငါ့ကို ငပိန်းမ ထင်နေတာလား...!" ရှီရှန်း System ကို ဆက်လက်ဆဲဆိုနေပြီး နောက်တော့မှ ရပ်သွားလေသည်။ 'ဘာမဟုတ်တဲ့ cheat လေးတစ်ခု ရဖို့ ငါ့လေဟာနယ်ကြီးနဲ့ လဲစေချင်တယ်ပေါ့၊ ဒီ System က ငါ့ထက်ကို စိတ်ကူးတွေ ယဉ်တတ်တာကိုး...! Service centre ပြန်ပို့ပြီး ပြင်ခိုင်းမှပဲ...!'
ဒါပေါ့၊ လေဟာနယ်မြေဖြင့် လဲ၍ မရနိုင်မှန်း System သိသည်။ သို့သော်၊ ထိုသို့ မပြောလိုက်လျှင် ဒီ Host က ဘယ်အချိန်အထိ cheat တောင်းနေဦးမည်ကို မသိနိုင်လေသည်။
'အဲ့ဒီသီးသန့်လေဟာနယ်မြေကို အမြန် စစ်ဆေးကြည့်ရမှပဲ၊ မဟုတ်ရင် ဒီလိုပုံနဲ့ဆို Host တစ်လောကလုံးကို ဗြောင်းဆန်အောင် သောင်းကြမ်းနေလိမ့်မယ်'
……
ရှီရှန်း ဝမ်းခေါင်းထဲအထိ ဒေါသတွေ လောင်မြိုက်နေသလို ခံစားရသည်။ သူမ ပေါက်ကွဲရန် ထွက်ပေါက်ရှာချင်နေမိသည်။ သူမ ဒေါသကို မနည်းချုပ်တည်းထားပြီး ဖန်သားခေါင်းတလားကို လေဟာနယ်မြေထဲ ထည့်သိမ်းထားရန် ကျားဖြူကို ခိုင်းလိုက်လေ၏။ ဒီခေါင်းတလားမှာ အခြား အသုံးဝင်မှုများ ရှိသေးသလား သူမ တပ်အပ်မသိ၊ လိုလိုမယ်မယ် ယူလာခြင်းသာ ဖြစ်သည်။ အသုံးမဝင်ဘူးဆိုသည့်တိုင် ဤအခေါင်းက လှတော့ လှလေသည်။
ချင်းယွီတို့ သုံးယောက်မှာ မေးခွန်းတွေ ထပ်မေးချင်သေးသည်။ သို့သော် ရှီရှန်း စိတ်အခြေအနေ မကောင်းသည်ကို တွေ့တော့ မမေးရဲတော့ပေ။ 'အခုနေ Boss က ကြောက်စရာကြီး...'
အပြင်ဘက်ကို ရောက်နိုင်စေမည့် လှိုဏ်ခေါင်းလမ်းကြောင်းတစ်ခု ရှာတွေ့ခဲ့သည်။ အရေးပေါ် ထွက်ပေါက် ဖြစ်လောက်ပေသည်။ ရှီရှန်း အပြင်ရောက်သွားသည်နှင့် အပြင်ဘက်ရှိ ဇွန်ဘီများ ကံဆိုးမိုးမှောင်ကျတော့သည်။ ရှီရှန်း သူမ၏ ဓားဖြင့် မြင်မြင်ရာ လျှောက်ခုတ်နေသည်ကိုး။
ချင်းယွီတို့အဖွဲ့မှာ ဘာမှ လုပ်စရာပင် မလိုလိုက်။ ". . ."
'Boss ပုံမှန် မဟုတ်ဘူးလို့ ခံစားရတယ်နော်၊ သေမင်းတမန်လို စိတ်မျိုး ပေါက်လာတာလား...! ဒါပေမဲ့...
Boss သတ်ဖြတ်နေရင် အရမ်းမိုက်တာကို ငါတို့ အရင်က ဘာလို့ သတိမထားမိတာလဲ၊ တိုက်ကွက်တိုင်းက အရမ်းလှတယ်၊ ကနေသလိုမျိုး...!
အား အရမ်းမိမိုက်နေရောပဲ...!!!' {Fangirl တွေ Idol ကို တွေ့ရင် အော်သလိုအော်}
'Boss က အရမ်းမိုက်တာပဲ...! ဘယ်လိုလုပ်ကြမလဲ၊ ငါတို့တော့ Boss ကို ချစ်မိသွားပြီထင်တယ်ရော်...!'
ဤသို့ဖြင့် သူတို့ သုံးဦးသား မိမိတို့၏ ခေါင်းဆောင် ဓီခရိုင်မြို့အတွင်းမှ ဇွန်ဘီများကို နှစ်ပိုင်း ပိုင်းနေသည်ကိုသာ စောင့်ကြည့်လိုက်ရလေသည်။ အမှန်တကယ်ကို နှစ်ပိုင်း ပိုင်းခြင်းဖြစ်သည်။ လမ်းပေါ်မှာ ရှိ ရှိသမျှသော ဇွန်ဘီတို့ကို သူမ ခုတ်ပိုင်းသည်။ ဤသို့ အစွမ်းပြမှုမျိုးနှင့် ကြုံမှ ခေါင်းဆောင်၏ တကယ့် အင်အားအမှန်ကို သူတို့ မျက်မြင် သိလိုက်ရတော့လေသည်။ 'သူက လမ်းလျှောက်သွားနိုင်တဲ့ ဇွန်ဘီသတ် လက်နက်ကြီးလိုပဲ...!'
သူမ မြင်မြင်ရာ သတ်ဖြတ်လို့ ပြီးတော့မှ ရှီရှန်း ဒေါသ ပြေသလိုလို ရှိသွားသည်။ သူမ သတ်ခဲ့သည့် ဇွန်ဘီများမှာ ပထမဆင့်နှင့် ဒုတိယဆင့်သာ ရှိသေးသောကြောင့် သတ်ဖြတ်ရလွယ်ကူလေသည်။ တတိယအဆင့်နှင့် စတုတ္ထအဆင့် ဇွန်ဘီများကိုမူ တစ်ကောင်တစ်မြီးမှ မတွေ့ရသေး။
ရှီရှန်း ဓားကို ဝှေ့ရမ်းလိုက်သည်။ 'ချန်လီ ငါ့ဆီကို ပြန်မလာသေးဘူးပဲ...'