ဇာမဏီ၏ ခွန်းသံသာ (၁၅)
~~~~~~~~~~~~~~~~~~~
နောက်တစ်နေ့၌ ချူနင်းက မြူဂိုဏ်းဝင်တစ်ချို့ကို ဦးဆောင်ကာ ယဲ့ချင်းချိုး အခန်းဝသို့ ခေါ်ဆောင်လာခဲ့သည်။ သူမက ယဲ့ချင်းချိုးကို လက်ပူးလက်ကြပ်ဖမ်းရန် ရည်ရွယ်ခဲ့သော်လည်း တံခါးဖွင့်လာသူက သူမအစ်ကိုဖြစ်နေမည်ဟု မထင်ထားခဲ့ပေ။
"အစ်ကို... နင်..." ချူနင်း အထဲကို လက်ငြိုးထိုးလိုက် ချူရယ့်ကို ပြန်ထိုးလိုက်ဖြစ်နေသည်။ "နင် ဒီမှာ ဘာလုပ်နေတာလဲ..."
'ငါ့အစ်ကိုက ဒီကို ဘာလို့ရောက်နေတာလဲ... ငါ စီစဉ်ထားတဲ့ လူကရော ဘာဖြစ်သွားတာလဲ... ဒါဆို အစ်ကိုက. . .' ချူနင်း စိတ်ထဲမှာ ဂယောက်ဂယက်ဖြစ်လာကာ ချူရယ့်လက်ကို ဆုတ်ကိုင်ထားလိုက်တော့သည်။ "အစ်ကို... အစ်ကို ဒီမနက်မှ ဒီကိုရောက်လာတာပါနော်"
ချူရယ့် နားရွက်များ နီရဲသွားလေတော့သည်။ မနေ့ညကအကြောင်းကို ပြန်တွေးမိသည်နှင့် သူ့အတွေးများက ဂဏာမငြိမ်တော့ပေ။ မနေ့ညက ခံစားရသည်တို့က မေ့မရနိုင်စရာ။ ပြီးတော့ သူ ချစ်နှစ်သက်သည့် မိန်းကလေးနှင့်အတူ ရှိနေခဲ့ခြင်း။
ချူနင်းနောက်က လိုက်လာခဲ့သည့် ဂိုဏ်းသားများလည်း ဖြစ်ကြောင်းရယ်စုံကို နားလည်သွားကြတော့သည်။ 'ချူရယ့်က ယဲ့ချင်းချိုးကို အချိန်တော်တော်ကြာအောင် ကြိုက်ခဲ့တယ်ဆိုတာ လူမသိ သူမသိတော့ မဟုတ်ဘူး... ဒါပေမဲ့ ယဲ့ချင်းချိုးကတော့ သူ့ကို ထူးထူးခြားခြား ဦးစားပေးဆက်ဆံခဲ့တာမျိုး မရှိခဲ့ဖူးပါဘူး... ခု ဘယ်လိုလုပ်ပြီး နှစ်ယောက် အတူတူအိပ်တဲ့အထိ ဖြစ်သွားရတာလဲ...'
"နင်းအာ မနက်အစောကြီး ဘာကိစ္စရှိလို့လဲ..." ချူရယ့် သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင် ပြန်ထိန်းလိုက်သည်။ သူ့အမူအရာကို တွေ့တော့ မနေ့ညက ယဲ့ချင်းချိုးနှင့် အတူရှိသူမှာ သူ ဖြစ်ကြောင်း ချူနင်း သေချာသွားတော့သည်၊ သူမ ဒေါသကြောင့် မျင်ဝန်းများပင် နီမြန်းလာသည်။ သူမ နှုတ်ခမ်းကို ပြတ်လုမတတ်ကိုက်ထားမိသည်။ ရုတ်တရက် သတ္တိတို့ ရှိလာပြီး သူမ ချူရယ့်ကို တွန်းဖယ်ကာ အခန်းတွင်း ဝင်သွားတော့သည်။
"ယဲ့ချင်းချိုး အရှက်မရှိတဲ့ ဖာသည်မ...! ငါ့အစ်ကိုကို မြူဆွယ်ရဲတယ်...!" ချူနင်း အတင်းကာရော ပြေးဝင်သွားပြီး ငိုရှိုက်ရင်း အော်ဟစ်နေလေတော့သည်။ "နင့်ကိုယ်နင် ဂိုဏ်းချုပ်ဆိုပြီး သိပ်ဟုတ်နေတယ် ထင်နေတယ်ပေါ့...! ဘာတွေ ဂုဏ်ယူနေတာလဲ၊ စောက်ရှက်မရှိတာ...! ဒီနေရာမှာ ထိုင်နိုင်ဖို့ ဘာနည်းလမ်းတွေ သုံးထားလဲ ဘယ်သူ သိမှာလဲ...!"
ယဲ့ချင်းချိုး အင်္ကျီဝတ်ပြီးသွားပြီ။ ချူနင်းဝင်လာတော့ သူမ၏ ညိုမှောင်နေပြီးသား မျက်နှာက ပို၍ မှုန်ကုပ်သွားတော့သည်။ "ထွက်သွား...!"
"ယဲ့ချင်းချိုး အရှက်မရှိတဲ့ဟာမ၊ ငါ နင့်ကို သတ်မယ်...!" ချူနင်းမှာ ဒေါသထွက်စိတ်ရိုင်းဖောက်နေသော ခြင်္သေ့မတစ်ကောင်အလား၊ သူမ ယဲ့ချင်းချိုးကို မြင်းငါးကောင်နှင့် ဆွဲဖြဲစေလိုနေသည့်ဟန် ရှိသည်။ ချူနင်း ဓားကို ဆွဲထုတ်ကာ ဝင်တိုက်တော့သည်။
[မှတ်ချက်။ ။ မြင်းငါးကောင်နဲ့ ဆွဲဖြဲတာဟာ ရှေးခေတ်က အလွန်နာမည်ကြီးတဲ့ ညင်းပန်းသေဒဏ်ပေးနည်းပါ]
ယဲ့ချင်းချိုး မျက်ဝန်းတွင်မှ သတ်ဖြတ်လိုစိတ်တို့ လျှံထွက်လာသည်။ သူမ လက်တစ်ချက်ဝှေ့ယမ်းလိုက်သည်နှင့် ချူနင်း မမြင်နိုင်သော တွန်းအားတစ်ခုကြောင့် လွင့်သွားပြီး သူမ နံရံနှင့် ရိုက်မိသွားလေသည်။
"ထွက်သွား" ယဲ့ချင်းချိုးက သူမ၏ အေးစက်စက်အကြည့်ဖြင့် တခြားဂိုဏ်းသားများကို ကြည့်လိုက်သည်။ သူတို့အားလုံး ထိတ်လန့်ကာ အပြင်ထွက်သွားကြကုန်တော့သည်။ သူတို့ ထွက်သွားရင်း တံခါးပင် ပိတ်ပေးသွားခဲ့သည်။
"မိစ္ဆာမ. . ." အရင်ဆုံးထွက်သွားသော ဂိုဏ်းသားတစ်ယောက် လှေကားပေါ်မှ ပုဂ္ဂိုလ်ကို တွေ့ပြီး အော်လိုက်မိလေသည်။
"နင်တို့တွေ မနက်အစောကြီး ဘာထလုပ်ကြတာလဲ" ရှီရှန်းက စပ်စုလိုဟန်နှင့် အထဲကို ချောင်းကြည့်ရန် ကြိုးစားလေသည်။
"အဲ့ဒါ နင်နဲ့ ဘာဆိုင်လဲ...!" ဂိုဏ်းသားတစ်ဦး ဒေါသတကြီး မေးလေတော့သည်။
"သိချင်ရုံလေးပါ" ရှီရှန်းက ဘယ်လိုမှ မနေသလို ပြုံးပြလိုက်သည်။ သို့သော် ထိုအပြုံးက ကောက်ကျစ်စဉ်းလဲမှုများ အပြည့်ဖြစ်သည်။ "နင်တို့ ဂိုဏ်းချုပ်ကြီး အလိုးခံလိုက်ရတာလား"
"မင်း..." 'အတင်းအကျပ်လုပ်ခံရရင်တောင် တစ်ဖက်လူကပဲ အလုပ်ခံရမှာပေါ့... ငါတို့ ဂိုဏ်းချုပ်က ဘယ်လိုလုပ် ခံရမှာလဲ၊ ခွေးတစ်ကောင်က ဆင်စွယ်ထွက်စရာအကြောင်းမရှိဘူးဆိုတာ သိပ်မှန်တာပဲ...!'
[မှတ်ချက်။ ။ ရိုင်းပြသူထံမှ ချိုသာချီးမွှန်းစကား မကြားရ...]
"နင် တစ်ခုခုလုပ်ကြံလိုက်တာလား...!" 'ဂိုဏ်းချုပ်က ချူရယ့်ကို မကြိုက်ဘူး၊ သူ ဒီကောင်နဲ့ အတူနေစရာ အကြောင်းမရှိဘူး... ဒီမိစ္ဆာမ တစ်ခုခုအကောက်ကြံလိုက်ပြီး ချူရယ့်ကို ဂိုဏ်းချုပ် အိပ်ရာထဲ ပို့လိုက်တာ ဖြစ်မယ်...!'
"ဟိတ်... သက်သေလည်း မရှိဘဲနဲ့ သူများတကာကို ဘာလို့ စွပ်စွဲအပုပ်ချနေတာလဲဟ"
ဤစကားများက မြူဂိုဏ်းသားများကို စိတ်ပိန်သွားစေလေသည်။ 'သက်သေရှိမှတော့... စွပ်စွဲအပုပ်ချတယ်လို့ ခေါ်ပါဦးမလား...'
"နောက်ကွယ်က ဘယ်သူ ကြံလိုက်တာလဲ ပြောပြရမလား" ရှီရှန်းက စဉ်းလဲကောက်ကျစ်စွာ ထပ်ပြုံးလိုက်သည်။ "အခမဲ့နော်... ငါ ဘာမှ ပြန်မတောင်းဘူး"
မြူဂိုဏ်းတပည့်များ ဒေါသကြောင့် အသားများပင် တဆတ်ဆတ်တုန်လာသည်။ သူတို့ အော်ဟစ်ကြွေးကြော်လိုက်ကြသည်။ "မိစ္ဆာမ... အဓိပ္ပါယ်မရှိတာတွေ မပြောစမ်းနဲ့၊ မင်းကို ငါတို့က ယုံမယ်များ ထင်နေလား...!"
"မယုံဘူးလား... အာ့ဆိုလည်း ပြီးတာပဲ~" ရှီရှန်း နှုတ်ခမ်းဆူကာ လှည့်ထွက်သွားပြီး သစ်ပင်တစ်ပင်အောက်၌ ရပ်စောင့်နေသော ဖုန်းစီထံ လျှောက်လာလိုက်တော့သည်။
'အယ်...? မိစ္ဆာမ ထွက်သွားတယ်လား... ဒီလိုပဲ ထွက်သွားတာလား... မင်း ငါတို့နဲ့တောင် ခိုက်ရန်မဖြစ်တော့ဘူး...! အာဖွီး...! ငါတို့ ဘာလို့ မင်းကို ပြန်လာစေချင်ရမှာလဲ... ငါတို့ကို သတ်ဖို့လား...!"
ရှီရှန်း ထွက်မသွားပေ။ သူမ ဖုန်းစီနှင့်အတူ သစ်ပင်အောက်၌ ရပ်ကာ သူတို့ကို ကြည့်နေသည်။ ထိုဂိုဏ်းသားများ စိတ်ထဲက မရိုးမရွဖြစ်လာတော့လေသည်။ သူတို့ မေးလိုက်ချင်မိသည်။ 'ပုံမှန်ဆို ဗီလိန်တွေက သိပ်အလုပ်များကြတာ မှတ်လား... နင်တို့တွေ ဘာလို့ အားအားယားယား ဒီမှာ လာရပ်ကြည့်နေကြတာလဲ...' ဟူ၍။
......
အခန်းတွင်းမှာတော့ ယဲ့ချင်းချိုးက ကုတင်ပေါ်ထိုင်နေကာ ချူနင်းကို မျက်စောင်းထိုးကာ ထိုးကာနှင့် ကြည့်နေလေသည်။ ချူနင်းကတော့ ဒူးထောက်နေရသည်။ ချူရယ့်မှာတော့ ညီမနှင့် ချစ်သူအကြား ဗျာများနေရရှာသည်။
"ယဲ့ချင်းချိုး... နင် ဒီလိုလုပ်တာ အသေဆိုးနဲ့ သေရမယ်...! သတ္တိရှိရင် ငါ့ကို သတ်ပစ်လိုက်လေ...!" ချူနင်းအသံမှာ အော်ရပါများသဖြင့် ကြမ်းရှနေသည်။ "ငါ တစေဆသရဲဖြစ်သွားရင်တောင် နင့်ကို အလွတ်မပေးဘူး...! ဖာသည်မ...! ငါ့အစ်ကိုကို မြူဆွယ်ရဲတယ်..."
"နင်းအာ... အစ်ကိုကသာ ဂိုဏ်းချုပ်ကို နှစ်သက်နေမိလို့ မြူဆွယ်ခဲ့တာပါ..." ချူရယ့် မျက်နှာထားက အေးစက်လာတော့လေသည်။
"အစ်ကို..." ချူနင်း အံ့ဩတကြီး ခေါင်းမော့လာကာ ချူရယ့်ကို ငေးကြည့်နေမိတော့သည်။ "ငါက နင့်ညီမလေ... ဒါကို နင်က ငါ့ကို ဆန့်ကျင်ပြီး အပြင်လူကို ကူညီနေတယ်ပေါ့လေ...!"
"ငါ. . ." 'ယဲ့ချင်းချိုးက ငါ့ချစ်နေတဲ့ မိန်းကလေးပဲ၊ သူက ဘာလို့ အပြင်လူဖြစ်ရမှာလဲ...'
"တော်လောက်ပြီ...!" ယဲ့ချင်းချိုး ထလာကာ ချူနင်းကို စိုက်ကြည့်နေလိုက်သည်။ "နင် ဘာလုပ်ခဲ့သလဲ နင်ကိုယ်တိုင် အသိဆုံးပဲ၊ ဒီနေ့ဖြစ်တာတွေအားလုံး နင့်မှာ တာဝန်ရှိတယ်၊ ချူနင်း ငါ နင့်ကို အခွင့်အရေးတစ်ခုပေးမယ်၊ မြူဂိုဏ်းကနေထွက်သွား... ငါ့ရှေ့မှာ ဘယ်တော့မှ ပေါ်မလာနဲ့ ...!"
'မနေ့က သူ ပြင်ဆင်တဲ့ လက်ဖက်ရည်ကိုပဲ ငါ သောက်မိတာ... မနက်အစောကြီး သူငါ့ကိုလာရှာတာကလည်း တိုက်ဆိုင်နေတယ်... ဟင့်... ဘာအညှီအဟောက်မှ မရှိပါဘူးပြောလဲ ငါ မယုံဘူး...!'
"ဟင့်အင်း... ငါ မသွားဘူး...! ငါ့အစ်ကို ရှိတဲ့နေရာမှ ငါ ရှိနေမှာ...!" ယဲ့ချင်းချိုး သူမကို နှင်ထုတ်နေသည်ကို ကြားတော့ ချူနင်း ထိတ်လန့်လာသည်။
"ဒါ နင် ရွေးခြယ်ပြောပိုင်ခွင့်မရှိဘူး... နင် မသွားချင်ရင်... သေရမယ်" ယဲ့ချင်းချိုး မျက်ဝန်းထဲ ရက်စက်ခက်ထန်မှုများ ကိန်းအောင်းလာသည်။ သူမ ချူနင်းကို ခွင့်မလွှတ်ပေးနိုင်၊ သို့သော် ဤနေရာ၌ သူမကို သတ်ပစ်လိုက်၍လည်း မဖြစ်ပေ။
သူတို့ ဘာပြောနေမှန်း ချူရယ့်နားမလည်။ သို့သော် သူ့ညီမ ပြုမူပုံများအရ သူ သဘောပေါက်လိုက်သည်။
ချူနင်း သူ့အပေါ် အပိုင်စိုးလိုမှုကို သူ သတိမထားမိတာတော့ မဟုတ်။ သို့သော် သူမ ဤသို့ တွန့်တိုနေသည်က သူ ဒုက္ခငြိမ်းသည်ဟုဆိုကာ လွှတ်ပေးထားခဲ့ခြင်းသာဖြစ်သည်။ သူများတွေကို သူမ ဘာလုပ်လုပ် သူ ဂရုမစိုက်သော်လည်း ယဲ့ချင်းချိုးကတော့ မတူပေ။ သူမက သူ နှစ်သက်သောသူ ဖြစ်သည်။
"ဒီဂိုဏ်းသားက နင်းအာကို အဝေးတစ်နေရာပို့လိုက်ပါ့မယ်" ချူရယ့်က ယဲ့ချင်းချိုးကို ဂါဝရပြုလိုက်သည်။ သူ့အကြည့် သူမကို အငမ်းမရ သိမ်းကျုံးသွင်းနေသယောင်။ ထို့နောက် ချူနင်းကို အပြင်ဘက် ဆွဲခေါ်ထုတ်သွားတော့သည်။
"အစ်ကို... နင် ဘာလုပ်နေတာလဲ၊ ငါ မသွားဘူး... ငါ့ကို လွှတ်ပေး...! အစ်ကို နင် မိန်းမတစ်ယောက်အတွက်နဲ့ ငါ့ကို ပစ်ပယ်တော့မှာလား... ငါတို့ မောင်နှမနှစ်ယောက်တည်း အခက်အခဲတွေကို ကျော်ဖြတ်ခဲ့ရတဲ့အချိန်တွေကို နင် မေ့သွားတာလား... အစ်ကို ငါ့ကို လွှတ်ပေး... ငါ တောင်းပန်ပါတယ်၊ ညီမကို နှင်မလွှတ်ပါနဲ့ အစ်ကို"
ချူနင်းအသံက တဖြည်းဖြည်း ဝေးကွာသွား၍ တိုးဝင်သွားတော့သည်။
အဆုံးသတ်မှာတော့ သူမ အနှင်ထုတ်ခံရသေးသည်။ ယဲ့ချင်းချိုးက သူမ နှင်ထုတ်ခံရသည့်အကြောင်းရင်းကို ပြီးပြီးရော ဆင်ခြေပေး၍ ကိစ္စကို ဖြေရှင်းလိုက်လေသည်။
......
"ရှင်ပဲ...!" သူမအနား ချဉ်းကပ်လာသူကို တွေ့တော့ ယဲ့ချင်းချိုး အံ့ဩဝမ်းသာသွားမိသည်။
"ဟက်..." လုံကျွယ့်က လှောင်ရယ်သောအသံမျိုး ပြုလိုက်သည်။ "ယဲ့ဂိုဏ်းချုပ်က ကျုပ်ကို တကယ် အမြင်ကျယ်သွားစေတာပဲ"
ယဲ့ချင်းချိုး မျက်မှောင်ကျုတ်လိုက်မိသည်။ စိတ်ထဲတွင်တော့ ယောက်ယက်ခတ်နေမိသည်။ "ရှင် ဘာလို့ ဒီလိုပြောတာလဲ ဟင်..."
လုံကျွယ့်က ဟန်ဆောင်ပြုံးရယ်လိုက်ကာ သူမအနားမှ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားတော့သည်။ ထောင့်ချိုးကာ ပျောက်ကွယ်သွားသူ လုံကျွယ့်ကို ကြည့်ရင်း ယဲ့ချင်းချိုး စိတ်မကောင်းဖြစ်လာမိသည်။ 'သူက ငါ့ကို ဘာလို့ အဲ့သလိုကြီး ကြည့်သွားရတာလဲ...'
ဟိုယခင်က သူ သူမတို့ကို သေခြင်းတောအုပ်မှ ရွှေ့ပြောင်းစာလိပ်သုံး၍ ထွက်ပြေးလွတ်မြောက်ရန် ကြိုးစားခဲ့စဉ်က စာလိပ်မှာ လွဲချော်မှုဖြစ်ကာ သူတို့ ထူးဆန်းသော နေရာတစ်ခုသို့ ရောက်သွားခဲ့လေသည်။ သူမ အချိန်ကုန်ခံ အတော်အတန်ကြိုးစားအားထုတ်လိုက်ပြီးမှ ဒဏ်ရာရနေသော သူ့ကို တွဲခေါ်ကာ ထိုနေရာမှ ထွက်လာနိုင်ခဲ့သည်။
ထိုရက်ပိုင်းအတွင်း သူတို့ ဆက်ဆံပြောဆိုရသည်များက နှစ်ယောက်ကြားမှ အထင်လွဲမှားမှုများ၊ မကျေလည်မှုများကို ပပျောက်သွားစေခဲ့သည်။ ပြီးတော့ သူက ဒဏ်ရာအပြင်းအထန်ရထားခဲ့သူဖြစ်သဖြင့် သူမကသာ စခပ်သိမ်းပြုစုပေးခဲ့ရတာဖြစ်သည်။ 'သူ အဲ့တုန်းက ငါ့အပေါ် အထင်အမြင်ကောင်းရှိခဲ့ပါတယ်၊ ဒါနဲ့များ အခု ပြန်တွေ့ကြတော့. . .'