ဇာမဏီ၏ ခွန်းသံသာ (၁၂)
~~~~~~~~~~~~~~~~~~
ထိုမြူဂိုဏ်းမှ အမြှောက်စာကျွေးသူများက သာဓကအဖြစ် ပြခဲ့သောကြောင့် ပြဿနာရှာရန်လာသူများလည်း လက်လျော့လိုက်ကြတော့သည်။ ရှီရှန်း တည်းနေရာမှ ကီလိုမီတာ အနည်းငယ်အတွင်း သက်ရှိဟူ၍ တစ်ကောင်တစ်မြီးမှ မတွေ့ရတော့ချေ။
ဂိုဏ်းကြီးများအားလုံး စုံညီစွာ ရောက်လာပါက ယှဉ်ပြိုင်ပွဲကြီးကို စတင်မည်ဖြစ်သည်။ ယှဉ်ပြိုင်ပွဲ ပထမနေ့ ယဲ့ချင်းချိုး ဂိုဏ်းသားများနှင့်အတူ ရောက်လာတော့ ဖင်ပူအောင်ပင် မထိုင်ရသေး၊ မြူဂိုဏ်း ပထမအသုတ်မှ တပည့်များရောက်လာပြီး တိုင်ကြောထူကြလေတော့သည်။ "ဂိုဏ်းချုပ်... ရှန်းရှု ကျွန်တော်တို့ကို ဒဏ်ရာ အပြင်းအထန် ရစေလိုက်တယ်... ပြီးတာကို ပြီးတဲ့အတိုင်း ထားလိုက်လို့ မဖြစ်ဘူး...! ဂိုဏ်းချုပ် ကျွန်တော်တို့အတွက် ကလဲ့စားချေပေးပါ...!"
"ဟုတ်တယ်... ဂိုဏ်းချုပ်...! သူက ကျွန်တော်တို့ မြူဂိုဏ်းကို သက်သက် အရှက်ခွဲနေတာ... ဂိုဏ်းချုပ် ကျွန်တော်တို့အတွက် လက်တုန့်ပြန်ပေးပါ...!"
မတရားမှုအတွက် ခံပြင်းနေကြသော တပည့်ဂိုဏ်းသားများက ယဲ့ချင်းချိုးကို ဆက်တိုက် အပူကပ်နေခဲ့ကြသည်။ အတိုချုပ်ကတော့ "ကလဲ့စားချေပေးပါ"ဟူ၍။
ယဲ့ချင်းချိုးမှာ ဂိုဏ်းချုပ်နေရာကို မကြာသေးခင်ကမှ တာဝန်ယူခဲ့ရခြင်းဖြစ်သည်။ အရင်ဂိုဏ်းချုပ်သေပြီးနောက်ပိုင်း ဦးဆောင်သူနေရာမှာ လစ်လပ်နေခဲ့သည်။ ဂိုဏ်းချုပ်နေရာအတွက် အရည်အချင်းရှိပြီး ယှဉ်ပြိုင်ရယူနိုင်သော ပညာရှင်များလည်း သေသူက သေ၊ ဒဏ်ရာရသူက ရနှင့်၊ ဂိုဏ်းချုပ်နေရာနှင့် မသင့်တော်တော့ပေ။
ဂိုဏ်းများအကြား ယှဉ်ပြိုင်ပွဲကြီးက စတော့မည်ဖြစ်သောကြောင့် သူတို့မှာ ဂိုဏ်းချုပ်မရှိဘဲနဲ့တော့ သွား၍ မဖြစ်။ အသက်ရှင်နေသေးသော တောင်ထွတ်သခင်များက ယဲ့ချင်းချိုးကို ဂိုဏ်းချုပ်တင်မြောက်လိုက်တော့သည်။ ယဲ့ချင်းချိုး မူလကတော့ မလိုချင်ဟန်ဆောင်ခဲ့သော်လည်း နောက်ဆုံးတွင်တေတာ့ ဂိုဏ်းချုပ် တက်လုပ်လေသည်။
ယခင်ဂိုဏ်းချုပ်က သူမအတွက် hack သဖွယ်ဖြစ်နေခဲ့သောကြောင့် ထို hack မရှိတော့သောအခါ ယဲ့ချင်းချိုးမှာ ဤနှစ်များအတွင်း လွန်စွာ ဒုက္ခရောက်ခဲ့ရသည်။ ယခုတော့ သူမ မှုန်ကုပ်သွားကာ ခက်ထန်လာတော့သည်။ "ငါ မင်းတို့ကိစ္စကို ကြည့်လုပ်ပေးမယ်... လောလောဆယ် ဒဏ်ရာတွေ ပြန်ကုထား ငါတို့ ပြိုင်ပွဲမှာ ရှုံးလို့ မဖြစ်ဘူး"
ထိုဂိုဏ်းသားများကို အချိုသတ်ချော့မော့ပြီးခါမှ ယဲ့ချင်းချိုး စားပွဲခုံကို ရိုက်ချလိုက်သည်။ သူမ မျက်နှာမှာ ရှုံ့မဲ့နေသည်။ သူမက နာမည်တစ်ခုကို အံကြိတ်၍ သွားစေ့ကာ ဆိုလိုက်လေသည်။ "ရှန်းရှု...!"
'ဒီမိန်းမ ငါ့ဆရာကို သတ်ပြီး မြူဂိုဏ်းကို မီးရှို့သွားခဲ့သေးတယ်...! ဒီနှစ်တွေထဲ ငါ ခံစားရသမျှ ဆင်းရဲဒုက္ခတွေအားလုံး သူ့ကြောင့်ပဲ...! ငါ သူ့ကို အနှေးနဲ့ အမြန် ပြန်တုန့်ပြန်ရမယ်...!'
"မင်း ကိုယ့်ကိုယ်ကို ဒီလောက်လေးတောင် မထိန်းချုပ်နိုင်ဘူးလား... ကလေးမ" ရုတ်တရက် လှောင်သံတစ်သံ ထွက်ပေါ်လာသည်။ ယဲ့ချင်းချိုး တစ်ခဏတော့ ထိတ်လန့်သွားပြီး သူမ မျက်နှာပေါ်မှ ခက်ထန်မှုများလည်း ပြေလျော့သွားတော့ကာ သူမ၏ မြင့်မြတ်သောနတ်ဖရားမလေလား ဟန်ပန်ကို ပြန်ထိန်းထားလိုက်တော့သည်။ "ရှင် ဘာလိုချင်ရပြန်တာလဲ"
"ခိခိ. . ." ထိုအသံက ထူးဆန်းစွာ ရယ်လေသည်။ "ကျုပ် အနံ့ကောင်းတာလေး ရမိတယ်"
"ဟန့်..." ယဲ့ချင်းချိုးမျက်ဝန်းများ၌ ရွံရှာမှုတို့ ရိပ်သန်းသွားသည်။ "ဒါက ဂိုဏ်းအချင်းချင်း သိုင်းယှဉ်ပြိုင်ပွဲပဲ... ကျင့်ကြံခြင်းလောကက အင်အားစုတွေ အကုန် ဒီကို ရောက်နေကြတာ"
"ကလေးမ... ဒါ မင်း သဘောအတိုင်းဖြစ်ချင်သလို ဖြစ်ရမှာ မဟုတ်ဘူး... တကယ်လို့ ခိခိ... မင်း နောက်ဆက်တွဲတွေကို ထပ် မခံစားချင်ဘူးဆိုရင်ပေါ့"
"ရှင် -- " ယဲ့ချင်းချိုး တစ်စုံတစ်ရာကို သတိရမိသွားသည့်အလား မျက်နှာမှာ ဖြူရော်သွားပြီး တစ်ကုယ်လုံး တုန်ယင်လာတော့လေသည်။ သူမ မျက်ဝန်းများမှာ ခါးသီးနာကျည်းမှုအပြည့်နှင့် ဘေးချထားသော သူမလက်များကိုလည်း ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်မှာ အစိမ်းရောင်သွေးကြောများပင် ထောင်ထလို့ နေတော့သည်။
_______
ဂိုဏ်းများအကြားယှဉ်ပြိုင်ပွဲကြီးမှာ စင်ပေါ် လူများတင်ပေးပြီး တိုက်ခိုက်ခိုင်းကြခြင်း။ သို့မှသာ တစ်ဂိုဏ်းက အခြားတစ်ဂိုဏ်း၏ အင်အားအရာကို ခန့်မှန်းလေ့လာသိသာနိုင်မည်ဖြစ်လေသည်။ အရိုးရှင်းဆုံးပြောရလျင် ပညာရှင်များ အခြားဂိုဏ်းတွင် ရှိနေသလားဟု အချင်းချင်း စနည်းနာနေကြခြင်းသာဖြစ်လေသည်။
ရှီရှန်းကတော့ သူတို့တွေ တိုက်ကြခိုက်ကြသည်ကို ကြည့်နေရခြင်းကို အလွန်စိတ်ဝင်စားပုံရသည်။ သူမက ဖုန်းစီကိုခေါ်ပြီး ပွဲကြည့်စင်မှ အကောင်းဆုံးနေရာကို ရွေးချယ်ထိုင်လိုက်သည်။ သူမ ဘေးပတ်ဝန်းကျင်နေရာများတွင်တော့ လုံးဝလစ်ဟာနေသည်။ မည်သူမျှ လာမထိုင်ရဲကြ။ ဟာရီကိန်းတိုက်သောကြောင့်ပဲ လွင့်ထွက်သွားကြသလိုလို။
ဖုန်းစီကတော့ မလိုသောအရာများအားလုံးကို မီးရှို့ပစ်လိုက်ပြီး နူးညံ့ညံ့ညောင်ဇောင်းအခင်း၊ မုန့်ပဲသရေစာများ၊ ဝိညာဉ်အားဖြည့်လက်ဖက်ရည်ကြမ်းနှင့် နေရောင်ကာကွယ်ရန် ထီးတစ်လက်တို့ကို ထုတ်ယူလိုက်သည်။ ဤသို့သော ပစ္စည်းပစ္စယ ရိက္ခာအစုံအလင်နှင့် သူတို့နှစ်ဦးမှာ သာမာန်ပွဲကြည့်ပရိသတ်များထက်ပင် ပို၍ သက်သောင့်သက်သာရှိနေကြလေတော့သည်။
သူတို့တိုက်ခိုက်နေသည်ကို မိစ္ဆာမနှင့် နတ်ဆိုးသခင်တို့စောင့်ကြည့်နေမည်ကို ပြိုင်ပွဲဝင်တို့ တွေးမိသောအခါ မတုန်လှုပ်ဘဲ မနေနိုင်ခဲ့ပေ။
မြူဂိုဏ်းက ရှီရှန်းနှင့် မျက်နှာချင်းဆိုင်တည့်တည့်တွင် ထိုင်ရသဖြင့် ယဲ့ချင်းချိုး၏ အကြည့်က ရှီရှန်းအပေါ်သို့ မကြာခဏဆိုသလို ကျရောက်လာတတ်သည်။ ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ရှန်းရှုနှင့် ပတ်သက်သည့် ကောလဟလများ ယဲ့ချင်းချိုး ကြားခဲ့ရသော်လည်း ဤအကြိမ်ကသာ ၁၀ နှစ်အတွင်း ပထမဆုံး လူချင်း ပြန်ဆုံတွေ့ခြင်း ဖြစ်လေသည်။
ဤ ၁၀ နှစ်အတွင်း ဘာမျှ ပြောင်းလဲသွားပုံတော့မရ။ ယခု ရှန်းရှု ဝတ်ထားသောဝတ်စုံက အနက်ရောင်ဖြစ်နေသည် တစ်ခုသာ ပြောင်းလဲသွားပုံရသည်။ ထိုအနက်ရောင် ဝတ်စုံမှာ သူမနံဘေးမှ အဖြူရောင်ဝတ် လူငယ်နှင့် လှပ ပနံရစွာ ဆန့်ကျင်လျက်ရှိနေလေသည်။
'ဒီလူက ဘယ်သူများလဲ...'
"ယဲ့ချင်းချိုး ကျင့်ကြံဆင့် ဘယ်လောက်ရောက်နေလဲ ငါ မမြင်ရဘူး၊ အားစီ... နင်ရော မြင်ရလား" ရှီရှန်း ဖုန်းစီဘက်လှည့်ကြည့်လိုက်သည်။
ဇာတ်ကြောင်းထဲတွင်တော့ ဤအချိန်လောက်ဆိုလျင် ယဲ့ချင်းချိုးတစ်ယောက် အခြေတည် နောက်ဆုံးအဆင့်ရောက်နေကြောင်း သူမ မှတ်မိသည်။ သို့ပေလျက် သူမကဲ့သို့ အခြေတည် ပြည့်စုံခြင်းအဆင့် ရောက်နေသူက ယဲ့ချင်းချိုး၏ ကျင့်ကြံဆင့်ကို ထိုးထွင်းသိမြင်နိုင်ခြင်းမရှိပေ။ 'ဂိုဏ်းချုပ်ရဲ့ ကာကွယ်ပေးမှု မရှိဘဲနဲ့တောင် သူ အမြန် တိုးတက်လာနိုင်တယ်လား...'
ဖုန်းစီက အမြန်တစ်ချက်ကြည့်ကာ အကြည့်လွှဲလိုက်သည်။ သူက ခပ်ပေါ့ပေါ့ဖြေလိုက်သည်။ "အခေတည် နောက်ဆုံးအဆင့်"
"အယ်..." 'ဒါဆို ငါလေးက ဘာလို့ မမြင်ရတာလဲလို့...'
"သူ့ကိုယ်ပေါ်မှာ စည်းတစ်ခုချထားတယ်၊ ကိုယ် ဖြည်ဖောက်ပေးရမလား" ရှီရှန်းက မတောင်းဆိုဘဲနှင့် သူ ထိုကဲ့သော ကိစ္စမျိုးကို မလုပ်ပေးနိုင်ပေ။
ရှီရှန်းလည်း ဖုန်းစီမျက်ဝန်းအတွင်းမှ ရွံရှာမှုကို တွေ့မိသဖြင့် ယဲ့ချင်းချိုးကို သေချာပြန်လှည့်ကြည့်မိတော့သည်။ သူတို့ အကြည့်ချင်းဆုံသွားမိတော့သည်။ ယဲ့ချင်းချိုးမှာ သူမ၏ အမုန်းတရားတို့ပြည့်နေသော အကြည့်ကို ဖုံးကွယ်ရန် အချိန်မရလိုက်။ ထို့ကြောင့် ရှီရှန်း တွေ့မိသွားတော့သည်။ ရှီရှန်း နှုတ်ခမ်းထောင့်သို့ ကော့တက်သွားတော့သည်။ "သူ တစ်ခုခုများ ဖြစ်နေတာလား"
ဖုန်းစီမျက်ဝန်းများအတွင်းမှ စက်ဆုပ်ရွံရှာမှုက ပိုအရောင်ရင့်လာပြီး သူ့လေသံကလည်း ခါတိုင်းထက် မာကျောလာသည်။ "မကြည့်နဲ့ ... မင်း မျက်လုံးတွေ ညစ်ပတ်ကုန်မယ်"
ဖုန်းစီ ဇွတ်အတင်းတောင်းဆိုနေသဖြင့် ရှီရှန်းလည်း အကြည့်လွှဲလိုက်တော့သည်။ သူမ သူ့ကို ကလန်ကဆန်လုပ်မိပါက ဒုက္ခရောက်ရမည့်သူက သူမတော့မဟုတ်၊ သို့သော် ဤနေရာရှိနေသူများအားလုံးတော့ ကြွသွားနိုင်လေသည်။ 'ငါ့ကို အုပ်စုလိုက်ချောင်းရိုက်တာမျိုး အဖြစ်မခံနိုင်ဘူး...'
ထူးခြားမှုသိပ်မရှိသော နေ့ရက်များသာ တစ်ရက်ပြီး တစ်ရက် ကုန်ဆုံးသွားခဲ့သည်။ ရှီရှန်းကတော့ 'ပွဲ'ကြည့်မနေပါက အခန်းထဲတွင်ပင် အပျင်းတစ်ကုန် အချိန်ဖြုန်းသည်။ သူမ မူမမှန်တာ ဘာမှ မလုပ်ခဲ့။ ထို ကျီးလန့်စာစားနေရသော လူအများလည်း စိတ်သက်သာရာရကာ သက်ပြင်းသက်မချနိုင်လေတော့သည်။
_____
ညအချိန်ဖြစ်သည်။
ရှီရှန်းတစ်ယောက် တဝါးဝါးသန်းကာ လူသူကင်းမဲ့သော တောင်တက်လမ်းတစ်လျှောက် ဖုန်းစီနောက်မှ လိုက်တက်နေရရှာလေသည်၊ သူကတော့ သူမ ဆက်လိုက်လာသေးသလား ပြန်ကြည့်ရန် မကြာခဏ လှည့်လှည့်ကြည့်တတ်သည်။
"ငါတို့ ဘယ်သွားနေတာလဲ..." ရှီရှန်း သူ့ဘေးနားယှဉ်လျှောက်လို့ရအောင် ခပ်သွက်သွက်လျှောက်လိုက်သည်။ "သူများ သွားသတ်ရအောင် ဒီညက သာယာလွန်းတယ်၊ ဘယ်သူက နင့်ကို ဘယ်လောက်ထိ အပြစ်ပြုထားလို့... နင်က ညအမှောင်ကိုတောင် အားကိုးပြီး သွားသတ်ရတဲ့အထိ ဖြစ်ရတာလဲ"
"ကိုယ်တို့ လူသွား သတ်မလို့ မဟုတ်ဘူး" ဖုန်းစီ အပြစ်ကင်းဟန်နှင့် ခေါင်းအသာခါလိုက်သည်။ "ကိုယ် မင်းကို ပြစရာရှိလို့..."
"အန်..." 'ပြစရာ...? porn ကား live ပြမလို့လား...'
#Host ခေါင်းထဲမှာ ဘာတွေပဲ ရှိနေလဲ မသိရ#
ဖုန်းစီက သူမကို ထုံတောင်ဂိုဏ်း၏ တားမြစ်နယ်မြေဘက်သို့ ခေါ်လာသည်။ သူမ ဘယ်လိုသိသလဲ မမေးနှင့်။ တောင်ခြေဂိတ်တံခါးဝ၌ "တားမြစ်နယ်မြေ"ဟု ဆိုင်းဘုတ်တပ်ထားသောကြောင့်ဖြစ်လေသည်။ သူမ မကန်းသရွေ့တွေ့ရနိုင်လေသည်။ 'တောင်တစ်တောင်လုံးက တားမြစ်နယ်မြေပဲ... အထဲမှာ ဘာတွေရှိနေလို့လား...!'
ရှီရှန်းကတော့ ပြန်လှည့်ချင်နေမိသည်။ 'တကယ်တော့ သူများတကာတွေရဲ့ တားမြစ်နယ်မြေထဲ ညဘက်ကြီးလျှောက်သွားတယ်ဆိုတာက ကောင်းတဲ့အလုပ်မှ မဟုတ်ပဲ...!'
တောင်တက်လမ်းက မှောင်နေသဖြင့် ရှီရှန်း မြင်ရစေနိုင်ရန် ဖုန်းစီက မီးလုံးနှစ်လုံးကို သူမနံဘေး ဝဲပျံနေစေလိုက်သည်။ သူတို့ တောင်ထိပ်ရောက်ခါနီးသည်နှင့်၊ ဖုန်းစီက မီးလုံးနှစ်လုံးကို ပြန်သိမ်းလိုက်ကာ ရုတ်တရက်ကြီး ရှီရှန်းကို ဖက်လိုက်လေသည်။ တစ်ချက်ခုန်လိုက်ကာ သူတို့နှစ်ဦးသား ချွန်ထွက်နေသော ကျောက်ချွန်းတစ်ချပ်ဆီ ပျံတက်သွားလိုက်သည်။
ဖုန်းစီက သူမကို ရင်ခွင်ထဲဆက်ပွေ့ထားပြီး ရှေ့သို့တွဲခေါ်လျှောက်လာပြီးမှ လွှတ်ပေးလိုက်သည်။ "ခဏစောင့်ရင် မင်းတွေ့ရလိမ့်မယ်..."
ရှီရှန်းက သူမရှေ့မှ မည်းသည်းနေသော မြေအပြင်အား ကြည့်လိုက်သည်။ သူမ လက်ဖဝါးနှစ်ဖက်က ပါးနှစ်ဖက်ကို တဖြန်းဖြန်းရိုက်လိုက်ပြီးတွေးနေမိသည်။ 'ဗီလိန်တွေရဲ့အလိုကို လူ မလိုက်နိုင်ပါလား...!'
သူတို့ တစ်နာရီနီးပါးစောင့်နေခဲ့ကြသည်။ ရှီရှန်းကတော့ ပျင်းလာသည်နှင့် ထိုင်ချ၍ ချီစွမ်းအားကျင့်ကြံနေလိုက်သည်။ ဖုန်းစီ သူမကို ခေါ်တော့ သူမ မျက်လုံးဖွင့်လိုက်သည်။ သူမ တွေ့ရသည်က အပြာရောင်အလင်းတို့ဖြင့်အနားသတ်ထားသော ပန်းပွင့်များပြည့်နှက်နေသော မြေအပြင်ကျယ်ကျယ်။ လှပလွန်း၍ အိပ်မက်ဆန်သည်။ ပြီးတော့ သူမက ဤအပြာရောင်အလင်းပွင့် ခင်းပြင်ကျယ်၏ အလယ်တည့်တည်၌ ထိုင်နေခြင်းဖြစ်သည်။
ရုပ်ရှင်များထဲတွင်သာ တွေ့ရတတ်သော အထူးလှည့်စားချက်ပြကွက်များနှင့် တူလေသည်။ သူမ အပြောကျယ်သော ကြယ်စုံကောင်းကင်ယံကို ကြည့်နေရသကဲ့သို့ ခံစားရမိသည်။ မရေမတွက်နိုင်သော ကြယ်ကလေးများက သူမအနား၌ပင် မှိတ်တုပ်မှိတ်တုပ်လက်နေသည့်အလား။ အလွန် ရင်သပ်ရှုမောဖွယ်ရာ မြင်ကွင်း။ အပြာရောင်အလင်းပွင့်များ လေအဝှေ့တွင် ယိမ်းနွဲ့နေပုံက အသက်ရှူမှားလောက်စရာ။
"မင်း ကြိုက်လား..." ဖုန်းစီက ရှီရှန်းရှေ့ ဒူးထောက်ထိုင်ချကာ ခေါင်းကလေးစောင်းငှဲ့၍ မေးလိုက်သည်။ သူ့ မျက်ဝန်းနီရင့်တို့က မျှော်တလင့်လင့်နှင့် တောက်ပနေသည်။ ရှီရှန်းမှာ ဆွံ့အသွားမိတော့သည်။ 'နင် ကောင်မလေးတွေနဲ့ ဘယ်လိုအီရမလဲကို ဘယ်နားက တတ်လာတာလဲ...! နင် တစ်ရက်တစ်လေလောက် ငါလေးနဲ့မှ အီစီကလီ မလုပ်လိုက်ရရင်... နေထိုင်မကောင်းဖြစ်သွားမှာမို့လား...!'
"မင်း မကြိုက်ဘူးလား" ဖုန်းစီက စိတ်ပျက်အားလျော့သွားကာ မျက်လွှာချလိုက်တော့သည်။ သူ့လက်ဖဝါးမှ အဝါရောင်တောက်တောက် မီးလျံများ ပေါ်ထွက်လာတော့သည်။
"ငါ ကြိုက်တယ်... ငါ ကြိုက်တယ်...!" 'ဟျောင်... နင် မပျော်ဘူးဆိုတာနဲ့ ... နေရာတကာ မီးလိုက်မြိုက်နေလို့ ဖြစ်မလား...! ဒါ သူများတကာ ပိုင်ဆိုင်တဲ့ တားမြစ်နယ်မြေဟဲ့...! တားမြစ်နယ်မြေ... နားလည်ရဲ့လား...!'
___________________________
Translator's Notes:
အိပ်မက်လှလှ မက်ပါစေ.... 😄
အားစီလေးကို ထည့်မက်ဖို့ မမေ့နဲ့နော်...