ဧကရီ အနက်ရောင် (၂၃)
~~~~~~~~~~~~~~
သို့သော်ငြား သူတို့ ဂိတ်ဆီမရောက်ခင် တားဆီးခံလိုက်ရသည်။ စွမ်းအားရှင်များက သူတို့လမ်းကိုတားဆီးထားစဉ် သေနတ်များကိုင်ထားသော စစ်တပ်က သူတို့နောက်ဆုတ်မှာကို ဖြတ်တားထားသည်။ ရှီရှန်းတို့အုပ်စုမှာ အလယ်တွင် ညပ်နေ၏။ သူတို့ ထိုပေါက်ကွဲပစ္စည်းများကို ကြောက်၍ထင့် တိုက်ခိုက်မှုတော့ မပြု။ နှစ်ဖက်စလုံးမှာ မတိုးသာမဆုတ်သာအခြေအနေဖြစ်နေ၏။
"ဘော့စ်၊ ဒီမှာသာမန်လူတွေအများကြီးရှိတယ်၊ ငါတို့ ဗုံးဆက်ဖောက်ရင် အပြစ်မဲ့တဲ့သူတွေကို ထိခိုက်မိစေတော့မယ်" ချင်းယွီက ပြတင်းပေါက်အပြင်ကို ကြည့်ရင်း မျက်မှောင်ကြုတ်ကာ ပြောသည်။
"ခဏနေရင် အခွင့်အရေးရတာနဲ့ ထွက်ပြေးဖို့ သတိရ၊ နေရာတစ်နေရာရှာပြီး စခန်းတစ်ခုတည်ဆောက်၊ လူအများကြီးရှိဖို့မလိုဘူး၊ ဒါပေမဲ့ နင်တို့ခေါ်သမျှလူတွေက လိုက်လျောညီထွေမှုရှိဖို့လိုတယ်၊ ငါဘာပြောလဲ နင်တို့နားလည်မှာပါ"
"ဘော့စ်..." သူမ၏စကားလုံးများက အနည်းငယ်မဆီမလျော်ဖြစ်နေသည်။
"ဒီမှာ၊ ဒါကိုယူသွား၊ ဒါက လေဟာနယ်သိုလှောင်ကိရိယာပဲ၊ ပိုင်ရှင်အဖြစ်သတ်မှတ်ဖို့ သွေးတစ်စက်ချလိုက်ရင်ရပြီ၊ အထဲက ပစ္စည်းတွေက နင်တို့စခန်းဆောက်ဖို့လုံလောက်တယ်"
သုံးယောက်သား မျက်လုံးပြူးသွားကြသည်။ 'လေဟာနယ်သိုလှောင်ကိရိယာတဲ့လား! ဘော့စ်မှာ ဒါတောင်ရှိတယ်ပေါ့...! အမလေးဘုရားသခင်၊ သူ့ကိုကောင်းကင်ဘုံကနေ ကမ္ဘာကြီးကယ်တင်ဖို့ လွှတ်လိုက်တာတော့ မဟုတ်ပါဘူးနော်၊ ဖြစ်နိုင်လား...!'
"စခန်းဆောက်ပြီးပြီဆိုတာနဲ့ ငါ နင်တို့ကို လွယ်လွယ်ရှာလို့ရအောင် နာမည်ကြီးအောင်လုပ်ဖို့ မမေ့နဲ့" ရှီရှန်းက အလျင်အမြန် အဆုံးသတ်လိုက်သည်။
"မေးစရာရှိသေးလား"
သုံးယောက်သားမှာ ပြန်မတုံ့ပြန်နိုင်သေးပေ။ ခဏကြာမှ သူတို့အသိပြန်ဝင်လာသည်။ "ဘော့စ်၊ ကျွန်တော်တို့နဲ့ မသွားဘူးလား"
'ဘော့စ်မရှိဘဲ ငါတို့ဘယ်လိုလုပ်စခန်းကို ဆောက်ရမှာလဲလို့'
"ငါ နင်တို့ကို မြို့တော်ဆီ ငါနဲ့အတူခေါ်သွားဖို့ အဆင်မပြေဘူး၊ ငါ အဲမှာ လုပ်စရာကိစ္စတွေရှိသေးတယ်၊ ငါ ပြီးတာနဲ့ပြန်လာခဲ့မယ်၊ မြို့တော်ဆီရောက်တဲ့အချိန် စခန်းအြေုာင်း သတင်းတွေကြားရဖို့ မျှော်လင့်တယ်"
ဖက်တီးလေးက မရေရာမသေချာစွာ ခေါင်းမော့လာသည်။ "ဒါဆို... စခန်းကို ဘယ်လိုခေါ်ကြမလဲ ဘော့စ်"
"ဟုတ်တာပေါ့၊ ငါတို့ကြေးစားအဖွဲ့နာမည်ပဲ သုံးရမှာပေါ့"
လင်ဖုန်း၏ နှုတ်ခမ်းများတွန့်ချိုးသွားလေသည်။ "ဘော့စ်၊ မင်းပိုပြီး သာမန်ဆန်တဲ့ နာမည်ကိုရွေးလို့မရဘူးလား"
'အဲနာမည်ကြီးနဲ့ ငါ စခန်းကို မကြော်ညာရဲပါဘူးနော်...!'
နောက်ဆုံးတွင်တော့ သေချာပေါက် ရှီရှန်းပင် အနိုင်ရခဲ့လေသည်။
ရှီရှန်းက ကျားဖြူကို ကျောပိုးအိတ်ထဲထည့်ကာ ကုန်တင်ကားပေါ်မှဆင်းလာခဲ့သည်။ သူမက လည်ပင်းကို အကြောလျှော့ပြီးနောက် စွမ်းအားရှင်များဆီ လက်ထဲကဓားနှင့်အတူ တစ်ဟုန်ထိုးပြေးသွားလေတော့သည်။
သူတို့က သူမ ဘာမပြောညာမပြော တစ်ဟုန်ထိုးဝင်လာမည်မထင်ထား၍ ရှီရှန်းဘက်က အသာစီးရခဲ့လေသည်။
သူတို့နောက်ဆုံးအသိပြန်ဝင်ချိန် သူမဆီ စွမ်းအားများကို မဖြစ်မနေပစ်ရတော့သည်။ သူမဓားက သာမန်သတ္တုဓားပုံစံပေါက်သော်ငြား သူတို့၏ အစွမ်းများနှင့်ထိတွေ့လျှင် စွမ်းအားများမှာ လမ်းလွဲကုန်လေသည်။ သူတို့တွေ ထိုဓားကိုပိုင်ဆိုင်လိုသောရမ္မက်ဖြင့် တောက်လောင်ကုန်ကြသည်။ သူတို့၏အကြည့်များက မီးတဝင်းဝင်းတောက်လာလေ၏။
"ကုနန်...!"
"အပစ်အခတ်ရပ်စဲ...!"
မျက်နှာရင်းနှီးသော စစ်ဘက်မှလူတစ်ချို့ ရှေ့ရောက်လာလေသည်။ ရှီရှန်းမှာ ရပ်သွားပြီး ဓားကိုသိမ်းကာ သူတို့ကိုကြည့်နေသည်။ ခေါင်းဆောင်က ချန်းရှင်းဖြစ်သည်။ သူ့ဘေးတွင်တော့ ပါပါးကုနှင့် မာမားကုဖြစ်သည်။ သူတို့ကြည့်ရတာ အတင်းအဓမ္မခေါ်လာခံရပုံပင်။ မျက်နှာများက အထိတ်တလန့်သွေးပျက်နေကြသည်။
"ကျစ်၊ အဲတော့ ကပ္ပတိန်ချန်းက မသေဘူးပေါ့..." ရှီရှန်းနှုတ်ခမ်းများက လှောင်ရယ်လိုသည့်အပြုံးဖြစ်သွားလေသည်။ "ရှင့်ရဲ့အဲကြောင်သူတော် မျက်နှာဖုံးက အလဟဿတော့မဖြစ်ခဲ့ဘူးပဲ..."
သူမ အခု ချန်းရှင်းကိုကြည့်နေတာတောင် သူ့အမူအရာက လူကောင်းတစ်ယောက်ပုံစံပေါက်နေသေးသည်။ သူ သေသွားခဲ့ရင်တောင် ရှီရှန်းက သူ ဘာမှမသိခဲ့ဟု ယုံကြည်မိလောက်သည်။ သို့သော်ငြား သူ အသက်ရှင်ခဲ့သည်။ လူတိုင်း ဒီမဆင်မခြင်လုပ်သည့် ဗုံးကျဲခြင်းကြောင့် ထိုအဆောက်အအုံထဲ သေဆုံးသွားခဲ့ချိန်၌ သူကတော့ ရှင်ကျန်နေဖြစ်သည်။
ချန်းရှင်း၏အမူအရာက ပြောင်းလဲသွားသော်ငြား သူက အလျင်အမြန်ပင်စိတ်ပြန်တည်ငြိမ်အောင်လုပ်လိုက်သည်။ "ကုနန်၊ မတိုက်ခိုက်ဘဲ အရှုံးပေးလိုက်တာ အကောင်းဆုံးပဲ၊ မဟုတ်ရင်တော့ မင်းမိဘတွေ—"
ရှီရှန်းမှာ ဓားကိုသူမရှေ့မြေကြီးတွင်စိုက်ကာ လက်တစ်ဖက်က ဓားရိုးကိုကိုင်ထားသည်။ "မိဘတဲ့လား၊ ငါသူတို့ကို ရှာမတွေ့သေးဘူး၊ ဒီအရေးမပါတဲ့သူတွေကို ဘယ်ကမ္ဘာကနေ ရှာလာခဲ့တာလဲ"
ချန်းရှင်းက မျက်မှောင်မသိမသာကြုတ်လိုက်သည်။ သူပြန်ရောက်သည်နှင့် သူမ အကြောင်းစုံစမ်းခဲ့ပြီးပြီဖြစ်ကာ ဒီနှစ်ယောက်က သူမ၏ မိဘများဆိုတာသေချာသည်။
"ကုနန် မင်းမိဘတွေကိုတောင် မင်း အသိအမှတ် မပြုတော့ဘူးလား...!" ချန်းရှန်းကအော်လိုက်သည်။
"ရှင် လူစကားနားမလည်ဘူးလား" ရှီရှန်းက မျက်လုံးလှန်ပြလိုက်တော့သည်။ "ငါက သူတို့ မွေးစားသမီးဖြစ်ရုံပဲ၊ သူတို့က ငါ့မိဘတွေ ဘယ်လိုလုပ်ဖြစ်မလဲ"
'မွေးစားသမီးတဲ့လား'
ချန်းရှင်းက ဒီအဖြေကို မမျှော်လင့်ထားတာသိသာသည်။ ကုနန်သည် သူ့အား စိတ်ရှုပ်ထွေးအောင်လုပ်ဖို့ကြိုးစားသည်ဟုပဲ တွေးလိုက်လေသည်။
"ရှောင်နန်၊ ငါတို့က နင့်မွေးစားမိဘတွေဆိုပေမဲ့ ဒီနှစ်တွေမှာ နင့်ကို မနှိပ်စက်ခဲ့ပါဘူး၊ ထပ်ပြီးတော့ မကောင်းတဲ့ လုပ်ရပ်တွေ မကျူးလွန်နဲ့တော့" ပါပါးကုမှာ ကြောက်ရွံ့မှုကြောင့်အားမရှိတော့သော မာမားကုကိုဖက်ထားလေသည်။ သူ့အမူအရာက အာဂတများဖြင့်ပြည့်နေပြီး ကုနန်မှာ ကျေးဇူးမသိတတ်ဟုဆိုလိုနေဟန်ပင်။
"မကောင်းတဲ့လုပ်ရက်တွေကို ကျူးလွန်တယ်တဲ့လား၊ ကျွန်မ ဘာလုပ်ခဲ့လို့လဲ၊ သူတို့က ကျွန်မကိုနှုတ်ပိတ်ချင်နေတယ်ဆိုတာရော သိရဲ့လား၊ အခု သူတို့ဘာလို့ အဲလိုလုပ်ချင်တာလဲ သိချင်နေမှာပေါ့၊ အဲဒါက ဘာလို့လဲဆိုတော့—"
"မွေးစားမိဘတွေကလဲ မိဘတွေပဲ၊ သူတို့တွေက မင်းကိုနှစ်ပေါင်းများစွာ ကျွေးမွေးလာတာ၊ မင်း လုံးဝကျေးဇူးမသိတတ်ဘူးလား" ချန်းရှင်းက သူမကိုကြားဖြတ်ပြောလိုက်သည်။ သူမကို ဒီနေရာတွင် ထိုအရာနှင့်ပတ်သတ်ပြီးစကားပြောခွင့်မပေးနိုင်ပေ။
"သာမန်ရောင်းအဝယ်တစ်ခုပါပဲ၊ ဘာတွေများကျေးဇူးတင်စရာရှိလို့လဲ၊ ပြီးတော့ ကမ္ဘာပျက်ကိန်းစတုန်းက သူတို့ငါ့ကို စွန့်ပစ်ပြီး သူတို့ဟာ သူတို့ထွက်ပြေးသွားတာလေ၊ တံခါးတောင် ပိတ်မပေးသွားဘူး...! ငါသာ ကံမကောင်းရင် သေပြီးတာကြာလှပြီ၊ ရှင်သာဆိုရင်ရော ကျေးဇူးတင်နေဦးမှာလား"
ရှီရှန်းက ဘယ်လိုပဲဖြစ်ဖြစ် ကုနန်မဟုတ်ပေ။ သူမတွင် ဒီ'မိဘများ'အပေါ်ထူးထူးခြားခြားခံစားချက်မရှိ။
ချန်းရှင်းမှာ ဒါကို မသိခဲ့ပေ။ သူဘာပြောရမှန်းမသိဖြစ်နေသည်။
"ရှင် သူတို့ကို အသုံးချပြီး တို့ကိုခြိမ်းခြောက်ဖို့ပြင်နေတာဆိုရင် အဲဒါက အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ပဲ ပြောပါရစေ၊ သူတို့ရဲ့ သေခြင်းရှင်ခြင်းက ကျွန်မနဲ့ဘာမှမဆိုင်နေဘူး"
ရှီရှန်းမှာ ခရမ်းရောင်အလုံးလေးတစ်ချို့ကိုထုတ်လိုက်သည်။ ၎င်းတို့ကိုမြင်တော့ လူတိုင်း၏အမူအရာမှာ ပြောင်းလဲသွား၏။ ထိုအံ့သြမင်သက်စရာ အသွင်များနှင့်ပေါက်ကွဲသွားသော ကြောက်လန့်စရာ အရာများဖြစ်သည်။
"ငါ ထပ်ပြီး ဂိမ်းကစားရတာ သဘောမကျတော့ဘူး၊ လမ်းဖယ်ပေးမလား... ငါ့ဟာငါဖောက်ခွဲထွက်ရမလား" ရှီရှန်းက လက်ထဲတွင် အလုံးလေးကို ပစ်မြှောက်ကစားနေလိုက်သည်။ "လူတွေအများကြီးဒီမှာနော်၊ ကျစ် ကျစ်... ဒီလူတွေအများကြီးသေကုန်ရင် ရှင်တို့ တံတွေးပက်လက်မျောမလား သိချင်မိသား"
"ကုနန်၊ ဒီကိစ္စကငါတို့ကြားက ကိစ္စပဲ၊ သာမန်လူတွေကို ဆွဲထည့်ဖို့ မလိုဘူး" ချန်းရှင်းက အလျင်အမြန် ပြောလေသည်။
ဓီခရိုင်မြို့သို့ မစ်ရှင်မှာ ပစ္စည်းအချို့ယူရန်ဖြစ်သလို ကြေးစားအဖွဲ့များကို အင်အားလျော့နည်းသွားစေရန်ဖြစ်သည်။ သာမန်လူတွေက စစ်တပ်နှင့်အစိုးရအပေါ်အယုံအကြည်ကင်းမဲ့စပြုနေပြီ။ သူတို့သာကြေးစားအဖွဲ့များအား ဆက်လက်ကြီးထွားခွင့်ပြုလိုက်ရင် ပြဿနာတွေမတက်ခင် အတိုင်းအတာတစ်ခုသာကြာမည်ဖြစ်သည်။
"သြော် ဒီလိုဆိုမှတော့ သူတို့ကို ဘာလို့ခေါ်လာခဲ့တာလဲ၊ ရှင်တို့လူတွေ ငါ့ကို ဘယ်လိုဖမ်းလဲ မြင်စေချင်လို့လား၊ ကျေးဇူးပြုပြီး စကားမပြောခင်လေး ကိုယ်ဘာလုပ်ခဲ့လဲ ကိုယ် တွေးပေးလို့ရမလား"
'ငါလေးကို ဦးနှောက်မရှိတဲ့ မျိုးချစ်လေးလို့ထင်နေတာလား"
ချန်းရှင်းမှာ ပြောစရာစကားပျောက်ဆုံးနေတော့သည်။
"လမ်းရှင်း... မဟုတ်ရင် ငါ့ကိုရိုင်းလို့ဆိုပြီး အပြစ်မတင်နဲ့" ရှီရှန်းက ဘောလုံးလေးကို ပစ်တော့မည့်ဟန်လုပ်နေသည်။
"ကုနန်၊ တစ်ဇွတ်ထိုးမလုပ်နဲ့...! လမ်းရှင်းပေးလိုက်ကြ မြန်မြန်...!"
"ရှောင်နန်..." ပါပါးကုက ကုနန်ကို မယုံကြည်နိုင်စွာ ကြည့်နေ၏။
"ကျွန်မအမေက ရှင်တို့စောင့်ရှောက်မှုအောက် ကျွန်မကိုလွှဲပေးခဲ့ပြီး ပိုက်ဆံတွေတောင် ပေးခဲ့သေးတယ်၊ ဒါပေမဲ့ ရှင်တို့ ကျွန်မကို ဒီနှစ်တွေထဲ ဘယ်လိုဆက်ဆံခဲ့သလဲ၊ လူတွေ ရှင်တို့ကိုပိုက်ဆံပေးရင် သူတို့ကူညီခိုင်းတဲ့အရာတော့ကူညီပေးရမယ်ဆိုတဲ့ စည်းမျဉ်းရှိတယ်နော်၊ ကျွန်မ အမေရဲ့ အစွမ်းနဲ့ဆို ရှင်တို့ကိုပေးခဲ့တဲ့ ပမာဏကမနည်းလောက်ဘူးဆိုတာ ကျွန်မယုံတယ်၊ ကျွန်မအပေါ်ခံစားချက်တွေမထားတာ အဆင်ပြေပြီးသား... ဒါပေမဲ့ အဲလိုမျိုးတော့ နှိပ်စက်စရာမလိုပါဘူး"
ရှီရှန်းကရပ်သွားပြီး စကားကို ဖြည်းဖြည်းချင်းပြောလိုက်သည်။ "ကုနန်က သေသွားတာကြာခဲ့ပြီ၊ ဒီကမ္ဘာပျက်ကိန်းအစတည်းက သေဆုံးသွားခဲ့တာ"
'ကုနန်က သေသွားတာကြာခဲ့ပြီ၊ ဒီကမ္ဘာပျက်ကိန်းအစတည်းက သေဆုံးသွားခဲ့တာ' ထိုစကားလုံးများက ပါပါးကု၏စိတ်ထဲတွင် ကျိန်စာတစ်ခုပမာ ပဲ့တင်ထပ်နေသည်။
ရှီရှန်းက ပါပါးကုကို ဆက်မကြည့်တော့ဘဲ ကုန်တင်ကားဆီပြန်လာခဲ့သည်။ ဟိုသုံးယောက်မှာ ထွက်သွားပြီဖြစ်သည်။ သူမပြောထားသလိုမျိုး အခြေအနေတွေပရမ်းပတာဖြစ်နေတုန်း အခွင့်ကောင်းယူသွားတာပဲဖြစ်မည်။
ရှီရှန်းမှာဘေးကင်းစွာ ဂိတ်များဆီရောက်သွားသော်ငြား ဂိတ်ဖွင့်ဖွင့်ချင်းမှာပင် ထိတ်လန့်တုန်လှုပ်စရာအော်သံများကို မြို့နံရံများပေါ်ကနေကြားနိုင်သည်။ နောက်တွင် လိုက်လာသည့်အသံက လုံးဝဥဿုံကြားနိုင်သော ဖျက်ဆီးသည့်အသံများပင်။ ရှီရှန်း၏နေရာကနေ သူမ လုံခြုံရေးစခန်း၏အပြင်ဘက်ကို မြင်နိုင်ကာစဖြစ်လေသည်။
__________________
Mo Ling’s note:
အက်ပုဒိတ်လိုချင်ပါသလား။
ဗုတ်လေ...! (<_<)