ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၁၈)
တောင်၏ လမ်းတစ်ဝက်၌ ဟန်လင်းနှင့် သူ့လက်ထောက်တို့ ရိုက်ကူးရေး အဖွဲ့သားတို့နောက်ကနေ
ဖြည်းဖြည်းချင်း တက်လာနေသည်။ ဤအစီအစဉ်၌ စုစုပေါင်း လူရှစ်ယောက်ပါဝင်ပြီး သူတို့လမ်းကြောင်းကို သူတို့ကိုယ်တိုင် ရွေးချယ်ခွင့်ရှိလေသည်။ သူတို့နောက်သို့ ကင်မရာမန်း
နှစ်ယောက်ကိုသာ လိုက်ခွင့်ပေးရမည်။ အဖွဲ့၏ လူအများစုက ရှရွှမ်းနောက်ကိုသာ လိုက်ကြ
သည်။
"အစ်မရွှမ်က နားချင်တယ်လို့ ပြောတယ်။ ဒါရိုက်တာ၊ ခဏလောက် နားကြရအောင်"
ရှရွှမ်း၏လက်ထောက်က ဒါရိုက်တာဆီ မာန ထောင်လွှားစွာ အပြေး သွားပြောလေသည်။ အဖြေကိုတောင် မစောင့်တော့ဘဲ သူမ ရှရွှမ်းဘေးကို ပြန်သွားသည်။
ကူရာကယ်ရာ မဲ့နေသည့် ဒါရိုက်တာကတော့ အားလုံးကို နားခွင့်ပေးလိုက်ရသည်။
ယခု ရှရွှမ်း သူမကို အခစားဝင်ရန် စောင့်စားနေသည့်ပုံကို ဟန်လင်း ဆွံ့အစွာ ကြည့်လျက်ရိုက်ကူးရေး ဝန်ထမ်း ပေးထားသည့် ရေခဲရေကိုသာ အလျင်စလို မျိုချလိုက်ရသည်။
"ဒါနဲ့ဆို ငါတို့ နားဖို့ ရပ်တာ ခြောက်ခါရှိနေပြီ၊ ပြီးတော့ ငါတို့ လမ်းတစ်ဝက်ပဲ ရောက်သေးတယ်။ ငါတို့တောင်ထိပ်ကို ရောက်သွားတဲ့ အချိန်ဆို ညတောင် ရောက်နေလောက်ပြီ။ အစောကြီးကတည်းကဒီလို ဖြစ်မယ်ဆိုတာသာ သိခဲ့ရင် ငါ အစ်မဝမ်နောက်ကိုပဲ လိုက်သွားပါတယ်"
ကျန်သုံးယောက်ကလည်း အနား ကပ်လိုက်ပြီး ဖန်လီချိုးက ကလိမ်ကျကျ ပြုံးလိုက်သည်။
"ငါအခုအစ်မဝမ် ဘာလို့ ငါတို့ကို ရိုက်ကူးရေး အဖွဲ့သားတွေနောက်ကို လိုက်ခိုင်းမှန်း သိသွားပြီ"
"ဘာလို့လဲ"
ဖန်လီချိုး ဖုန်းကို ခါပြသည်။ စကားဖြင့် ပြောစရာမလိုဘဲ သူတို့ကြား ရှိသည့်
နားလည်မှုကြောင့် ကျန်သည့်သူတို့ ချက်ချင်း သဘောပေါက်လေသည်။
သူတို့ လေးယောက် တူတူ ပူးကပ်ထိုင်ကာ တိုးတိုးလေး ဆွေးနွေးနေကြသည်။
များသောအားဖြင့် ဖန်ကျင်းယွီ နှင့် ဟန်လင်းတို့က ပြောပြီး ယန်ကျဲနှင့် ကျန်းမင်တို့က နားထောင်သည်။
"ဟေ့၊ နင်တို့၊ တောင်အောက်ဆင်းပြီး အစ်မရွှမ်အတွက် စမ်းရေ သွားဝယ်ပေးစမ်း"
ခဏကြာသော်ရှရွှမ်း၏ လက်ထောက် အထက်စီးကနေ အမိန့်ပေးကာ သူတို့ဘေးနားကို
လာရပ်လေသည်။
အနီးအနားရှိလူတို့က အဝေးကို ရောက်နေတာကြောင့် အနီးဆုံး၌ သူတို့လေးယောက်သာ ရှိလေသည်။ ထို့အပြင် ဒီအဖွဲ့က သူတို့က ပျမ်းမျှအားဖြင့် အသက် ၂၀ မကျော်သေးတာကြောင့်
ရှရွှမ်း၏ လက်ထောက်က သူတို့ကို အလွတ်မပေးချေ။
ဖန်လီချိုးက လက်ထောက်ကို ကြည့်လိုက်သည်။
"ရိုက်ကူးရေးအဖွဲ့သားတွေ သောက်ရေကို အဆင်သင့်ပြင်ပြီးသားလို့ ငါက ထင်နေတာ"
"အစ်မရွှမ်က အဲတံဆိပ်ကို မသောက်ဘူးလေ၊ ဘာတွေ ပွစိပွစိပြောနေသေးတာလဲ။ မြန်မြန် သွားလေ၊ သွား"
"ဆောရီးနော်၊ ငါတို့က ရိုက်ကူးရေး ဝန်ထမ်းတွေ မဟုတ်ဘူး"
ယန်ကျဲ မတ်တတ်ရပ်လိုက်ကာလက်ထောက်ကို ယဉ်ယဉ်ကျေးကျေးဖြင့် ပြုံးပြလေသည်။
"မမပဲ ရိုက်ကူးရေး ဝန်ထမ်းတစ်ယောက်ဆီ သွားပြီး အစ်မရွှမ်အတွက် ရေဝယ်ခိုင်းလိုက်ပါလား။ ဒီမှာလည်း မြင်တဲ့အတိုင်း... အားလုံး ပင်ပန်းနေလို့ပါ"
လက်ထောက် မျက်နှာရှစ်ခေါက်ချိုးဖြင့် သရော်လိုက်လေသည်။
"လူငယ်တွေက အားကစားပိုလုပ်သင့်တယ်နော်။ ရေလေး သွားဝယ်ရုံပဲကို၊ ဘာတွေ မပျော်မရွှင် ဖြစ်နေတာလဲ။ ဆက်ဆံရေး ကောင်းအောင် လုပ်တာလည်း အရေးကြီးဆုံး အရည်အချင်းပဲ"
ဟန်လင်း ယန်ကျဲကို ဆက်မပြောတော့ရန် လှမ်းဆွဲလိုက်သည်။
"အစ်မရွှမ်က ဘာတံဆိပ်သောက်တာလဲ။ သွားဝယ်ပေးပါ့မယ်"
"ဒီလိုမှပေါ့"
လက်ထောက် သူတို့ကို တံဆိပ်နာမည် ပြောပြပြီး မြန်မြန် သွားရန် ဆော်ဩပြီးနောက် ဝင့်ကြွားစွာဖြင့် ထွက်သွားသည်။
"ဟန်လင်း၊ ငါ့ကို ဘာလို့ တားလိုက်တာလဲ"
ယန်ကျဲက စိတ်မချမ်းမသာ ဖြစ်နေတုန်းပင်။
'အဲမိန်းမက ငါတို့ကို အနိုင်ကျင့်နေတာ အသိသာကြီးပဲလေ'
"ရှရွှမ်းက နာမည်ကြီး မင်းသမီးတစ်လက်လေ၊ ပြီးတော့ ဩဇာလည်း ရှိတယ်။ သူ့ဘေးနားက
လူတွေက ရိုင်းပေမဲ့ သူမ ဘယ်လောက်ကောင်းလဲ ဆိုတာသာကြည့်၊ ဒါရိုက်တာတောင် သူမစကားကို နားထောင်နေရတာ။ ငါတို့က ခုထိ ပွဲဦးတောင် မထွက်ရသေးဘူးလေ။ ငါတို့ သူမကို ဘယ်လိုလုပ် ဆန့်ကျင်နိုင်မှာလဲ"
ဟန်လင်းက အသက်အကြီးဆုံး ဖြစ်တာကြောင့် ကျန်သုံးယောက်ထက် ပိုပြီး ရှင်းရှင်းလင်းလင်းမြင်တတ်လေသည်။
"ဒါဆို ငါတို့ ဒါကို ဒီအတိုင်းပဲ ထားလိုက်ရမှာလား" ဖန်ကျင်းယွီ စိတ်မချမ်းမသာ ဖြစ်နေဆဲပင်။
"ဘာလို့ အဲလို တွေးရတာလဲ" ဟန်လင်း ပြုံးလိုက်သည်။
"ထိပ်မှာ ဘယ်သူစောင့်နေလဲဆိုတာ မေ့နေပြီလား"
ကျန်သုံးယောက်၏ မျက်လုံးတို့ အပေါ်ကို မော့ကြည့်လိုက်သည်။ 'အစ်မဝမ် အပေါ်မှာ ရှိတာပဲ'
ဟန်လင်း ယန်ကျဲနှင့် သောက်ရေ ဝယ်ရန် တောင်အောက်မဆင်းခင် ရိုက်ကူးရေး အဖွဲ့သားတို့ကို သွား အကြောင်းကြားလေသည်။ ထို ဝန်ထမ်းက ကိုယ်စားသွားပေးချင်ပေမဲ့ ဟန်လင်းက ယဉ်ကျေးစွာ ငြင်းလိုက်သည်။
သူမ၏ သနားစရာ ပုံပန်းသွင်ပြင်ကြောင့် ရှရွှမ်းကို နည်းနည်း မကျေမနပ်ဖြစ်လာသည့် ရိုက်ကူးရေး
အဖွဲ့သားအချို့ဆီမှ အမှတ်အချို့ ရသွားသည်။ ပင်မအဖွဲ့ သူတို့ ပန်းတိုင်သို့ ရောက်သွား
ချိန်၌ ညနေ ခြောက်နာရီထိုးခါနီးလေပြီ ဖြစ်သည်။
ရှီရှန်းက နားနေဆောင်၌ ထိုင်နေသည်။ ဟန်လင်းတို့ အဖွဲ့ ဖရိုဖရဲဖြင့် ရောက်လာတာကြောင့်
သူမ မော့ကြည့်လိုက်သည်။
"ဘာဖြစ်လာတာလဲ။ ဘာလို့ နင်တို့ ဒီလောက် စုတ်ပြတ်နေတာလဲ"
"ရှရွှမ်းရဲ့ လက်ပါးစေတွေ အနိုင်ကျင့်လိုက်လို့" 'သူတို့ကို မနိုင်ဘူးမလား၊ ကိစ္စမရှိပါဘူး၊ အမြဲတမ်း ကုမ္ပဏီရှိနေမှာပါပဲ' ဆိုသည့် သူတို့ကုမ္ပဏီ၏
ပေါ်လစီကို သိတာကြောင့် မဆိုင်းမတွဘဲ အတင်းပြောလိုက်သည်။ ရှီရှန်း သူမဖက်ကို ကြည့်နေသည့် ရှရွှမ်းကို လှမ်းကြည့်လိုက်သည်။ သူတို့ အကြည့်ချင်း ဆုံသွားလေသည်။
ရှီရှန်း၏ မျက်လုံးတို့ ဂယက်တို့ ကင်းစင်ကာ တည်ငြိမ်နေသည်။ ဒါက ရှရွှမ်းကို စိတ်ရှုပ်ထွေးစေသည်။
ရှရွှမ်း သူမကားပေါ်ကနေ သူတို့ လေးယောက် ဆင်းသွားသည်ကို တွေ့ထားဖူးတာကြောင့် သူမ
သူတို့ကို နှိပ်စက်ရန် နည်းလမ်းတို့ ရှာတွေ့ပြီးပြီ ဖြစ်သည်။ သို့ပေမဲ့ ရှီရှန်း စိတ်မချမ်းမသာ
မဖြစ်သွားသည်ကိုတော့ ရှရွှမ်း လုံးဝ မျှော်လင့်မထားပေ။
"ကျန်တဲ့ သူတွေနဲ့ သွားနားချည်။ ကျန်တာ ငါ ကြည့်ရှင်းလိုက်မယ်"
ရှီရှန်း ဟန်လင်း၏ ပခုံးကိုပုတ်ပြီး ဒါရိုက်တာဆီသို့ သွားလေသည်။
ဒါရိုက်တာက ပါဝင်သူတို့ကို စုဝေးရန် ခေါ်လေသည်။ ရှီရှန်းကလွဲ၍ ကျန် ခုနစ်ယောက်လုံးမှာဖရိုဖရဲ
ဖြစ်နေကြသည်။
"ဟေ့၊ ရှောင်ဝမ်ကျီ [1]၊ မင်းက အရင် ရောက်နေပြန်ပြီပဲ"
ဘေးကနေ လျှောက်လာသည့်အမျိုးသမီးက ရှီရှန်းလည်ပင်းကို ဖက်လိုက်၏။
သူမ နာမည်က ဖန်လီချိုး ဖြစ်ပြီး သူမက အဆင့်တစ် မင်းသမီး ဖြစ်၏။ သူမလည်း အစီအစဉ်ထဲ
ရှီရှန်းနှင့် တစ်ချိန်တည်း တူတူ ဝင်လာပြီး အကြောင်းအရင်းမရှိ ရှီရှန်းကို သူမ သဘောကျနေလေသည်။ သူမက ရှီရှန်းကို 'ရှောင်ဝမ်ကျီ' ဟူ၍ နာမည်ပြောင်တောင် ပေးထားလေသည်။
'အဲဒါ ဘာနာမည်ပြောင်ကြီးလဲ ဆိုတာ ပြောပြစမ်းပါဦး'
"ငါ ကားပေါ်က ဆင်းပြီးပြီးချင်း မင်းကို လိုက်ရှာချင်တာ၊ ဒါပေမဲ့ ဘယ်သူက သိမှာလဲ...ငါမင်းကိုလိုက်ရှာချိန်မှာ မင်းက ပျောက်တောင် ပျောက်သွားပြီလေ။ ငါ့မှာ ဘယ်လောက်ထိ အထီးကျန်ပြီး ကူရာကယ်ရာ မဲ့နေခဲ့သလဲဆိုတာ သိရဲ့လား"
ဖန်လီချိုးက ရှရွှမ်းကို မကျေနပ်ချက် အပြည့်နှင့် ကြည့်လိုက်သည်။ ရှရွှမ်း၏ကားက ဖန်လီချိုး၏ကား အပါအဝင် ကားအများကြီးကိုပိတ်ထားတာကြောင့် သူမ ဆက်မသွားနိုင်ဘဲ ပိတ်မိနေခဲ့၏။
"မသိဘူး"
ရှီရှန်း သွားပေါ်သည်အထိ ပြုံးလိုက်သည်။
"ဒါပေမဲ့ တကယ်လို့ မင်း ငါ့ခန္ဓာကိုယ်ကို ဒီလိုမျိုး လာလာ ချိတ်နေဦးမယ်ဆိုရင်တော့ မင်း ညစာစားချိန် အထီးကျန်ပြီး ကူရာကယ်ရာ မဲ့တယ်ဆိုတာ အမှန်တကယ် ဘယ်လို ခံစားရလဲ သိသွားအောင် လုပ်ပေးမယ်လို့ ကတိပေးတယ်"
ဖန်လီချိုးက ရှီရှန်းကို ချက်ချင်းလွှတ်ပေးလိုက်တော့သည်။
"ဟီးဟီး၊ ရှောင်ဝမ်ကျီက အတော်ဆုံးပဲ"
အရင်ဆုံး ရောက်သည့်သူက ညစာကို ဖွယ်ဖွယ်ရာရာ စားရမည် ဖြစ်သည်။ အဲဒါကို အစအဆုံးရိုက်ကူးမည် မဟုတ်တာကြောင့် ရှီရှန်းသာ ဆန္ဒရှိပါက ဖန်လီချိုးကို တစ်ချို့တစ်ဝက် ခွဲပေးနိုင်သည်။
ဖန်လီချိုးနှင့် ရှီရှန်းတို့ ဆွေးနွေးနေစဉ် ဒါရိုက်တာက အရေးမကြီးသည့် အကြောင်းအရာတို့ကိုပြောလို့ပြီးသွားပြီး နောက်ဆုံးတော့ လိုရင်ကိုရောက်လေသည်။
"...*ချောင်းဆိုးကာ* အခု ကျွန်တော် quest စာရွက်တွေကို ဆွေးနွေးသွားမှာပါ။ အဲစာရွက်လေးတွေထဲမှာသာ သဲလွန်စတွေကို ရေးထားမှာပါ၊ သင့်တို့အတွက် mission က မနက်ဖြန် မနက် ၇နာရီထပြီး
သဲလွန်စတွေကရည်ညွှန်းတဲ့ အရာတွေကို ရှာရမှာပါ။ အဲအရာတွေကို ရှာမတွေ့တဲ့သူက မနက်စာမစားရပါဘူး"
ရိုက်ကူးရေးအဖွဲ့က ပေးထားသည့် သဲလွန်စများက ဖော်ထုတ်ရန် အရမ်း ရှုပ်ထွေးလေသည်။ အရာဝတ္ထုကို မရှာခင် ဘိုးဘေးတို့ ဆွေစဉ်မျိုးဆက် ၁၈ဆက်တို့၏ စကားစုကို ထည့်စဉ်းစားရလေမည်[2]။ quest စာတိုလေးတို့ကို ပြောပြပြီးနောက် ညစာစားချိန် ရောက်လေ၏။ ဖန်လီချိုးကလွဲ၍ အားလုံးက
ရှီရှန်း၏ ခမ်းနားလှသည့် ဈေးကြီးကြီး ညစာကို ဗိုက်ဟောင်းလောင်းဖြင့် ငေးကြည့်နေရလေသည်။
ရှရွှမ်းက သူမပန်းကန်လုံးထဲက တရုတ် ဂေါ်ဖီထုပ်[3]ကိုသာ ထိုးလိုက်သည်။ သူမ အမူအရာက ရုပ်ဆိုး အကျည်းတန်သော်ငြား ကင်မရာက သူမဖက်သို့ လှည့်လာသည့် အခါ နူးညံ့ သိမ်မွေ့သည့်မျက်နှာထားသို့ ရုတ်ခြည်း ပြောင်းသွားလေသည်။ သူမ ပြုတ်ထားသည့် တရုတ် ဂေါ်ဖီထုပ်ကို
အဆင့်မြင့် ညစာကို စားနေသကဲ့သို့ စားလေသည်။
ရိုက်ကူးရေး ပြီးသွားသည့်အခါ ရှီရှန်းကို ခန်းမ၌ တစ်ယောက်တည်း ချန်ခဲ့ပြီး ဖန်လီချိုးကို ရှရွှမ်း၏
လက်ထောက်က ဆွဲခေါ်သွားသည်။
"ကျန်းဝမ်၊ မတွေ့ရတာ ကြာပြီနော်"
ရှီရှန်း မော့ကြည့်လိုက်ပြီး ပြုံးလိုက်သည်။ "ဟုတ်ကဲ့"
'ငါလေးတောင် နင့်ကို လာမရှာရသေးဘူး၊ နင်က ငါ့တံခါးဝရှေ့ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်လာပါလား'
"ငါ နင့်ဆီ ဘာလို့ လာလဲ သိလား"
ရှရွှမ်း ရှီရှန်းကို မျက်လုံးတို့ကို မှေးလိုက်ကာ အကဲခတ်လျက်မျက်နှာချင်းဆိုင် ထိုင်လိုက်သည်။
ရှီရှန်း ခဏစဉ်းစားချင်ယောင်ဆောင်လိုက်ကာ "ဇွတ်တရွတ်နိုင်တာ" ဟု ပြုံးလျက် ပြောလေသည်။
"နင်..." ရှရွှမ်း အမူအရာ ပြောင်းသွား၏။ 'ဒီ အဖြေက ဇာတ်ညွှန်းထဲမှာ မပါဘူးလေ'
"ဘုရားရေ၊ အဲလူက အရမ်းမိုက်တာပဲ..."
"သူက အစီအစဉ်အတွက် ဧည့်သည့် အနုပညာရှင်များလား။ ဒါပေမဲ့ သူ့လို အနုပညာရှင်ကို အရင်က မတွေ့ဖူးဘူး...ယီ... သူ အစ်မရွှမ်ဆီ သွားနေတာဟ..."
[1] သူမ ကျန်းဝမ်ကို ရှောင်ဝမ်ကျီလို့ ခေါ်တာပါ။ 'ရှောင်ဝမ်ကျီ' က 'ဝမ်' က 'ကျန်းဝမ်'က 'ဝမ်' နဲ့မတူပါဘူး။ ကျန်းဝမ် က '江晚' ဖြစ်ပြီး ရှောင်ဝမ်ကျီက '小丸子' ပါ။
'小丸子 က အသားတုံးလေး လို့ အဓိပ္ပာယ်ရတာပါ။
[2]ဒါက တိုက်ရိုက် အသုံး မဟုတ်ပါဘူး။ ဆိုလိုရင်းကတော့ နှံ့နှံ့စပ်စပ် ရှာဖွေတာပါ။
[3] ဒီလိုပုံပါ