ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၁၀)
~~~~~~~~~~~~~~~~~~~~~~~~~
"ရှမန် နင် ပြန်လာရဲသေးတယ်ပေါ့လေ၊ ဘယ်လိုတောင် ရှက်ကြောမရှိတာလဲ၊ ငါသာဆိုရင် ပြည်ပမှာပဲ တစ်သက်လုံးနေပြီး ပြန်လာမှာတောင် မဟုတ်ဘူး၊ ရှမိသားစုနဲ့ ကိုယ့်ကိုယ်ကိုယ် အလကားနေ အရှက်မကွဲရအောင်လို့ပေါ့"
ရှီရှန်း ဆက်လျှောက်သွားတော့မည့်စဲစဲ၊ ရှမန်နာမည်ကို ခေါ်၍ ပြောဆိုနေသံများကို ကြားလိုက်ရလေသည်။ သူမလည်း တုံ့ခနဲ ရပ်သွားကာ ပြန်လှည့်လာမိတော့သည်။
ရှီရှန်းနှင့် ခြေလှမ်းအနည်းငယ်အကွာ နေရာ၌ လှပ ကျော့မော့နေအောင် ဝတ်စားထားသော အမျိုးသမီးတစ်ဦးက ရှမန်ကို ဆက်သွားခွင့်မရအောင် လမ်းပိတ်ထားသည်။ ရှမန် အကြည့်လည်း မာကြောသွားပြီး အေးစက်စက်အသံနှင့် တုံ့ပြန်တော့၏။
"ငါနဲ့ ရှမိသားစုက ဘာမှ မဆိုင်တော့ဘူး"
ရှရွှမ်းမျက်နှာပေါ်၌ လှောင်ပြောင်သရော်လိုမှုတို့က အထင်းသားနှင့် သူမက ဆိုလာသည်။
"ဪ နင်က မာရေကျောရေနဲ့ပါလား၊ ဘာလဲ နောက်က အားကိုးစရာများ ရှိနေပြီမို့လား၊ ဟုတ်သားပဲ၊ နင့်မှာ အသုံးချစရာ အားကိုးစရာဆိုလို့ ဒီခန္ဓာကိုယ်ပဲ ရှိတော့တာမလား"
ဖြောင်း
ရှရွှမ်း ယိုင်လဲသွားပြီး ရှီရှန်းကို ဝင်တိုက်မိတော့သည်။ ရှီရှန်းပါ ခြေလှမ်းများ ယိုင်သွားကာ အနီးရှိ ပန်းအိုးအား ဝင်တိုက်မိသွား၏။ ထိုပန်းအိုးမှာ လေးထောင့်စပ်စပ်ဖြစ်သောကြောင့် သူမခါးမှာ ထောင့်တစ်ထောင့်နှင့် ဆောင့်မိသွားပြီး အထိနာသွားလေသည်။
'ငါက ပွဲကြည့်ရုံလေးလေ၊ ဘယ်လိုလုပ် ငါပါ ခံလိုက်ရတာတုန်းလို့ ပြီးတော့ လုချင်းယွင်စုတ်. . . နင် ငါ့ကို ဖမ်းပေးထားလိုက်ရင် သေသွားမှာမို့လား '
လုချင်းယွင်မှာ သူမနံဘေး ရပ်နေခြင်းဖြစ်သည်။ သူ အထူးတလည် ကြိုးစားစရာမလိုဘဲ သူမ လဲမကျသွားအောင် ထိန်းပေးလိုက်နိုင်ရက်နှင့်၊ လက်ပိုက်ကာ ပြုံးလျက် ကြည့်ပေးရုံသာ နေသည်။
"မင်း ဘာဖြစ်သွားသေးလဲ"
လက်တစ်စုံက သူမကို တွဲထူပေးလာသည်။ ရှီရှန်း မျက်မှောင်ကြုတ်လျက် မော့ကြည့်လိုက်တော့ ရှီးမော့ပင်။
"အားမော့၊ ရှင်က ကျွန်မကို ရိုက်ဖို့ လူရှာထားတာလား၊ ကျွန်မမှာ ဘာအမှား ရှိလို့လဲ"
ရှရွှမ်းက သူမမျက်နှာအား အုပ်ကိုင်လျက် ရှီးမော့အား မခံမရပ်နိုင်ဖြစ်နေရသော မျက်နှာကလေးနှင့် မော့ကြည့်၏။ ခုနက ရှရွှမ်းကို ရိုက်လိုက်သူက ရှီးမော့၏ အတွင်းရေးမှူး ဖြစ်လေသည်။
ရှီးမော့က ရှီရှန်းကို ပွေ့ထူလိုက်ပြီးနောက် သူမ ခါးကို လက်တစ်ဖက်ဖြင့် သိုင်းဖက်ထားလိုက်သည်။ သူ စကားဆိုလာတော့ သူ့အသံက အေးစက်ပြီး သူစိမ်းတရံဆန်နေခဲ့သည်။
"မင်းက ငါ့ချစ်သူ လမ်းကို ပိတ်နေတာကိုး"
ရှီရှန်း၊ "..."
'လီးလီးလားလား ဆင်ခြေကြီး '
'နင့်ဘိုးအေကြီး၊ ရှီးမော့ နင့်ဟာနင် ရှမန်ကို ကူညီချင်တာ၊ ရှမန်အတွက် မကျေနပ်ချက်တွေ ထုတ်ပေးတာဆိုရင်လည်း ငါ့ကို ဆွဲထည့်စရာ လိုလို့လား နင့်ရင်ထဲက လရိပ်ဖြူ ကလေးကို ကာကွယ်ချင်တယ်မလား၊[၁] ကိစ္စမရှိဘူး ဒါပေမဲ့ ငါ့ကို လူဆိုးမ ဖြစ်အောင် လုပ်စရာလား၊ လူမဆန်တဲ့ ခွေးသား '
[၁]လရိပ်ဖြူ = အစားထိုးမရသော အချစ်ဦး အချစ်စစ်
ရှရွှမ်း မျက်ဆန်များ ပြူးကျယ်သွားပြီး သူမ မျက်နှာထားက မယုံနိုင်မှုတွေ အပြည့်။ သူမ ရှီရှန်းဆီကို အသွားထက်ထက်အကြည့်များ ပစ်သွင်းလိုက်ပြီးနောက် ရှီးမော့ကို မေးခွန်းထုတ်တော့သည်။
"သူ၊ သူက ဘယ်သူလဲ"
'ချစ်သူလား ရှီးမော့ ဘယ်တုန်းက ချစ်သူရှိသွားတာလဲ၊ ဒီမိန်းမ အားမော့ကို မြှူဆွယ်လိုက်တာပဲ ဖြစ်ရမယ် '
ရှီရှန်းမှာ ရှီးမော့၏ အထိအတွေ့ကို ရွံလာမိသည်နှင့်၊ လုချင်းယွင်ကို လှမ်းဆွဲကာ လုချင်းယွင် လက်မောင်းကို အားပြု၍ ရှီးမော့ ရင်ခွင်ထဲမှ ရုန်းထွက်လိုက်တော့လေသည်။ လုချင်းယွင် လက်မောင်းကို ဖက်ခိုမှီတွယ်ထားလျက် သူမ ပြန်ပြောလိုက်၏။
"ဥက္ကဋ္ဌရှီး အစားကို ပေါက်ကရ အကုန်စားလို့ ရပေမဲ့ စကားကိုတော့ မဟုတ်က ဟုတ်က မပြောကောင်းဘူးလေ၊ ကျွန်မတို့အကြားမှာ ဘာမှလည်း မပတ်သက်ပါဘဲနဲ့ ဒီလိုပြောတော့ ကျွန်မရဲ့ ဂုဏ်သိက္ခာကို ထိခိုက်တာပေါ့"
'ဒီနေ့တော့ ရှီးမော့ကို ငါ လုံးဝဆန့်ကျင့်လိုက်ရတော့မဲ့ပုံပဲ၊ ဘယ်တတ်နိုင်မလဲ၊ တုန်းဖန်အင်တာတိန်းမန့်မှာ ဆက်နေရရင်လဲ စိတ်ပင်ပန်းနေရမှာ၊ ငါ ပြောချင်တာက၊ တစ်ခုခု ကတောက်ကဆ ဖြစ်လိုက်တာနဲ့ နင့်ကို ဒိုင်းကာလိုထုတ်သုံးတဲ့ သူဌေးလက်အောက်မှာ နင်ဆိုရင်ရော နေချင်မှာလား၊'
လုချင်းယွင်ကတော့ သူ့ကိုယ်ပေါ် မှီနေသော အမျိုးသမီးကို ကြည့်ရလျက် သူ့မျက်ဝန်းတွင်း ကောက်ကျစ်သောအပြုံးတစ်ခု လှစ်ခနဲ ပေါ်သွားခဲ့သည်။ သူ နောက်တစ်လှမ်းဆုတ်လိုက်သည်။ ရှီရှန်း အရှိန်လွန်ပြီး လဲကျသွားစေရန် ဖြစ်သည်။ သို့သော် သူ ဒီလိုလုပ်မည်ကို ရှီရှန်းက ကြိုတွေးမိပြီးသား ဖြစ်၏။ သူမက သူ့ကိုယ်ပေါ် တစ်ကိုယ်လုံး အားပြု၍ မှီချထားသည့်ဟန် ပေါ်သော်လည်း တကယ်တမ်းက သူမ သူ့ကို အားပြုမှီထားခြင်း မရှိခဲ့ပေ။ ထို့ကြောင့် သူ တစ်လှမ်းဆုတ်လိုက်သောအခါ ရှီရှန်းကပါ သူနှင့်အတူ လိုက်ဆုတ်လိုက်သည်။
သူတို့၏ လှုပ်ရှားမှုများက သိပ်မသိသာ။ အခြားသူများ၏ အမြင်မှာတော့ လုချင်းယွင်က ရှီရှန်းကို ပွေ့ထိန်းထားရ လွယ်ကူအောင် ကိုယ်အနေအထား ပြောင်းလိုက်သည်ဟုသာ ထင်ရဖွယ်ရှိ၏။ တကယ်တမ်း သူတို့နှစ်ဦး၏ လျှို့ဝှက်တိုက်ပွဲကိုမူ မမြင်သာပေ။ နောက်ဆုံးမှာတော့ လုချင်းယွင် သူမကို ပြုံးပြလိုက်ပြီး တွန်းထုတ်ရန် လက်လျှော့လိုက်တော့သည်။ သူမခါးကို သူ ပိုတင်းတင်းကျပ်ကျပ် ဖက်ထားလိုက်ပြီး ခါးနေရာကိုသာ ဆွဲဆိတ်လိုက်၏။
'လုချင်းယွင် ခွေးကောင်လေး ' ရှီရှန်း စိတ်တွင်းမှ အံကြိတ်နေရသည်။ 'ချူထန်း နင် အခု ငါ့ရဲ့ blacklist ထိပ်ဆုံးကနေ ဆင်းပေးလို့ရပြီ '
ဤအရာများအားလုံး စက္ကန့်ပိုင်းအတွင်း ဖြစ်သွားခဲ့သည်မို့၊ ရှီးမော့မှာ ရှီရှန်း၏ စကားအဓိပ္ပာယ်ကိုပင် သေချာ နားမလည်နိုင်လိုက်။ သူ လုချင်းယွင်ကို သတိထားမိတော့မှ ရှီရှန်းအား မျက်မှောင်ကြုတ်ကာ ကြည့်လိုက်တော့သည်။
"ဝမ်အာ ဂျီကျမနေနဲ့တော့ ဒီကို ပြန်လာခဲ့"
"ဥက္ကဋ္ဌရှီး ဘာကို ဆိုလိုတာလဲ၊ ကျွန်မက ကုမ္ပဏီရဲ့ အနုပညာရှင်ဖြစ်ပေမဲ့ ကိုယ့်ကိုယ်ကိုတော့ ကုမ္ပဏီကို မရောင်းထားပါဘူးနော်"
ရှီရှန်းက ရှီးမော့ကို အေးစက်စက် ပြန်ကြည့်လိုက်သည်။ 'နင့်နောက်မှာ ရပ်နေတာက သောက်ကျိုးနည်း ဗီလိန်မ အကြီးစားကြီးဟဲ့၊ ငါ ရူးနေမှပဲ နင့်ဆီ လာမှာပေါ့၊'
ရှီးမော့ အသံကို နှိမ့်လိုက်တော့သည်။
"ကျန်းဝမ် မင်း ကိုယ့်ကို ကတိပေးထားတာတွေ မေ့သွားပြီလား"
ရှီရှန်း မအူမလည်ရုပ် ဖမ်းထားလိုက်သည်။
"ကျွန်မ ဥက္ကဋ္ဌရှီးကို ဘာတွေများ ကတိပေးမိခဲ့ပါလိမ့်"
ကတိကဝတ်ထားခဲ့သူက မူလကျန်းဝမ်။ ပြီးတော့ ရှီးမော့က သူမ သဘောတူလာခဲ့အောင် ချော့တစ်လှည့် ခြောက်တစ်လှည့် ပြုခဲ့သည်သာ။ ရှီးမော့က ယခုလို လူသူရှေ့မှာ ထိုကတိအကြောင်း ထုတ်ဖော်ပြောရဲသည်ဟု ရှီရှန်း မထင်။
"ဝမ်အာ၊ ကုမ္ပဏီမှာ ကိုယ် လုပ်စရာလေးတွေ ရှိသေးလို့ နောက်ကျသွားတာပါ၊ စိတ်မကောက်နဲ့တော့နော်"
ရှီးမော့လေသံက ရုတ်တရက် ပျော့ပြောင်းသွားပြန်သည်။
"ဒီကို ပြန်လာပါဦး၊ တဒင်္ဂဒေါသအတွက်နဲ့ မင်းရဲ့ အနာဂတ်ကြီးကို ပစ်ပယ်လိုက်တော့ မလို့လား"
'စောက်ကျိုးနည်း၊ နင်ကများ ငါ့ကို တကယ်ကြီး ခြိမ်းခြောက်လိုက်တယ် '
ရှီးမော့မှာ သွေးအေးရက်စက်သည်။ ရှမန်ကလွဲ၍ မည်သူကိုမဆို သူ အသုံးချနိုင်သည်။
မဟုတ်သေး။ သူ ရှမန်ကိုပါ အသုံးချရက်သည်။ အနည်းအကျဉ်းမျှသာ ဆိုပေမဲ့ပေါ့။
အသက်ကို ခပ်ပြင်းပြင်း ရှူ သွင်းလိုက်ပြီး ရှီရှန်း ပြုံးကာ ဆိုလိုက်သည်။
"ဥက္ကဋ္ဌရှီးနဲ့ ကျွန်မက အလုပ်ရှင်နဲ့ ဝန်ထမ်းအဆင့်ပါပဲ၊ ရှင် နောက်ကျရတဲ့ အကြောင်း ကျွန်မကို ရှင်းပြမဲ့အစား ရှင့်ဇနီးလောင်းကိုပဲ ရှင်းပြသင့်တယ်"
ရှီးမော့နှင့် စေ့စပ်ထားသော ဇနီးလောင်းမှာ ခုနက အရိုက်ခံလိုက်ရသော ရှရွှမ်း ဖြစ်လေသည်။ သူမက ရှမန်၏ အဖေ အရင်အိမ်ထောင်နှင့်ရထားသော သမီးဖြစ်သည်။ သူမမှာ ကျန်းဝမ် ကလဲ့စားချေလိုသော ပစ်မှတ်လည်းဖြစ်၏။
ရှမိသားစု၏ နောက်ခံရှိနေသဖြင့် ရှရွှမ်းမှာ ဤဖျော်ဖြေရေးလောက၌ နာမည်အတန်အသင့်ရထားသည်။ လောလောဆယ်မှာ သူမက ထိပ်တန်းသရုပ်ဆောင်တစ်လက်ဖြစ်နေသည်။
ရှီရှန်းက ရှရွှမ်းအကြောင်း ပြောလာတော့ ရှီးမော့ အတွင်းစိတ်ထဲမှ အေးစက်စွာ ရယ်လိုက်မိသည်။ သူ့စေ့စပ်ပွဲအကြောင်း သိသွားသဖြင့် ကျန်းဝမ် စိတ်ကောက်နေခြင်းဟုသာ သူ ယူဆလိုက်သည်။
ထို့ကြောင့် ရှီးမော့ မျက်နှာထားက ပိုပျော့ပြောင်းသွားကာ ပြောလိုက်တော့၏။
"ကိုယ့်စေ့စပ်ပွဲက လူကြီးတွေ ဆုံးဖြတ်ခဲ့တာ၊ ကိုယ့်ရင်ထဲမှာတော့ မင်းပဲ ရှိတယ်၊ ဝမ်အာ ကိုယ့်ဆီ ပြန်လာခဲ့ပါ"
"ဥက္ကဋ္ဌရှီး ကျွန်မ သေသေချာချာ ပြောပြီးပြီပဲ၊ ရှင်က CEO လေ၊ ကိုယ့်ဝန်ထမ်း အခက်တွေ့အောင်တော့ မလုပ်ဘူး မဟုတ်လား"
ရှီးမော့မှာ အံကြိတ်ရလွန်းသဖြင့် သွားကျိုးတော့မည်လားပင် စိုးရိမ်နေရပြီ။ 'ဟန့်၊ ငါ CEO ဆိုတာ မင်း သိသေးတယ်ပေါ့၊ ဒါတောင် ငါ့ကို အာခံရဲသေးတယ်၊ ကိုယ့်နေရာကိုယ် သိမဲ့ မိန်းမမျိုးလို့ ငါ ထင်နေခဲ့တာ၊ အခုတော့ သူလည်း တခြားမိန်းမတွေလို လောဘကြီး ငွေမက်တဲ့ အစားထဲကပဲ'
"ကျန်းဝမ် သိပ်ကောင်းတယ်"
ရှီးမော့မျက်နှာ ညိုမှောင်သွားလေပြီ။ သူ ဆက်လည်း ဟန်မဆောင်တော့ သူ သူမကို အများကြီး အလျှော့ပေး လိုက် လျောပေးခဲ့သည်။ သူမကတော့ ရပ်ရကောင်းမှန်း မသိ။
"ချီးကျူးပေးတဲ့အတွက် ကျေးဇူးပါ ဥက္ကဋ္ဌ"
ရှီးမော့ လက်သီးတင်းတင်း ဆုပ်ထားလိုက်တော့သည်။ သူ့အကြည့်က မည်းနက်လွန်းနေသည်။ 'ကျန်းဝမ် ငါ မင်းကို မြေတောင်မြှောက်ပေးနိုင်ရင် ရိုက်လည်းချိုးနိုင်တယ်၊ အဲ့ဒီတော့မှ မင်း ငါ့ကို ဘယ်လို တောင်းပန်ခယမလဲ ကြည့်တာပေါ့၊'
သူတို့တွေ အဲ့ဒီနေရာမှာ ဆက်ရပ်နေရင်းက ဘေးပတ်ဝန်းကျင်မှ လူအများ အာရုံစိုက်လာသဖြင့် ရှီးမော့ အေးတိအေးစက် နှာခေါင်းရှုံ့သွားကာ ပါတီထဲဝင်သွားလိုက်တော့သည်။ ရှမန်ကိုတော့ နေရာမှာသာ ထားရစ်ခဲ့သည်။ ယခုအချိန်က သူမနှင့် စကားပြောဖို့ အချိန်ကောင်း မဟုတ်သေး။
"အားမော့ ကျွန်မကို စောင့်ဦး" ရှရွှမ်းကတော့ စကတ်ကိုမကာ သူ့နောက် ပြေးလိုက်ရှာသည်။ သို့တိုင် ရှီရှန်းအား မျက်စောင်းထိုးသွားဖို့တော့ မမေ့လျော့ပေ။ ရှီရှန်းမှာ ဆွံ့အလျက်သာ ကျန်ရစ်ခဲ့၏။ 'အဲ့ကောင်က နင့်ကို ရိုက်ခိုင်းခဲ့တာတောင် နင်က ပြေးလိုက်သွားသေးတယ်၊? နင်က စောက်ကျိုးနည်း m.a.s.o.c.h.i.s.t လား'
ရှမန်ကတော့ တစ်လျှောက်လုံး ထိုနေရာမှာသာ ရပ်နေခဲ့သည်။ ရှီးမော့ကို အခြားမိန်းမတစ်ယောက်နှင့် တွေ့ရသဖြင့် နာကျည်းနေရသည်မှ နားမလည်နိုင်ခြင်း၊ ထိုမှတဆင့် အလုံးစုံကို လိုက်မမီတော့သဖြင့် မိမိကိုယ်ကို ငတုံးဟုပင် ထင်နေရမိလေသည်။ 'ဘာတွေ ဖြစ်သွားတာလဲ၊ ရှီးမော့ ရည်းစားပစ်တာခံလိုက်ရတာလား'
သို့သော် လုချင်းယွင်၏ မျက်နှာကို တွေ့လိုက်ရတော့ ရှီးမော့ အငြင်းခံလိုက်ရတာ မထူးဆန်းဟု ရှမန် တွေးမိတော့သည်။
ရှီရှန်း ရှမန်ကို ကြည့်လျက် မျက်ခုံးတစ်ဖက်ပင့်လိုက်မိသည်။
'ဒီတစ်ခေါက်ဇာတ်လိုက်မက ပုံမှန်လိုပါပဲ'
___________
Author Notes:
ဆုယီရှို့။ ။ မင်းပဲ ဂေး၊ မင်းတို့ တစ်မိသားစုလုံး ဂေးတွေ။ လုချင်းယွင် ငါတို့ ငယ်ငယ်တုန်းက မင်း ငါ့ကို လုပ်ကြံတာက လွဲရင် ဘာလုပ်သေးလဲ။
လုချင်းယွင်။ ။ မင်းလား
ဆုယီရှို့။ ။ ရှီရှန်း မြန်မြန်၊ ဒီကောင့်ကို ဆွဲထုတ်သွားပြီး သေအောင် ရိုက်လိုက်
ရှီရှန်း။ ။ ငါ့ကို သူ ထောက်ပံ့မှာကို ငါ စောင့်နေသေးတာ၊ သူ့ကို မရိုက်နိုင်ဘူး
ဆုယီရှို့။ ။ ငါတော့ ရန်သူ့လက်ထဲမှာ သေဖို့ပဲ ရွေးတော့မယ်