ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၂၁)
~~~~~~~~~~~~~~~~~~~~~~~~~
နောက်ဆုံးတော့ အတူစားနေသူ အရေအတွက်က ရှစ်ယောက်အထိ တိုးလာခဲ့လေသည်။ ရှီရှန်း၊ ဟိုလေးယောက် အဖွဲ့၊ဆုယီရှို့၊ ဖန်လီချိုးနှင့် ဖန်လီချိုး၏ အေးဂျင့်။
ဖန်လီချိုးနှင့် ဆုယီရှို့၏ ဇာတ်လမ်းက နောက်ကြောင်းလိုက်မည်ဆိုလျှင် ၎င်းတို့ ကျောင်းနေဖက်အဖြစ် အတူတက်ခဲ့သည့် ဂျူနီယာအထက်တန်းအထိ ပြန်လိုက်လို့ရလေသည်။ ဆုယီရှို့ ပြည်ပထွက်ပြီး သိပ်မကြာခင်၊ ဖန်လီချိုးလည်း အမိမြေမှ ထွက်ခွာသွားခဲ့သည်။ သူတို့နှစ်ယောက် မတူညီသော နိုင်ငံရပ်ခြားတွင် ရောက်ရှိနေသဖြင့် မတွေ့ဖြစ်ခဲ့သည်သာ နှမြောစရာ။
သူတို့နှစ်ဦး အချင်းချင်း မေတ္တာရှိလောက်သည်ကို ရှီရှန်း သတိထားမိသည်။ သို့မဟုတ်ပါက၊ ဆုယီရှို့၏ စကားစစ်ထိုးနိုင်စွမ်းနှင့် ဖန်လီချိုး ပြောသမျှကို မဖြစ်စလောက် အာခံနေရုံကလေးဖြင့် ငြိမ်ခံနေမည် မဟုတ်ပေ။
"အစ်မဝမ် အစ်မလီချိုးနဲ့ အဲ့လူနဲ့ကြားမှာ တစ်ခုခုတော့ တစ်ခုခုပဲ" ဖန်ကျင်းယွီ ထိုနှစ်ဦးကို ကြည့်သည့်အကြည့်က တဖျတ်ဖျတ်တောက်ပလို့လာသည်။ 'ဒီနှစ်ယောက်က သိပ်လိုက်တာပဲ'
"မင်း ပြောပြမှ ငါတို့ သိမှာကျနေတာပဲ၊ မျက်လုံးပါတဲ့ လူတိုင်း သိတယ်ဟ" ကျန်းမင်က ဖန်ကျင်းယွီကို မျက်လုံးလှန်ပြလိုက်လေသည်။
ရှီရှန်းကတော့ နှုတ်ခမ်းများကို "O" သဏ္ဍာန် စုလိုက်ပြီးနောက် ပြုံးလိုက်တော့သည်။ "စားကြလေ"
'ငါလေး အထုပ်ကြီးနှစ်ထုပ်ကို ဖယ်ထုတ်လို့ ရတော့မယ်၊ အောင်ပွဲခံတဲ့အနေနဲ့ အစားများများစားရမယ် ဟဟဟ'
စားနေရင်း တစ်ဝက်တစ်ပျက် ဆုယီရှို့ထံ ဖုန်းဝင်လာသည်။ ထို့နောက်၊ ဖန်လီချိုး ရှီရှန်းဆီ အာရုံရောက်နေသည့်အခိုက်ကို သူ အခွင့်ကောင်းယူပြီး အခန်းထဲမှ ထွက်သွားတော့လေသည်။ သူ ပြန်လာတော့ နောက်ကကပ်လျက် ပါလာသူက လုချင်းယွင်။
"ဝမ်အာလေး လုချင်းယွင် မင်းကို တွေ့ချင်လို့တဲ့" ဆုယီရှို့ တံခါးဝမှာ ရပ်လျက် ရှီရှန်းကို လက်ယပ်ခေါ်သည်။
'မသွားချင်ပါဘူး၊ နည်းနည်းလေးမှ မသွားချင်ဘူး'
"ဝိုး... ချောလိုက်တာဟာ" လုချင်းယွင်ကို ပထမဆုံး မြင်သူက ဖန်ကျင်းယွီ၊ သူမ၏ မျက်ဝန်းအကြည့်များမှာ အသည်းပုံတွေ ပျံနေမတတ်ပင်။ 'လူသားတစ်ယောက်အတိုင်းအတာကိုတောင် လွန်ပြီး ဘယ်လိုတောင် ချောနိုင်ရက်တာလဲ'
"ဝမ်ကျီလေးက ငါ သတိမထားမိတုန်း အချစ်တွေ ဘာတွေ ရှာထားတယ်ပေါ့" ဖန်လီချိုး တုံ့ပြန်ပုံက အကြီးဆုံး၊ အပြင်းထန်ဆုံး။ မသိလျှင် သူမ ချက်ချင်း ခုန်ထ၍ ရှီရှန်းကို ရိုက်ပုတ်တော့မည့်အတိုင်း။
"တော်တော်ကြည့်ကောင်းတဲ့ တစ်ယောက် ရှာထားတာပဲ၊ နင့်ထက်တောင် ချောသေး၊ နင်တို့ အိမ်မှာ သူက လှလှလေးနေပေးတဲ့ တစ်ယောက်ဖြစ်ပြီး နင်ကျတော့ မိသားစု စားဝတ်နေရေးအတွက် စီးပွားရှာတဲ့သူ ဖြစ်လာမှာလား၊ မဖြစ်ဘူးနော် ဝမ်ကျီလေး မိုက်မိုက်မဲမဲတွေ မစဉ်းစားနဲ့"
'ငါလေးလဲ မစဉ်းစားချင်ပါဘူးနော်၊ ဒီစကားဆက်မပြောဘဲ နေရအောင်လို့ မဟုတ်ရင် ငါလေး ငိုမိတော့မယ်'
ရှီရှန်း ထလာလိုက်ပြီး ရယ်ပြုံးနေသော လုချင်းယွင်ဆီ လျှောက်လာလိုက်တော့သည်။
"နင် ဘာဖြစ်ချင်တာလဲ"
ဆုယီရှို့လည်း အလိုက်တသိ အခန်းထဲဝင်သွားပြီး တံခါးပိတ်လိုက်သည်။ အထဲမှ လူအများ၏ အကြည့်ကို ပိတ်ကာလိုက်တော့လေသည်။ လုချင်းယွင်သည် ဆုယီရှို့၏ ဤအပြုအမူကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပြောလတော့သည်။
"ငါနဲ့ အတူတူ လူတစ်ယောက်ကို လိုက်တွေ့ပေး"
......
လုချင်းယွင် သူမကို အဘိုးလုနှင့် တွေ့ပေးမည်ဟု ရှီရှန်း လုံးဝ ထင်မထား။
ရှီရှန်း ကသိကအောက်ဖြစ်လျက် ဆိုဖာပေါ် ထိုင်သာထိုင်နေခဲ့ရသည်။ သူမ အရှေ့တွင်မူ ထန်ဝတ်ရုံရှည်ဝတ်ထားသော အဘိုးကြီးတစ်ဦး ထိုင်နေသည်။ တစ်ခေါင်းလုံး ဆံဖြူ ငွေမင်သန်းလို့၊ သဘောမနောကောင်း ကြင်နာတတ်ပုံရသည်။ သို့သော် စူးရှထက်မြက်သော မျက်ဝန်းများက အရာရာကို ထိုးထွင်းသိမြင်နိုင်သည့်အလား ထင်ရစေသည်။
လုချင်းယွင်သည် သူမနံဘေးမှာပဲ သက်သောင့်သက်သာ ဝင်ထိုင်နေသည်။ သူ့မျက်နှာပေါ်မှ ခပ်ယောင်ယောင်အပြုံးက မပျက်ပြယ်သွား။ သူ့ကြည့်ရတာ သူမအတွက် စကားကောင်း ဝင်ပြောပေးမည့်ပုံ မပေါ်။
'ချီး... ငါလေး ဒီမှာ အိမ်ထောင်ဘက်ရဲ့ လူကြီးသူမကို လာတွေ့နေရတာလား၊ ဒါပေမဲ့ ဘာပြုလို့ ဓားတောင်ကိုကျော်ပြီး မီးပင်လယ်ဖြတ်ရဖို့ ရှိတယ်လို့ အာရုံရနေမိတာတုန်း၊ စိတ်ထင်တာ ဖြစ်ရမယ်၊ စိတ်ထင်တာ'
"မစ္စကျန်းက ရုပ်ရှင်မင်းသမီးဆို" အဘိုးလုက စပြောလာပြီ။ သူ့လေသံ ခပ်သြသြ ရှရှက ရှီရှန်းအား ဖိအားတစ်မျိုး ပေးချင်နေပုံရသည်။
'ဖာခ့် မြေခွေးအိုကြီး...!' ရှီရှန်း စိတ်ထဲမှ ခိုးဆဲလိုက်မိသည်။ လုချင်းယွင်ကိုလည်း ပို၍ ရွံလာမိလေသည်။ မျက်နှာပေါ်မှာတော့ အပြုံးမပျက်စေဘဲ သူမ ပြန်ဖြေလိုက်သည်။
"သရုပ်ဆောင်တာကတော့ အပျင်းပြေအပိုအလုပ်လေးပါပဲ"
"သြော်၊ မစ္စကျန်းမှာ အဓိက လုပ်ငန်းရှိသေးတယ်ပေါ့"
'ဒီကလေးမ မရိုးရှင်းဘူး၊ တခြားလူတွေသာဆို အခုချိန်လောက်ဆို တုန်လှုပ် ထစ်အ, နေလောက်ပြီ'ဟု တွေးမိလိုက်ရင်း အဘိုးလုမှာ သူမကို သဘောကျနေမိတော့သည်။
"ကျွန်မ လောလောဆယ် စီးပွားရေးဘက်မှာ စတည်ထားတယ်၊ သူများနဲ့တော့ ဖက်စပ် လုပ်ထားတာပေါ့၊ အဘိုးလုနဲ့ ယှဉ်ရင် ဖဝါးမှာ ကပ်နေတဲ့ မြူသဲတစ်မှုန်စာလောက်ပဲ ရှိပါဦးမယ်..."
ရှီရှန်း အဘိုးလု မေးသမျှကို ရိုရိုကျိုးကျိုး ပြန်ဖြေသည်။ သူမအကြောင်းကို ပိုသိရလေလေ၊ အဘိုးလုမှာ သူမကို ပိုသဘောကျလေလေ ဖြစ်လာသည်။
"ဟုတ်ပြီလေ၊ ရှောင်ဝမ်လဲ အလုပ်ရှိသေးတယ် မဟုတ်လား၊ ကောင်စုတ်လေး ရှောင်ဝမ့်ကို အမြန် ပြန်ပို့ပေးလိုက်ဦး"
ရှီရှန်းကို ဦးတည်သည့် ပထမတစ်ခွန်းကိုတော့ ကြင်ကြင်နာနာပြောသည်။ သို့သော် လုချင်းယွင်ကို ဦးတည်သည့် နောက်တစ်ခွန်းကိုမူ မျက်စောင်းခဲလျက် ပြောလေခြင်း။
သူတို့နှစ်ဦး ထွက်သွားသောအခါမှ အခန်းအပြင်ဘက်မှ လူအိုကြီးတစ်ဦး ဝင်လာလေသည်။ အဘိုးလု မေးစေ့ကို ပွတ်ကာ မေးတော့၏။
"အဲ့ဒီ ကလေးမလေးကို ဘယ်လိုမြင်သလဲ"
အဘိုးအိုသည် မိမိအတွေးများကို ခေတ္တ ပြန်လည်စီစဉ် သုံးသပ်နေလိုက်ပြီးမှ ဖြေသည်။ "ဉာဏ်ကောင်းတဲ့ ကလေးပဲ၊ နောက်ကြောင်းလဲ ရှင်းတယ်၊ ပြဿနာကို တည်တည်ငြိမ်ငြိမ်ရင်ဆိုင်ဖြေရှင်းတယ်၊ စကားပြောဆိုပုံကလဲ သာမန်လူတွေလို မဟုတ်ဘူး။ သူ့ကြည့်ရတာ... မိန်းကလေး ငယ်ငယ်နဲ့ မတူဘူး"
သူမ ဟန်ပန်အမူအရာများက အောင်မြင်မှု၊ ကျရှုံးမှုပေါင်းများစွာကို ကြုံတွေ့ခဲ့ဖူးသူတစ်ဦးနှင့် တူနေသည်။
'ဒါပေမဲ့ သူက မိန်းမငယ်လေးတစ်ယောက်ပဲလေ၊ ဘယ်လိုလုပ်ပြီး အောင်မြင်မှု၊ ရှုံးနိမ့်မှုပေါင်းများစွာကို ကျော်ဖြတ် ကြုံတွေ့ဖူးမှာလဲ' ဤအချင်းအရာက ထူးခြားနေသည်ကို အဘိုးအို သိသည်။ ထို့ကြောင့် သူ နှုတ်မှ ထုတ်ဖော်မပြော။ သို့ရာ၌ အဘိုးလုသည်လည်း ဘဝသက်တမ်းတစ်လျှောက်လုံး စီးပွားရေးလောကမှာ ကျင်လည်လာသူဖြစ်ရာ ဤအချက်ကို သတိမထားမိဘဲ ဘယ်နေပါ့မလဲ။
"စုံစမ်းကြည့်ပြီးပြီလား"
"သူ့အကြောင်းတချို့တော့ ရှာကြည့်လိုက်နိုင်တယ်၊ သူ့နာမည်နဲ့ ထောင်ထားတဲ့ အင်တာတိန်းမန့်ကုမ္ပဏီတစ်ခုရှိတာတော့ အမှန်ပဲ၊ သူ့ကိုယ်ပိုင် ပိုင်ဆိုင်မှုကတော့ အတော်လေး များလိမ့်မယ်၊ ဒါပေမဲ့ ကိန်းဂဏန်းအတိအကျတော့ မစုံစမ်းနိုင်သေးဘူး" ပိုင်ဆိုင်မှုတချို့ကို သူမ၏ နာမည် အမည်ပေါက်နှင့် မထားထားသောကြောင့် လုမိသားစု၏ အစွမ်းအစဖြင့် ရှာသည့်တိုင် ရှီရှန်း၏ ဥစ္စာစည်းစိမ် အများစု၏ တန်ဖိုးကို ခန့်မှန်းချေသာ သိနိုင်လေသည်။ အတိအကျ မတွက်ဆနိုင်။
ဘိုးဘိုးလုကတော့ အံ့သြသွားပုံမရ။ သူ ရယ်သာ ရယ်သည်။ "လူငယ်တွေ သူတို့ကိစ္စ သူတို့ ရှင်းကြပါစေ"
မိမိလက် မိမိခြေဖြင့် ဤမျှ ကြွယ်ဝလာအောင် ထူထောင်နိုင်သော အမျိုးသမီးငယ်တစ်ယောက်အနေနှင့် လုချင်းယွင်အပေါ် မကောင်းသော သဘောဖြင့် ချဉ်းကပ်နေမည်ဟု သူ မထင်တော့။ သူမ၏ ပိုင်ဆိုင်မှု ငွေကြေးများကို သူမ အလိုရှိတိုင်း ပွားများအောင် စွမ်းဆောင်နိုင်သည် မဟုတ်ပါလား။
......
အဘိုးလု စံအိမ်မှ ထွက်လာသည်နှင့် ရှီရှန်း ပထမဆုံး လုပ်ဖြစ်သည်က လုချင်းယွင်ကို လူအသွားအလာပြတ်သည့် ချောင်ထဲ ဆွဲခေါ်လာပြီး မျက်စောင်းခဲရန်တွေ့နေလိုက်ခြင်းပင်။ "လုချင်းယွင်၊ နင့်အဘိုးကို သွားတွေ့မလို့ဆိုတာ တကယ်ကြီး မျက်နှာချင်းဆိုင် မတွေ့ခင်ကတည်းက ငါ့ကို ကြို အသိပေးထားလို့ မရဘူးလား"
လုချင်းယွင် သူမ ချုပ်နှောင်မှုမှ အလွတ်ရုန်းလိုက်သည်။ နောက်တော့ သူမ အတင်းဆွဲခေါ်လာတုန်းက ကြေတွန့်သွားသော အဝတ်အစားများကို အလျင်မလိုဟန်ဖြင့် ပြန်ဖြန့်ခါနေလေ၏။ "မင်း တော်ပါတယ်၊ အဘိုး မင်းကို သဘောကျသွားတာပဲ"
"ငါသာ ကြိုသိရင်..." ရှီရှန်း ဟန့်ကနဲ အသံပြုလိုက်ပြီး ပါးနှစ်ဖက်ကို ဖောင်းထားလိုက်ကာ ပြောတော့သည်။ "ဒီလို မဖြစ်ပါဘူး၊ ခုနတုန်းက ငါ ကြောက်သွားရတာမို့ နင် ပြန်လျော်ပေးရမယ်၊ ငါ အဝတ်အစားတွေ အိတ်တွေ ဝယ်ချင်တယ်၊ နင် ငါ့ကို အိမ်တွေ ပြိုင်ကားတွေပါ ဝယ်ပေးမှ ရမယ်"
'ငါလေးသာ နှလုံးမကောင်းရင် တစ်ခါတည်း လန့်သေသွားလောက်တယ်နော်၊ ဘိုးဘိုးလုကို ရင်ဆိုင်ရတာ ငါလေးမှာ တောင်လုံးကြီး ပိနေသလို ဖိအားဒဏ်ခံရတာ၊ ဒါတောင် ဒီသူတောင်းစားက ငါလေးကို ကြို သတိပေးဖော်လဲ မရဘူး'
လုချင်းယွင် ရုတ်တရက် သူမ ခေါင်းကို ပွတ်သပ်ရင်း ပြုံးလေ၏။ "မင်း အဘိုးကို ပြည်ပထွက်သွားအောင်၊ ငါ့ကိစ္စတွေမှာ ဝင်မစွက်ဖက်တော့အောင် လုပ်ပေးနိုင်ရင် မင်း လိုချင်သမျှ ငါ အကုန် ဝယ်ပေးမယ်"
'ငါ့ခေါင်းကို ပွတ်လို့ရတယ်လို့ ဘယ်သူ ပြောလဲ'
ရှီရှန်း သူမခေါင်းပေါ်က လုချင်းယွင်၏ "လက်သည်းခုတ်" ကို ပုတ်ထုတ်တော့မည့်စဲစဲ သူ့စကားကို ကြားလိုက်ရသည်။ ချက်ချင်းဆိုသလို သူမ မျက်ဝန်းလေးများ တောက်ပသွားတော့လေသည်။ "တကယ်ပြောတာလား၊ ငါ လိုချင်တာ အကုန် ဝယ်လို့ရလား၊ ငါ ကြိုက်သလို သုံးလို့ ဖြုန်းလို့ ရတယ်လား"
'ဝယ်မယ် ဝယ်မယ် ဝယ်မယ် ဝယ်မယ် ဝယ်မယ်...'
ဤစကားလုံးသာ ရှီရှန်း ခေါင်းထဲ ပဲ့တင်ထပ်လို့နေတော့၏။
လုချင်းယွင်ကတော့ သူ့လက်ကို သူ တည်တည်ငြိမ်ငြိမ် ပြန်ရုတ်လိုက်သည်။ မင်နက်ပမာသော သူ့မျက်ဝန်းတွေမှာ အမျိုးသမီးလေး၏ ဖြူနုသော မျက်နှာ ထင်ဟပ်နေသည်။ သူ ပြုံးလိုက်တော့၏။ "တကယ်ပြောတာ"
နောင်တစ်ချိန် ရောက်ခါမှ လုချင်းယွင် သိခဲ့ရသည်။ ယနေ့ သူ ချမှတ်ခဲ့သော ဆုံးဖြတ်ချက်မှာ သူ့ဘဝတွင် နောင်တအရဆုံး ဆုံးဖြတ်ချက်တစ်ခု ဖြစ်လာသည်ကို။ နောင်တရစရာ တစ်ခု မဟုတ်။ နောင်တ အရဆုံး တစ်ခု။
လုချင်းယွင် ရှီရှန်းကို ရုပ်ရှင်ရိုက်ကွင်းနေရာထိ ပြန်ပို့ပေးခဲ့သည်။
အချိန်တိုတိုအတွင်းမှာပင်၊ ရှီရှန်းကို ထောက်ပံ့နေသော စပွန်ဆာ ချောချောလေးတစ်ယောက်ရှိနေသည့်အကြောင်း ရုပ်ရှင်အဖွဲ့သားများ အကြား သတင်းပျံ့သွားလေသည်။ ဒါရိုက်တာလင်းသည် လုချင်းယွင် မည်သူဖြစ်မှန်း မသိငြား ဆုယီရှို့ကိုတော့ သိသည်။
ဆုယီရှို့မှာ ဖန်လီချိုးနှင့် ကျန်သူတို့ကို ရိုက်ကွင်းလာပို့ခြင်း။ ထို့နောက် လုချင်းယွင်နှင့် အတူ ပြန်သွားလေသည်။
'ဆုယီရှို့က နောက်လိုက်အဖြစ် လိုလိုလားလား နေပေးနိုင်တာဆိုတော့ အဲ့ဒီလူဟာ လုမိသားစုကပဲ ဖြစ်ရမယ်'
မနှစ်ကတည်းက ကောလဟလများ ထွက်နေသည်က လုမိသားစုဝင် ထိုပုဂ္ဂိုလ် ပြန်လာပြီဟူ၍။ သို့သော် မည်သူတစ်ဦးတစ်ယောက်မှ သူ့ကို မတွေ့ရသေး။ ထို့ကြောင့် ကောလဟလများ မှန် မမှန် မသိကြရပေ။ ယနေ့မှာတော့ ထိုပုဂ္ဂိုလ်အမှန်တကယ် ပြန်ရောက်နေပံရသည်။ ဒါရိုက်တာလင်းသည်လည်း စိတ်ထဲမှ ကျိတ်၍ ဝမ်းသာနေတော့သည်။ အရင်တုန်းက ရှီရှန်းအပေါ် ရေနစ်သူ ဝါးကူမထိုးဖြစ်၍ တော်သေးသည်ဟု သူ တွေးနေမိတော့သည်။