ဇာမဏီ၏ ခွန်းသံသာ (၉)
~~~~~~~~~~~~~~~~~~
ရှီရှန်းက လင့်ရီရီကို ဖုန်းစီရှိရာသို့ ချီလာသည်။ လင့်ရီရီမှာ ရှီရှန်း၏ စကားကို စဉ်းစားဆင်ခြင်နေဆဲဖြစ်သဖြင့် သူမရှေ့ရှိ ပုဂ္ဂိုလ်ကို သတိမထားမိ၊ သူမကို ကြီးမားသောအားတစ်ခုက တွန်းဖယ်မလိုက်ခင်အထိတော့ သတိမထားမိပေ။ သူမ မြေပေါ်၌ ငေးကြောင်လျက်သာ ထိုင်နေမိတော့သည်။
ဖုန်းစီကတော့ ရှီရှန်း၏ လက်ကိုဆွဲရင်း လင့်ရီရီကို မကြည်မသာ မျက်စောင်းခဲ၍ ကြည့်နေလေသည်။ ထိုအကြည့်က လင့်ရီရီ ဦးရေပြားပင်ကြိမ်းစပ်လာစေပြီး သူမ ဦးဏှောက်တစ်ခုလုံး ရေခဲရေစိမ်ထားခံရသကဲ့သို့ ဖြစ်နေစေသည်။ သူမ တစ်ကိုယ်လုံးပျော့ခွေသွားပြီး ဆူနာမီနှင့်ကြုံတွေ့ပြီး ရေနစ်ရတော့မလို ကြောက်လန့်မှုများက သူမ နှလုံးကို ထုနှက်လာသည်။
"နင် ဘာလုပ်နေတာလဲ..." ရှီရှန်းက သူ့ကို မျက်စောင်းထိုးလိုက်သည်။ "အဲ့ဒါ ငါ့ ဂိုဏ်းတူ တူမလေး ... တူမလေးဟဲ့... နားလည်လား"
"သူ မင်းကို ထိခွင့်မရှိဘူး...!" ဖုန်းစီလေသံက အေးစက်နေသည်။ လင့်ရီရီလည်း တုန်သွားတော့သည်။ 'ဆရာ... တပည့်ကို လာကယ်ပါဦး...! ဘယ်က မကောင်းဆိုးဝါးကြီးလဲ မသိဘူး၊ ရောက်နေတယ်...!'
ရှီရှန်း မျက်မှောင်ကျုတ်လိုက်သည်။ သူမ သူ့ကို ကျိုးကြောင်းရှင်းပြသည့်တိုင် သူ့နားဝင်မည်မဟုတ်။ လင့်ရီရီပဲ ပိုပြီး အနာတရဖြစ်သွားနိုင်သည်။ ထို့ကြောင့် ရှီရှန်းလည်း သည်အတိုင်း လွှတ်ထားလိုက်တော့သည်။
'အနည်းဆုံးတော့ နင် အသက်ရှိသေးတယ်...! အရင်ကလိုသာဆိုရင် နင် ပြာပုံဘဝရောက်သွားပြီ...!'
_____
သူတို့ နတ်ဘုံဖျားတောင်ထွတ်ကို ပြန်ရောက်တော့ လင့်ရီရီက သူမ ဆရာ၏ ရင်ခွင်ထဲခုန်ဝင်ပြီး တုန်ယင်နေလေသည်။ သူမ ဟန်ပန်က ကြောက်လွန်းလို့ တုန်နေဟန်ရှိသော်လည်း ဆရာ့မျက်နှာနှင့် မျက်နှာချင်းအပ်ကာ ပွတ်သီးပွတ်သပ်လုပ်ရန်တော့ မမေ့ပေ။ ရှီရှန်းတစ်ယောက် သူမမျက်နှာကို လက်ဝါးဖြင့် အုပ်လိုက်တော့သည်။ 'နှာဘူးမလေး...!'
ဖုန်းစီကတော့ လင့်ရီရီကို ဆက်ငေးကြည့်နေသည်။ သူ ဘာတွေးနေလဲတော့ မသိရ။ ရှီရှန်းက လင့်ရီရီတို့ကို သူမ ယုရှောင်းနှင့်သွားတွေ့ဦးမည်ဟု ပြောခဲ့ပြီး ဖုန်းစီကို လိမ်လိမ်မာမာနေရန် ပြောလေသည်။ သူကတော့ သဘောတူသည်ပဲ။ သို့သော် သူ့အကြည့်က လင့်ရီရီနှင့် ပိုင်လန်တို့ထံမှ မခွာတော့။
'ဒီကောင် လင့်ရီရီကို ငါ မရှိတုန်း မီးရှို့မလို့ ကြံနေတာတော့ မဟုတ်လောက်ပါဘူးနော်...'
ဤသည်ကိုတွေးမိကာ ရှီရှန်းလည်း ဖုန်းစီကို တစ်ခါတည်း ခေါ်သွားတော့သည်။ 'ဒီလူသားပုံစံ လက်နက်ကြီးကို ငါမြင်နိုင်တဲ့နေရာမှာ ထားမှ ဖြစ်မယ်...'
ယုရှောင်းက ရှီရှန်း ပြန်ရောက်လာတာကို မအံ့ဩ။ သူက ဖုန်းစီကိုသာ ပို၍ စိတ်ဝင်စားနေဟန်ရှိသည်။ နှစ်ယောက်သား တစ်ဦးမျက်ဝန်း တစ်ဦး "နက်နက်ရှိုင်းရှိုင်း"စိုက်ကြည့်နေတော့ မိုးလေဝသအခြေအနေပင် သဟဇာတမျှနေသည်ဟု ဆိုနိုင်သည်။
'ငါလေး set မှားပြီး ဝင်လာမိတာလား... ဆရာဆိုတာမျိုးက သူတို့ တပည့် ယောက်ျားခေါ်ပြီး ပြန်လာရင် ရန်ဖြစ်ကြရမှာ မဟုတ်ဘူးလား... ဘယ်လိုလုပ်ပြီး နင်တို့တွေ တည့်နေရတာလဲ...!'
ရှီရှန်းလည်း သူတို့ အကြည့်ချင်းဆုံနေသည့် ငါးမိနစ်လုံးလုံး အတွေးလေလွင့်နေလေသည်။ ယုရှောင်း နောက်ဆုံးတော့ အကြည့်ကို လွှဲလိုက်တော့သည်။ "ရှောင်ရှု... မင်း ဒီလူကို ဘယ်နားက ကောက်လာတာလဲ..."
ရှီရှန်း၊ ". . ." 'ဆရာ ဘာဖြစ်သွားတာလဲ... ဆရာက အေးတိအေးစက်နဲ့ မထုံတက်တေးပုံလို့ ထင်ထားတာ... "ကောက်လာ"[၁]ဆိုတဲ့ စကားလုံးမျိုး ဘာလို့ သုံးရတာလဲ... ဆရာ့ပုံရိပ် ထိခိုက်တယ်...!'
"ဆရာ... တစ်ခုခုများ ဖြစ်နေလို့လား..." ရှီရှန်း နားမလည်နိုင်တော့။ 'သူ ဘာဆိုလိုချင်တာလဲ...'
ယုရှောင်းက ဖုန်းစီကို ကြည့်လိုက်သည်။ သူ့မျက်နှာထားကတော့ ခါတိုင်းလိုပင် အေးစက်နေသည်။ "ကျုပ် ရှောင်ရှုကို ပြောစရာရှိတယ်... ဒီက သခင် အပြင်ထွက်စောင့်ပေးလို့ ရမလား..."
ဖုန်းစီ ချက်ချင်းပင် မကျေနပ်ချက်ကို ထုတ်ဖော်ပြတော့သည်။ ရှီရှန်းက ကပျာကယာ ချော့မော့လိုက်တော့မှ အခန်းထဲမှ မကျေမနပ် ထွက်သွားတော့သည်။
ယုရှောင်းက လက်တစ်ဖက်ဖြင့် အသံလုံရန် အကာအကွယ်တစ်ခု ဖန်ဆင်းလိုက်သည်။ "ရှောင်ရှု ဒီလူရဲ့ ကံကြမ္မာက ထူးဆန်းတယ်ဆိုပေမယ့်... သူက မင်းအတွက် အသင့်တော်ဆုံး တောက်တွဲဖက်ဖော်[၂]ပဲ..."
'ချော့တို မာ့တဲယ် ခူဒါဆိုက်...! ဆရာ... ဘာတွေပြောနာလဲ... ဘာတောက်ကြင်ဖက်လဲ... ဆရာ-တပည့်အချစ်ရေးက ဘယ်ရောက်သွားတာလဲ... ဒီလေသံက ဘာလို့ ကိုယ့်သမီးလေးကို သူများ ပေးပစ်တော့မယ့်လေသံမျိုး ဖြစ်နေရတာလဲ...!'
ယုရှောင်းက ဖြည်းဖြည်းချင်း ပြန်ပြောသည်။ အဆုံးနားတွင်တော့ ရှီရှန်းခမျာ သူပြောသည်ကို ဆုံးအောင် နားမထောင်နိုင်တော့လောက်အောင် ငေးကြောင်သွားမိတော့သည်။ 'သူတို့နှစ်ယောက် ဒီတစ်ခါပဲ တွေ့ဖူးကြတာကို... ခုတော့ ဒီဆရာစုတ်က ငါလေးကို ရောင်းစားပစ်တော့မယ်... ရွှတ် ... ရွှတ်...'
"ရှောင်ရှု... မင်းရဲ့ ကံကြမ္မာက ဒီလိုဖြစ်နေတယ်... မင်း သူနဲ့အတူရှိတော့မှပဲ အသက်ဆက်လို့ရမယ်..." ယုရှောင်း သက်ပြင်းချလိုက်သည်။ "ဆရာ မင်းကို ထပ်ကူညီလို့ မရတော့ဘူး... မင်း ဘာသာ သေချာစဉ်းစားကြည့်ပါ..."
'ဘာကို စဉ်းစားရမှာလဲ... ဒီဆရာစုတ် ဘာပြောသွားတာလဲ... ငါ ဘာမှလည်း မကြားလိုက်ဘူး...!'
ရှီရှန်း အူကြောင်ကြောင်ဖြစ်နေစဉ် အခန်းတွင်းမှ နှင်ထုတ်ခံလိုက်ရသည်။ သူမ တံခါးပြန်မပိတ်ခင် ယုရှောင်းက သတိပေးခဲ့သည်။ "ရှောင်ရှု... မနက်ဖြန် ဆရာနဲ့ အဓိကတောင်ထွတ်ကို သွားရမယ်..."
'ယဲ့ချင်းချိုး တိုင်ကြောထူထားတဲ့ ကိစ္စကြောင့် ဖြစ်မယ်...'
ရှီရှန်းတစ်ယောက် ဖုန်းစီကိုတွေ့သည်နှင့် ရင်ထဲက တင်းကျပ်လာသည်။ သူမ၏ ဆရာဆိုလိုသည်င သူမတို့ အတူရှိမနေပါက သူမ သေရမည်ဟူ၍။ 'ရူးကြောင်ကြောင် Setting ကြီးဟ...!'
"ကိုယ် ကြည့်ကောင်းလား" ဖုန်းစီက ရုတ်တရက် မေးလာသည်။
"မကောင်း - " ရှီရှန်း ပါးစပ်ကို ဘရိတ်အုပ်လိုက်ကာ သူမမ၏ အတွင်းစိတ်ကို ဆန့်ကျင်၍ သူ့ကို ချီးကျူးပေးလိုက်သည်။ "အင်း... ကြည့်ကောင်းတယ်... နင်ဟာ တလောကလုံးမှာ အချောဆုံးပဲ..."
"ခုကစပြီး မင်းတစ်ယောက်ကိုပဲ ကြည့်ခွင့်ပေးတော့မယ်..."
ရှီရှန်း၊ ". . ." 'ငါလေးကို ရိသဲ့သဲ့မှ မလုပ်လိုက်ရရင် နင်သေသွားမှာလား...! ဘာလဲ... နင့်မျက်နှာကြီးကို ဖုံးထားတော့မလို့လား... Fuck!'
ဒါပေါ့၊ ဖုန်းစီ သူ့မျက်နှာကို မဖုံးကာပေ။ သို့သော် ရှီရှန်း လင့်ရီရီနှင့် ပိုင်လန်တို့ထံမှ သိရသည်က သူတို့ သူ့မျက်နှာကို မြင်ရပါလျက် မည်သို့ရုပ်ရည်ရှိမှန် မမှတ်မိဟူ၍ ဖြစ်သည်။ သူတို့ သူ့ကို ကြည့်နေပါသော်လည်း စိတ်ကမူ မမြင်ရဖြစ်နေသည်တဲ့။
ရှီရှန်း၊ ". . ." 'ကျင့်ကြံဆင့်မြင့်တဲ့သူတွေကတော့ အရမ်းကို ကြီးကျယ်လွန်းတယ်...!'
ပိုင်လန်ကို ယုရှောင်းက ဖုန်းစီအတွက် အခန်းပြင်ပေးခိုင်းထားသည်။ သို့သော် ဖုန်းစီက သူ့ပစ္စည်းများအားလုံးကို ရှီရှန်းအခန်းသို့ ပြန်ရွှေ့ပစ်သည်။ ပိုင်လန် ယုရှောင်းထံမှ ဘာကြားထားလဲတော့မသိ၊ တစ်ချက်သာ ပြုံး၍ စပ်စုလိုသော လင့်ရီရီကိုသာ ဆွဲခေါ်သွားတော့လေသည်။ ရှီရှန်းကတော့ ညဘက်ဆို မအိပ်ဘဲ အတွင်းအားသာကျင့်သည်မို့ ဖုန်းစီ သဘောကျနေချင်ရာ နေခွင့်ပေးထားလိုက်သည်။
နောက်တစ်နေ့၌ ယုရှောင်းပင် ရှီရှန်းကို မခေါ်သွားရသေးခင် အဓိကတောင်ထွတ်မှ တပည့်များ ရောက်လာတော့သည်။ အဓိကတောင်ထွတ်မှာလည်း နာမည်တစ်ခုရှိသည်။ တိမ်ထိုင်တောင်ထွတ်ဖြစ်သည်။ အားလုံးက အဓိကတောင်ထွတ်ဟု ခေါ်နေသဖြင့် ရှိရင်းစွဲအမည်ကို မသုံးဖြစ်ကြတော့ခြင်းဖြစ်သည်။
အဓိကတောင်ထွတ်မှာနေသူတွေကတော့ ဂိုဏ်းချုပ်နှင့် သူ၏ တပည့်တပန်းများ။ ဤဂိုဏ်းချုပ်မှာတော့ တပည့်ဟူ၍ ယဲ့ချင်းချိုးတစ်ယောက်သာရှိသည်။ ထို့ကြောင့် တောင်ထွတ်တစ်ခုလုံးမှာ သူတို့နှစ်ယောက်သာ နေလေသည်။
ယနေ့တော့ တောင်ထွတ်မှာ လူအများစုဝေးနေကြသည်။ အခြားတောင်ထွတ်မှ ကိုယ်စားလှယ်များပါ ရောက်နေကြသောကြောင့်ဖြစ်သည်။
ရှီရှန်းလည်း ယုရှောင်းနောက်မှ ခန်းမထဲ လိုက်ဝင်လာပြီး ယုရှောင်း ဂါဝရပြုပုံကို အတုယူကာ ပြုလိုက်သည်။ ကံကောင်းချင်တော့ အားလုံးက ဖုန်းစီထံ အာရုံရောက်နေကြသဖြင့် သူမ စိတ်မပါသည်ကို သတိမထားမိကြ။ ဖုန်းစီကတော့ ဘာမျှ မပြောဘဲ နေရာတင်သာ ရပ်နေသည်။ ဘေးပတ်ဝန်းကျင်မှ လူအများကတော့ အသည်းအသန်ဆွေးနွေးနေကြကုန်သည်။
"ထူးဆန်းတယ်... ငါ သူ့မျက်နှာကို မမြင်ရဘူး..."
"ငါလည်း မမြင်ရဘူး..."
"တိတ်ကြစမ်း...!" အေးစက်စက်အော်သံတစ်သံက ထိုသူများအားလုံးကို နှုတ်ဆိတ်သွားစေသည်။ သူတို့အားလုံး ဂိုဏ်းချုပ်ထိုင်ခုံမှာ ထိုင်နေသူထံ လေးစားစွာ ကြည့်လိုက်ကြသည်။
ဇာတ်လိုက်မင်းသမီး၏ တွဲဖက်[၃]တစ်ဦးဖြစ်သော ဂိုဏ်းချုပ်မှာ ရုပ်မဆိုးပေ။ သူ့ရုပ်ရည်က အလွန်ချောမောပြီး တည်တံ့ခန့်ညားသည်။ ဂိုဏ်းချုပ်က ဖုန်းစီကို သတိထားပြီး အကဲခတ်ကြည့်သည်။ 'ချင်းချိုးပြောတာက... ရှန်းရှုက ယောက်ျားတစ်ယောက်နဲ့ပေါင်းပြီး သူ့ကို ဒဏ်ရာရအောင်လုပ်တယ်တဲ့... ဒီလူလား မသိဘူး... ငါ သူ့မျက်နှာကို ဘာလို့ မမြင်ရတာလဲ... သူ့ကျင့်ကြံဆင့်က ငါ့ထက်မြင့်လို့လား...'
ကျင့်ကြံသူများမှာ မိမိမျက်နှာကို ဖုံးကွယ်ထားလို့ရသော မန္တာန်များ သုံးလေ့ရှိသည်။ သို့သော် မိမိထက် ကျင့်ကြံဆင့်နိမ့်သူများအပေါ်တွင်သာ တန်ခိုးစွမ်းပြလေသည်။ 'သူက ငါ့ထက် ကျင့်ကြံဆင့်မြင့်တဲ့သူဆိုရင်တော့ ဒုက္ခပဲ...'
"ရှန်းရှု မင်းအပြစ်ကို မင်း ဝန်ခံမှာလား..." ဂိုဏ်းချုပ်မှာ ဖုန်းစီမည်မျှစွမ်းမှန်းမသိသောကြောင့် ရှီရှန်းဘက်သာ မျှားဦးလှည့်သွားတော့သည်။
"ဂိုဏ်းတူညီနောင်... ဒီကိစ္စကို ရှင်းလင်းအောင် စစ်ဆေးသင့်တယ်... ရှောင်ရှုက အပြစ်ကင်းတာလည်း ဖြစ်နိုင်တာပဲ..." ယုရှောင်းက လေးစားစွာ ပြောလိုက်သည်။ သူ့လေသံက မနှေးမမြန်နှင့် သူ ဆက်ပြောသည်။ "ဂိုဏ်းတူညီနောင်... ရှောင်ရှုကို ရှင်းပြခွင့်ပေးပါလို့ တောင်းဆိုချင်တယ်..."
ဂိုဏ်းချုပ်က ရှန်းရှုကို မကျေမနပ်ကြည့်လိုက်ပြီး လက်ဝေ့ယမ်းလိုက်သည်။ "ရှန်းရှု အမှန်တိုင်း ပြောစမ်း... မင်း ချင်းချိုးကို တိုက်ခိုက်ခဲ့သလား..."
"မတိုက်..." ရှီရှန်း ခေါင်းခါလိုက်သည်။ 'ငါလေး သူ့ကို ဘယ်တုန်းကမှ လက်နဲ့ မရွယ်ခဲ့ဘူး... ငါလေးက ငါလေးမလုပ်ခဲ့တဲ့အရာကို ဘယ်တော့မှ ဝန်ခံမှာ မဟုတ်ဘူး...!'
"ငါ့တပည့်က မင်းကို မတရားစွပ်စွဲတာပါလို့ ပြောနေတာလား..." ဂိုဏ်းချုပ်က ရှီရှန်းကို အေးစက်စွာ ကြည့်လိုက်သည်။ သူ့ထံမှ ကြောက်မက်ဖွယ်ရာ ဖိအားတစ်မျိုး ထွက်ပေါ်လာပြီး ရှီရှန်းကို ဖိနှိပ်ထားတော့သည်။
ဖုန်းစီ၏ မျက်ဝန်းများလည်း အေးခဲသွားတော့သည်။ သူ သူ့လက်တစ်ဖက်ကို မြောက်တင်လိုက်ရာ လက်မောင်းလုံးပတ်စာ မီးနဂါးတစ်ကောင် ပေါ်ထွက်လာတော့သည်။ ထိုနဂါးက ခေါင်းထောင်လာပြီး ဂိုဏ်းချုပ်ထံ အငြိုးတကြီး ပြေးဝင်သွားတော့သည်။
______________________________
Notes:
[၁] The raw s here states '捡'/ 'jian3'. It's a homophone for the word '贱'/ 'jian4' which means base/cheap.
[၂] တောက်တရားကျင့်သူတို့ အခေါ်အဝေါ် တစ်သက်တာလက်တွဲဖော်(လင်မယား)ကို ဆိုလိုသည်။
[၃] Love Interest