ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၈)
~~~~~~~~~~~~~~~~~~~~~~~~
ဘဏ်ဓားပြတိုက်မှုနှင့် ဓားစာခံမဖမ်းနိုင်မှုများနှင့် ပတ်သက်သည့် သတင်းများ တစ်ခုတလေတောင် မတွေ့ရပေ။ ဒါက ဇာတ်ကြောင်းထဲကအတိုင်း ထပ်တူဖြစ်သည်။ ထို့ကြောင့် ရှီရှန်းကလည်း ကောလာဟလများ ထွက်မှာကို ထူးပြီး စိုးရိမ်မနေတော့ချေ။ ထိုပြသနာများအားလုံးကို ရှင်းပေးမည့် သူဌေးရှိနေသောကြောင့် သူမက ဘာကို စိုးရိမ်နေရမည်နည်း။
ဝမ်းနည်းစရာ အကောင်းဆုံးကတော့ သူမဝင်ပြိုင်ခဲ့သည့် ရှမ်းရှိ ဒရာမာကားရိုက်ကူးရေးအဖွဲ့ကနေ ဘာသတင်းမှ မကြားရသေးခြင်းဖြစ်သည်။ ထန်းယင်က ဖုန်းဆက်ကြည့်သည့်အချိန်မှ သူမဝင်ပြိုင်ခဲ့သည့် နေရာအတွက် လူရွေးပြီးပြီမှန်း သိလိုက်ရသည်။ ဒါက ရှီရှန်းမျှော်မှန်းထားတာထက် ပိုဆိုးဝါးနေသည်။ သို့သော် စုန့်ဟန်က သူမ သရုပ်ဆောင်မှုကို သဘောကျခဲ့သေးသည်။
"ဒုတိယအမျိုးသမီး ဇာတ်ရံနေရာကလွဲပြီး တခြားပါဝင်လို့ရမဲ့နေရာရှိသေးလား"
ဒီ Xianxia ဒရာမာက နောင်အနာဂတ်မှာ တကယ်ပေါက်မဲ့ဇာတ်ကားဟ။ ဒီလောက်ကောင်းတဲ့ ရွှေရောင်အခွင့်အရေးကြီးကို ဘယ်လက်လွှတ်ခံလို့ဖြစ်မလဲ။
ထန်းယင်ကလည်း ရိုက်ကူးရေးအဖွဲ့ကို ထိုကိစ္စနှင့် ပတ်သက်ပြီး မေးခဲ့ပြီးသားဖြစ်သည်။ သူခေါင်းခါပြီး ဆက်ပြောလာ၏။
"မရှိတော့ဘူး။ ဇာတ်ကောင်တွေအကုန်ရွေးပြီးသွားပြီတဲ့"
စုန့်ဟန် ရိုက်သမျှ ဇာတ်ကားများ အကုန် အမြဲ လူပြည့်နေတာမထူးဆန်းချေ။ လူတိုင်းက တစ်နေရာလောက် လွတ်ပြီဟု ကြားသည်နှင့် နောက်ပေါက်ကနေ ကြိတ်ကြိတ်တိုး ဝင်နေကြပြီ ဖြစ်သည်။
"ဒုတိယအမျိုးသမီး ဇာတ်ရံက ဘယ်သူလဲ"
မူရင်းဇာတ်လမ်းထဲမှာတော့ ဒုတိယအမျိုးသမီးဇာတ်ရံနေရာကို လူသစ်တစ်ယောက်က သရုပ်ဆောင်ခဲ့တာ ဖြစ်ပြီး ဇာတ်လမ်းထုတ်လွှင့်ပြီးချိန်မှာတော့ အဲ့လူသစ်က တတိယအဆင့် သရုပ်ဆောင် တန်းဖြစ်သွားသည်။
"လင်းရှန်ရှန်"
"ဖက်ခ်"
သူမဒီရက်ပိုင်းမှာ လူမုန်းများပြီး နာမည်ကျနေတာမဟုတ်ဘူးလား။ သူဘယ်လိုလုပ် ငါနဲ့နေရာ ပြိုင်လုနိုင်သွားတာလဲ။
ထန်းယင်က သူ့မျက်မှန်ကိုပင့်တင်လိုက်ပြီး အီလေးဆွဲနေသည့် လေသံနှင့် ပြန်ဖြေလိုက်သည်။
"သူမက မင်းကို မျက်စိစပါးမွှေးစူးနေတာကို၊. သူမရဲ့အထောက်အပံ့ကလည်း အရမ်း အားကြီးလွန်းတယ်"
"ဘယ်သူမို့လို့လဲ"
လင်းရှန်ရှန်နဲ့ သူမရဲ့ ရန်ငြိုးက အဲ့လောက်ကြီးနေလိမ့်မယ်လို့ သူမ မထင်ထားဘူး။ အခုတော့ ကောင်းရော တစ်မိုးအောက်ထဲတောင် အတူမနေနိုင်တော့တဲ့ အခြေအနေရောက်သွားပြီ။
ထန်းယင်က သူမကိုတစ်ချက်ကြည့်လိုက်ပြီး
"လုတာ့ဖန်း"
လုတာ့ဖန်းက အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှာ ဆရာတစ်ဆူဖြစ်သည်။ သူ့မိန်းမဘက်က မိသားစုသည် အစိုးရနှင့် ပတ်သက်မှုရှိ၏။ ထို့ကြောင့် သူလည်း သူ့နယ်ပယ်နှင့် သူ ဩဇာညောင်းသည်ဟု ဆိုနိုင်သည်။
"ဒီကိစ္စနဲ့ပတ်သက်ပြီး ခေါင်းထဲ ထည့်မနေနဲ့။ ဇာတ်လမ်းဇာတ်ကောင်တွေဆိုတာ အမြဲ ပြတ်လပ်တယ်ဆိုတာမှ မရှိတာ။ မနက်ဖြန် မင်းအတွက် တစ်ခုရှာပေးမယ်။ အာ... ဟုတ်သားပဲ ဒီနေ့ကုမ္ပဏီမှာ ကော့တေးပါတီရှိတယ်။ မင်းကိုလည်း ဖိတ်ထားတယ်။ ပွဲတက်ဝတ်စုံတောင် ပို့ပေးထားသေးတယ်"
ပြောနေစဉ် ထန်းယင်က ရှီရှန်းဆီကို အထုပ်တစ်ထုပ်ကမ်းပေးလိုက်သည်။
'ကုမ္ပဏီက ဘယ်တုန်းကများ သူတို့ရဲ့သရုပ်ဆောင်တွေကို ကော့တေးပါတီတက်ခိုင်းတာတစ်ခါမှမကြားဖူးပါဘူး ညနေခင်းဝတ်စုံတောင် ပို့ပေးလိုက်သေး'
ရှီရှန်း မျက်ဝန်းများထဲမှာ တွေဝေရှုပ်ထွေးမှုများကို အတိုင်းသားမြင်နေရသည်။
"ကုမ္ပဏီက ဒီလိုပါတီမျိုး မကြာခဏလုပ်လေ့ရှိတယ်။ မင်းကိုလာကြိုဖို့ ကားလွှတ်ပေးလိမ့်မယ်။ အေးဂျင့်တွေက အထဲမဝင်ရတဲ့အတွက် မင်းကိုယ်မင်း ဂရုစိုက်ပြီး သတိထားနေပါ။ ငါအပြင်မှာ တစ်ချိန်လုံးရှိနေမှာမို့လို့ တစ်ခုခုဆိုတာနဲ့ ငါ့ဆီဖုန်းသာဆက်လိုက်"
ထန်းယင်ကတော့ သူမကို သရုပ်ဆောင်အသစ်လေးကို မှာတမ်းခြွေသည့်အလား ရှီရှန်းမှတ်မိအောင်ကို စေ့စေ့စပ်စပ် မှာတမ်းခြွေနေလေသည်။ သူ့အသံက လေပြင်းတိုက်သကဲ့သို့ အရမ်းလည်း မမြန်၊ နားဝင်မဆိုးချေ။
မီလန်သည် ကျန်းဝမ်ကို ထိုကဲ့သို့ ဂရုတစိုက်ရှင်းပြတာမျိုး မရှိခဲ့သောကြောင့် ရှီရှန်းက တစ်ချက်ကြောင့် သူ့ကို တစ်ချက်မှ ဝင်မနှောင့်ယှက်ပေ။
...
ရှီရှန်းသည် ရှမန်ကို ပါတီမှာ မြင်ချိန်ကျမှ ဇာတ်လိုက်မ နိုင်ငံရပ်ခြားကပြန်လာပြီး ဒီပါတီမှာ အဓိကဇာတ်လိုက်နှင့် ဇာတ်လိုက်မတို့ ဒုတိယအကြိမ်တွေ့သည့် ပါတီဆိုတာကို သတိရမိတော့သည်။
'ကုမ္ပဏီက ငါလေးကို ညနေခင်းဝတ်စုံတွေတောင်ပေးပြီးဖိတ်တာ ဒါကြောင့်ကိုး၊ ငါ့ကိုတွဲဖက်နဲ့မလာခိုင်းတာ ဒါ ရှီမော့ရဲ့ အကြံဆိုတာ ပြောနေစရာကိုမလိုတာ'
လူတွေ သူမကို သတိမထားမိတာကို အခွင့်ကောင်းယူပြီး ရှီရှန်းသည် ပါတီထဲကနေ လစ်ထွက်ရန် ကြိုးစားတော့သည်။ သူမ ရှီမော့၏ အကာတစ်ခု မဖြစ်ချင်တော့ပေ။ သူမ လူတော်တော်များများကိုရှောင်ပြီး တံခါးနားအရောက်မှာတော့ ယောက်ျားတစ်ယောက်၏ လက်ကို တွဲပြီးဝင်လာသည့် လင်းရှန်ရှန်နှင့် ထိပ်တိုက်တိုးတော့သည်။
လင်းရှန်ရှန်က ရှီရှန်းကို မြင်သည်နှင့် သူမ၏ မျက်ဝန်းများက မုန်းတီးမှုနဲ့ပြည့်နှက်သွားသည်။ ခဏကြာမှပဲ ထိုမုန်းတီးစိတ်များကို ချက်ချင်းဖုံးကွယ်လိုက်၏။ သူမ၏လူကိုခေါ်ပြီး ရှီရှန်းသွားမည့်လမ်းမှာ ပိတ်ရပ်လိုက်သည်။ ငေါ့တော့တော့ အပြုံးတစ်ခုနှင့်အတူ ရှီရှန်းကို စကားစပြောလာသည်။
"ဒါ မစ္စကျန်း မဟုတ်လား။ ပါတီက အခုပဲစတော့မှာကို ဘယ်သွားမလို့လဲ"
ရှီရှန်း မကျေမနပ်ပုံစံနှင့် မျက်မှောင်ကြုတ်လိုက်ပြီး သူ့အကြည့်များကို လင်းရှန်ရှန်နှင့် တွဲလာသည့်သူအပေါ်ပဲ ပို့ထားလိုက်သည်။ သူ့ရုပ်ရည်ကတော့ သာမာန်သာဖြစ်ပြီး သူ့အသက်ကတော့အတော်လေး ကြီးနေပြီဖြစ်သည်။ လင်းရှန်ရှန်၏ အဖေပါဟု မိတ်ဆက်ပေးလျှင်တောင် ယုံနိုင်လောက်၏။
"ငါ့ဘာသာငါ ဘယ်သွားသွား နင်နဲ့ ဘာဆိုင်တာမှတ်လို့"
သူတို့ အခု ရန်သူလုံးလုံး ဖြစ်သွားသောကြောင့် လင်းရှန်ရှန် ကြားကောင်းအောင် သူမ ပြောနေစရာ မလိုတော့ချေ။
လင်းရှန်ရှန် တဖြည်းဖြည်း မျက်နှာမည်းလာသည်။ သို့သော် ရှီရှန်းတစ်ယောက်တည်း ဖြစ်နေတာကို မြင်ရသည်နှင့် လှောင်ပြုံးပြုံးပြီး
"မစ္စကျန်း တွဲဖက်မရှိဘူးလား၊ တစ်ယောက်တည်းဆိုတော့ အထီးကျန်တာပေါ့၊ လုသူဌေးရေ သင်တော်တဲ့သူတွေ့ရင် မစ္စကျန်းနဲ့ မိတ်ဆက်ပေးလိုက်ပါဦးနော်"
လင်းရှန်ရှန်က ချွဲ့နွဲ့ကပ်ရပ်ပြီး ပြောနေသောကြောင့် လုတာ့ဖန်းမှာ အတော်လေးသဘောခွေ့လို့နေသည်။ သူမ၏ ခါးနားမှာဖက်ထားသည့် သူ့လက်များကလည်း ပွတ်သီးပွတ်သပ်လုပ်နေ၏။ ပြီးတော့ ပျော်ပျော်ရွှင်ရွှင် အပြုံးတစ်ခုနှင့်
"မစ္စကျန်းက ဘယ်လိုတွဲဖက်မျိုးကိုရှာနေတာလဲ၊.. ကျွန်တော်များများစားစားတော့ မသိပေမဲ့ ကျွန်တော့် မိတ်ဆွေတွေထဲမှာတော့ အဆင်ပြေတဲ့သူရှိမှာပါ"
ကျန်းဝမ်က လှသော်ငြား သူသည် ရင့်ကျက်သည့်ပုံကို နှစ်သက်တာ နှမြောစရာ ကောင်းသည်။ သူတို့က အိပ်ရာထဲတွင် ပိုပျော်စရာကောင်းသည်။
"အို၊.. လုဥက္ကဋ္ဌမှာ အတော်လေး ချောတဲ့သူငယ်ချင်းမျိုးရှိလား။ လုဥက္ကဋ္ဌလည်း သိပါတယ် ကျွန်မတို့လို ငယ်ရွယ်တဲ့သူတွေက ရုပ်ရည်ချောတဲ့သူတွေကို ပိုပြီးသဘောကျကြတယ်။ ကိုယ့်တွဲဖက်က ရုပ်ဆိုးနေရင် ဘယ်လိုလုပ်စိတ်ပါနိုင်ပါတော့မလဲ"
ရှီရှန်းကတော့ လုတာ့ဖန်း၏ တဖြည်းဖြည်းတင်းမာလာသောမျက်နှာကို လျစ်လျှူရှုပြီး သွားပေါ်သည်အထိ ပြုံးကာ ဆက်ပြောနေသည်။
"တကယ်လို့ လုဥက္ကဋ္ဌမှာ အဲဒီလိုသူငယ်ချင်းမျိုးရှိမယ်ဆိုရင် ကျွန်မကို မိတ်ဆက်ပေးဖို့မမေ့နဲ့နော်"
လုတာ့ဖန်းကလည်း လူတုံးတော့မဟုတ်ချေ။ သူမ ဘာကိုပြောချင်တာမှန်း သိသည်။ သူမက သူ့ကို သက်ကြီးရုပ်ဆိုးဟု ပြောလိုက်တာ ဖြစ်သည်။
"မစ္စကျန်း...ဂုဏ်ပြုသေရည်ကို မငြင်းပါနဲ့ မဟုတ်ရင်တော့ အတင်းအကြပ်တိုက်ရလိမ့်မယ်"
လုတာ့ဖန်းက သူ့ဒေါသများကို အတော်မျိုသိပ်ပြီး ပြောနေရသည်။
"ဒီ ချင်မြို့တော်မှာ ငါစကားတစ်ခွန်းဟလိုက်တာနဲ့ ဒီအသိုင်းအဝိုင်းကနေ မင်းကို ထွက်သွားအောင် လုပ်လို့ရတယ်ဆိုတာ မမေ့ပါနဲ့"
လင်းရှန်ရှန်ကတော့ ဘေးကနေပြီး အထက်စီးဆန်ဆန် လှောင်ပြောင်သည့် အကြည့်များနှင့် ကြည့်နေခဲ့သည်။ ဒီမိန်းမတော့ လုတာ့ဖန်းကို မဆန့်ကျင်ရဲဟု သူမ ထင်ခဲ့သည်။ ထို့ကြောင့် မီးမွှေးပေးရန်တောင် စဉ်းစားထားသေးသည်။ သို့သော် ထိုမိန်းမက လုတာ့ဖန်းကို ရန်စသည်အထိ တုံးလိမ့်မည်ဟု မည်သူက ထင်မည်နည်း။ သူ့ကို သက်ကြီးရုပ်ဆိုးဟု ခေါ်လျှင် လုတာ့ဖန်း လုံးဝကို သည်းမခံတတ်မှန်း မည်သူက သတိမပြုမိဘဲ နေမည်နည်း။ အသိုင်းအဝိုင်းထဲတွင် ထိုမိန်းမ မည်သို့ ဆက်ရှင်သန်မည်မှန်း သူမ မြင်ချင်နေသည်။
'ငါ့ကိုမဆန့်ကျင်ခင်တည်းက ဒီလိုနေ့ရောက်လာမယ်ဆိုတာ တွေးထားသင့်တာ'
"ဂုဏ်ပြုသေရည်လား၊ လုဥက္ကဋ္ဌ ကျွန်မကို တစ်ခါမှ ဂုဏ်ပြုသေရည် မတိုက်ဖူးပါဘူး။ လုဥက္ကဋ္ဌသာ အမှန်တကယ် ဂုဏ်ပြုသေရည်တိုက်ခဲ့ရင် ကျွန်မက ဘယ်ငြင်းပါ့မလဲ"
ရှီရှန်း၏ စကားပြောပုံက အတော်လေး စစ်မှန်နေသည်။
"ဒါပေမဲ့ လုဥက္ကဋ္ဌက တကယ်ပဲ ဘာဂုဏ်ပြုသေရည်မှ မတိုက်ဖူးသေးတာ၊. ကျွန်မကို အထင်သေးတာလားဟင်၊၊ ကျွန်မကို ငယ်တယ်ဆိုပြီး အနိုင်မကျင့်ပါနဲ့ လုဥက္ကဋ္ဌ"
"မင်းက သတ္တိတော့ကောင်းသားပဲ မိန်းကလေး"
လုတာ့ဖန်း စိတ်ရှုပ်ထွေးစွာ ရယ်မောကာ ကြမ်းကြုတ်စွာ ပြောလိုက်၏။
"တစ်ချိန်ချိန်တော့ မင်း ငါ့ကို တောင်းပန်လာစေရမယ်။ စောင့်ကြည့်နေလိုက်"
သူ ကလေးမလေးတစ်ယောက်ကိုတောင် မဖြေရှင်းနိုင်ဘူးဆိုတာ မယုံပေ။ အသစ်လေးများတွင် ငယ်ရွယ်နုပျိုသူအချို့က မောက်မာပြီး ထိုအသိုင်းအဝိုင်းတွင် နေထိုင်ရတာ လွယ်သည်ဟု ထင်နေကြသည်။
"ဒုတိယအန်ကယ်လုက ဘယ်သူ့ကိုများ မကျေမနပ်ဖြစ်နေတာလဲ"
ကြည်လင်ပြတ်သားပြီး ရယ်သွေးရွှမ်းနေသည့် အသံတစ်ခု လုတာ့ဖန်း၏ နောက်ကျောဆီကနေ ပေါ်ထွက်လို့လာတသည်။ လုတာ့ဖန်း၏ မျက်နှာအမူအရာက အလွန်အမင်း အေးခဲတောင့်တင်းသွားသည်။ 'ငါ၊ဘယ်လိုလုပ် အဲဒီလူရဲ့အသံကို ကြားနေရတာလဲ။ ဒါမဖြစ်နိုင်ဘူး။ သူနိုင်ငံရပ်ခြားမှာမဟုတ်ဘူးလား။ ဒါပေမဲ့ သူမှ မဟုတ်ရင် ဘယ်သူကများ ဒုတိယအန်ကယ်လုလို့ခေါ်ရုံနဲ့ လူသတ်ချင်တဲ့အရှိန်အဝါတွေကို ဖြစ်ပေါ်စေမှာလဲ'
ရှီရှန်းက တံခါးဘက်ကို မျက်နှာမူထားသောကြောင့် ဘယ်သူဝင်လာပြီး ပြောနေမှန်း သိလိုက်သည်။ သူ့ကိုယ်ပေါ်ကို မီးအလင်းရောင်က ဖြာကျလို့နေ၏။ အဲဒါက သူ့ကိုယ်ပေါ်ကနေ ထာဝရရှင်သန်သူများ၏ အရောင်အဝါ ထွက်နေသလို ခံစားရစေသည်။ သူ့ မျက်ဝန်းနက်နက်များက မြင်သမျှလူတိုင်း၏ စိတ်ကို အဆုံးစွန်ဆုံး ဖမ်းစားနိုင်သည်။
သူက ညနေခင်းပွဲတက်ဝတ်စုံ မဟုတ်ဘဲ သာမန်ပဲ ဝတ်ထားသည့်တိုင် ယခုလိုအထက်တန်းဆန်ပြီး အဆင့်မြင့် အသိုင်းအဝိုင်းထဲကနေ ကွဲထွက်နေသည်ဟု မထင်ရပေ။ သူ့ခြေလှမ်းတိုင်းက လူတိုင်း၏ အသည်းနှလုံးကို တုန်လှုပ်သွားစေဖို့ လုံလောက်သည်။ သူ့ပုံစံက လူတိုင်း ကြောက်ရွံ့ရိုသေရသည့် ဘုရင်တစ်ပါးနှင့်တူနေ၏။
သူစကားတစ်ခွန်းမှ မပြောလျှင်တောင် သူ့ခန္ဓာကိုယ်ကနေ အရောင်အဝါများ ထုတ်လွှတ်ပြီး လူတိုင်း၏ အာရုံစိုက်မှု ရစေသည်။
ဘယ်သူမှန်း သိပြီးပြီးချင်း လုတာ့ဖန်း၏ နောက်ဆုံးမျှော်လင့်ချက်လေးကတော့ ပျောက်ချင်းမလှ ပျောက်သွားလေသည်။ သူ့လည်ချောင်းတောင် ခြောက်ကပ်လာသလို ခံစားရသည်။ သူ့ခေါင်းကနေ မီးခိုးများတောင်ထွက်လာပြီး သူ့နောက်ကျောမှာတော့ ချွေးစေးများတောင် ထွက်လာသည်။ သူ မခံစားနိုင်တော့သည့်အဆုံး သူ့ရှိစုမဲ့စု သတ္တိလေးကို အားမွေးပြီး မေးလိုက်တော့၏။
"ပထမသခင်လေး ဘယ်တုန်းက ပြန်ရောက်တာပါလဲ ခင်ဗျ၊ အနည်းဆုံးတော့ ကျွန်တော်တို့ကို အကြောင်းကြားသင့်တာပေါ့ဗျာ"
လုချင်းယွင် အပြုံးတစ်ချက်မပျက်ဘဲ ထိုနေရာမှာပဲ မတ်တတ်ရပ်လို့နေသည်။ သူ့အပြုံးတစ်ချက်က ထောင်သောင်းမကသည့် သစ်တော်ပန်းများ ပွင့်လန်းလာသလိုပင်။
"ကျွန်တော်ကိုယ်တိုင် ပြန်လာမယ်လို့ ဆုံးဖြတ်ပြီး ပြန်လာတာကို ဒုတိယအန်ကယ်လုကို သတင်းပို့နေရဦးမှာလား"
_____________________
Author Mo Ling's Notes:
ကိုယ်တွေရဲ့ ဇာတ်လိုက် - sama ကို ခဏတဖြုတ်လောက်တော့ ခပ်မိုက်မိုက်လေး ပေးနေလိုက်ပါဦးမယ် ;-) ;-) ;-)