ဧကရီ အနက်ရောင် (၁၃)
~~~~~~~~~~~~~~~~~~~
လင်ဖုန်း၏ အကြံပြုချက်အတိုင်း ရှီရှန်း ကြေးစားအဖွဲ့ ဖွဲ့ရန် စာရင်းသွင်းဖြစ်ခဲ့သည်။ အဖွဲ့ကို လွန်စွာ မောက်မာလှသော နာမည်လည်း ပေးခဲ့လေသည်။
အဖွဲ့အမည်က《Fight Us!!!》{ထို့ကြောင့် အတိုကောက်အနေဖြင့် FU ဟု ခေါ်ရပေမည်}။
(T/n: သတိထားမိမလား မသိပေမဲ့ FU က Fuck U နဲ့ သဘောတရားတူပါတယ်)
သူတို့ သုံးယောက်ကတော့ အနှီ စိတ်ကြီးဝင် စိတ်ရူးပေါက် နာမည်ကြီးကို ငြင်းလိုက်ချင်မိသည်။ သို့သော်လည်း သူတို့၏ ကန့်ကွက်ချက်များကို ရှီရှန်းက အရေးတယူ မရှိလှ။
ယခင် လ တစ်လလုံး ရှီရှန်းတစ်ယောက် အပီအပြင် ကျိတ် {တာဝန်တွေ လုပ်-*အဟမ်း*- စစ်ဆင်ရေးတွေ လုပ်}နေခြင်းကြောင့် မအားနိုင်ပေ။ သူမသည် FU အဖွဲ့ကြီးကို ဟာရီကိန်း ကြေးစားအဖွဲ့ထက် တစ်ဆင့်သာနိမ့်သော အနေအထားထိ ဆွဲမြှင့်တင်နိုင်ခဲ့လေသည်။ ဒါပေါ့၊ သူမ၏ ရည်မှန်းချက်က ပို၍ အဆင့်မြင့်ရန်၊ ဟာရီကိန်းအဖွဲ့ကို ကျော်နိုင်ရန် ဖြစ်လေသည်။
အာဏာပိုင် ခေါင်းဆောင်ပိုင်းများသာလျှင် ကြေးစားအဖွဲ့အသီးသီး၏ အတွင်းရေး အသေးစိတ်အချက်အလက်များကို သိနိုင်သည်။ ထို့ကြောင့် ဘာမှ မသိရသည့် လူအများက FU အဖွဲ့ကို စိတ်ဝင်စားနေသည်မှာ မဆန်းတော့။
စီမံခန့်ခွဲရေးကို တာဝန်ယူထားသူများမှအပ FU အဖွဲ့ဝင်များ မည်သူမည်ဝါဖြစ်ကြောင်းကို တခြား ဘယ်သူမှ မသိကြပေ။ မစ်ရှင်များ စစ်ဆင်ရေးများခွဲဝေရေး ဘုတ်မှာ ဖော်ပြထားသည်က FU အဖွဲ့ မစ်ရှင်လာရွေးလျှင် ညနက်သန်းခေါင် သို့မဟုတ်၊ မနက်ဝေလီဝေလင်းအစောပိုင်းများတွင်သာ လာတတ်သည်ဟု ဆို၏။ ထို့ကြောင့် အခြားအဖွဲ့များနှင့် မဆုံဖြစ်ကြပေ။
ထိုကဲ့သို့ ထူးခြားဆန်းပြားနေသော ကြေးစားအဖွဲ့မျိုး တွေ့ဖူးကြသလား။ မတွေ့ဖူးကြ။ ထိုမျှမက သူတို့ အဖွဲ့သည် တစ်လဟူသော အချိန်ကလေးအတွင်း၌ ဟာရီကိန်း အဖွဲ့ကို အမီလိုက်လာနိုင်လေသည်။ ဒီလိုအဖွဲ့မျိုးက လူတကာ၏ သိချင်စိတ်ကို မနှိုးဆွဘဲ နေပါ့မလား။
သို့ပေလျက်၊ အမှန်တရားကတော့...
မိမိတို့မှာ ဤစိတ်ကြီးဝင် အထက်စီးဆန်သော {ငါတို့ကို ချကြည့်လိုက်}ဟူသည့် အဓိပ္ပါယ်အမည်ရ အဖွဲ့၏ အဖွဲ့ဝင်များ ဖြစ်ကြောင်း အခြားသူများ သိသွားလျှင် တကယ်လာချကြမည်စိုး၍ ချင်းယွီတို့ သုံးယောက်သည် တတ်နိုင်သမျှ နည်းမျိုးစုံသုံး၍ အခြားအဖွဲ့များ သိမသွားအောင် ပုန်းလျိုးကွယ်လျိုး မစ်ရှင် လာယူကြရခြင်းဖြစ်လေ၏။
'ငါတို့ ဘဝကြီး လွယ်နေတယ်များ မှတ်နေလား'
"Boss... ဒီနေ့ အသစ်ထုတ်ထားတဲ့ မစ်ရှင်တွေထဲ SS အဆင့် မစ်ရှင်တစ်ခုပါတယ်၊ ယူလိုက်ရမလား"
ယခုထက်တိုင် S အဆင့် မစ်ရှင်များသာ ထုတ်ခဲ့သေးသည်။ ဤသည်မှာ ပထမဆုံး ထွက်ရှိလာသော SS အဆင့် စစ်ဆင်ရေး ဖြစ်လေ၏။
"မစ်ရှင်က ဘာလုပ်ရမှာတဲ့လဲ"
"မသိသေးဘူး၊ မစ်ရှင်ကို အရင် လက်ခံယူပြီးကာမှ ဘာလုပ်ရမယ် အသေးစိတ်ကို ပြောပြမှာတဲ့၊ ဒီမစ်ရှင်ရှိတာကို ဘုတ်ပေါ်မတင်ဘဲ ကြေးစားအဖွဲ့တွေဆီကို တိုက်ရိုက် သတင်းပို့လိုက်တာ၊ ဒီ့ပြင် ပြည်သူလူထုက မသိရအောင်လို့..."
"မယူတော့ဘူး" ရှီရှန်း ခေါက်းခါလိုက်သည်။ 'ပုံမှန်ဆို ဒီလို case တွေလာရင် အထက်ကလူတွေ တစ်ခုခု ကြံစည်နေတာ ဖြစ်ဖို့ များတယ်...'
"ဒါပေမဲ့ ဆုကြေးတွေကတော့ အတော်များတယ်နော်..." လင်ဖုန်းက နမြောတသစွာနှင့် ပြောလာလေသည်။
". . ." 'နင် ပြောတဲ့ ပုံစံကလဲ ငါကပဲ နင်တို့ကို ဆုကြေး မခွဲပေးနေသလိုလို၊ မတရားဖိခိုင်းနေသလိုလိုနဲ့...'
"နင်တို့မှာ စားစရာ မလုံလောက်လို့လား၊ အမြုတေ မရလို့လား"
လင်ဖုန်း ခေါင်းခါလိုက်သည်။ သူတို့မှာ ထိုနှစ်မျိုးစလုံး ချို့တဲ့သည်ဟူ၍ မရှိခဲ့။ 'ငါတို့ မစ်ရှင်သွားလုပ်တိုင်း ရိက္ခာတွေရော အမြုတေကျောက်တွေပါ အများကြီး စုလာနိုင်တာ၊ ကျားဖြူရဲ့ လေဟာနယ်က ဘယ်လောက်ကြီးနေမှန်း မသိပေမဲ့ ငါတို့ ရှာတွေ့သမျှ အကုန် ထည့်သိမ်းထားနိုင်လောက်အောင်တော့ ကြီးတယ်၊ အားနည်းချက်တစ်ခုပဲ ရှိတယ်...
ကျားဖြူက သူ့ လေဟာနယ်ထဲကို ဇွန်ဘီ အရှင်တွေ ထည့်ထားရတာ ဝါသနာပါနေသလိုပဲ၊ Boss က တားရင်တောင်မှ စောက်ဖက်နည်းနည်းလေးမှ ပြန်မလုပ်ဘူး၊ သူ လုပ်ချင်တာ လုပ်မယ်ဆိုတာချည်းပဲ...
ဟူး... ငါတို့ ထည့်ထားတဲ့ ပစ္စည်းတွေကို ဇွန်ဘီ ဗိုင်းရပ်စ်တွေ ကူးမလာလို့ တော်သေးတယ်'
"သူတို့တွေ ဘယ်ချိန်ထွက်ဖို့ စီစဉ်ထားသလဲ သွား စုံစမ်းလာခဲ့"
"အယ်...? ကျွန်တော်တို့ ဒီမစ်ရှင် မလုပ်တော့ဘူးဆို..."
"လုပ်တာ မလုပ်တာနဲ့ နင်တို့ စနည်းနာတာနဲ့ ဘာဆိုင်နေလို့လဲ"
လင်ဖုန်း၊ ". . ." 'မကောင်းတာ တစ်ခုခုဖြစ်တော့မယ်လို့ အာရုံတွေ ရနေတယ်နော်'
ချင်းယွီတို့ သုံးယောက် ဤတစ်လအတွင်း ရှီရှန်းဆီမှ အတော်လေး သင်ယူနိုင်ခဲ့ကြသည်။ ဥပမာအားဖြင့်၊
စိတ်မပျော့ရ။
မိမိနှင့် မဆိုင်သော ကိစ္စများတွင် ဝင်မစွက်ဖက်ရ။
လူတွေ ပါးစပ်ပေါက် ထွက်လာသော ပေါက်ကရလေးဆယ်တွေကို စောက်ဖက်မလုပ်ရ။
နောက်ဆုံး တစ်ချက်ကတော့ ရှီရှန်း ပြောသည့် စကားအသုံးအနှုန်းအတိုင်း ပြန် ပြောထားခြင်းဖြစ်သည်။ ယခုထိတိုင် ရှီရှန်း ထိုစကား ပြောခဲ့သည့် အချိန်က မျက်နှာထားကို လင်ဖုန်း အတိအကျ မှတ်မိနေသေး၏။
ရွံရှာ အထင်သေးမှုနှင့် လှောင်ပြောင် သရော်လိုမှု အပြည့် မျက်နှာထား။ သို့သော် ပို၍ အားသာနေသည့် ခံစားချက်က အထင်သေး ရွံရှာမှု ဖြစ်လေသည်။ အမှန်တိုင်းပြောရလျှင် ထိုစဉ်က သူမ၏ ခံစားချက် မည်သို့ ရှိသည်ကို အတိအကျ အသေးစိတ်အောင် သူ ပြန်မဖော်ပြတတ်ပေ။
……
ဤမစ်ရှင်ကို ထိပ်တန်းလျို့ဝှက်ချက်အဖြစ် ထားရှိသည်မို့ သတင်းအနည်းငယ် ရမိအောင်ကိုပင် လင်ဖုန်း မနည်း ကြိုးစားခဲ့ရသည်။ သို့သော်လည်း အကြမ်းဖျင်းအဆန်ဆုံး၊ အခြေခံအကျဆုံး သတင်းမျိုး ဖြစ်နေသည်။ စစ်ဆင်ရေး ဆောင်ရွက်ရမည့် တည်နေရာမှာ ဓီခရိုင်တွင် ရှိနေပြီး စစ်တပ်မှ တပ်ဖွဲ့တစ်ခုဖြင့် ဦးဆောင်သွားမည်ဟု သိရသည်။ ဤစစ်ဆင်ရေးအတွက် ပါဝင်မည့် ကြေးစားတိုင်းက အချက်အလက်များ မပေါက်ကြားစေရန် လျို့ဝှက်ထားပါမည်ဟု ကတိစာချုပ် ချုပ်ဆိုထားရသည်တဲ့။
ဟာရီကိန်း ကြေးစားအဖွဲ့လည်း ဤစစ်ဆင်ရေးတွင် ပါဝင်သည်။ ဟာရီကိန်း၏ အဖွဲ့ဝင် အများစုကတော့ မလိုက်ကြ။ စုန့်ရှီ၊ ချီမင်ရွှယ့်၊ ကျောက်ကျင်း၊ စုကျီယဲ့နှင့် အသားညိုညို ထောင်ထောင်မောင်းမောင်း ယောက်ျားတစ်ယောက်သာ လိုက်ဖြစ်ကြသည်။
အခြားသော ကြေးစားအဖွဲ့များသည်လည်း မိမိတို့၏ အထူး အဖွဲ့ဝင်များကို ထည့်ပေးလိုက်ပုံရသည်။
ရှီရှန်းကတော့ SUV ထဲ ထိုင်နေရင်း ထိုလူများ စစ်ကားများပေါ် တက်သွားကြသည်ကို ခပ်လှမ်းလှမ်းမှ ကြည့်နေခဲ့၏။ 'လုံခြုံရေး ဇုန်က အာဏာပိုင်တွေ လူအင်အားအများကြီး သုံးရလောက်အောင် ဓီခရိုင်မှာ ဘာရှိနေလို့လဲ'
လင်ဖုန်းက မြေပုံစီစဉ်ထားပြီးသား ဖြစ်သည်။ ထို့ကြောင့် ရှီရှန်းတို့ အဖွဲ့က အရင် ဓီခရိုင်ကို ရောက်နှင့်လေသည်။
ဓီခရိုင်မှာ ခရိုင်မြို့ကြီးဖြစ်ခဲ့ဖူးသည်။ ကမ္ဘာပျက်ကပ် မတိုင်ခင်အခါက ဓီခရိုင်မြို့တော်ကို A ၅ လုံးအဆင့် ခရီးသွားမြို့တော်ဖြစ်ခဲ့လေသည်။ ခရီးအသွားအလာ အများဆုံးသော ရာသီချိန်အတွင်း ကပ်စတင်ခဲ့သည်မို့ ဓီခရိုင်မြို့တွင်းရှိ ဇွန်ဘီ ဦးရေမှာ အရေမတွက်နိုင်အောင်ပင် ဖြစ်ခဲ့ရသည်။
သူတို့ ဓီမြို့ထဲနှင့် နီးလာသောအခါ ချန်လီတစ်ယောက် ရုတ်တရက် ရန်လိုလာသည်။ စိတ်မကြည်မသာ သောင်းကြမ်းလာသည်။ သူ့လက်သည်းများလည်း ပြန်ရှည်လာပြီး ယခင်ကလို လူသားမဆန်သော ဟိန်းဟောက် မာန်ဖီသံများ ပြန်ထွက်လာတော့လေသည်။
"ညောင်း...!" ကားပေါ် နေရာကျဉ်းကလေးထဲ ကျားဖြူ၏ စူးရှရှ တိုက်ပွဲခေါ်သံကပါ ညံလာခဲ့၏။
"သူ ဇွန်ဘီ ဖြစ်သွားတာလား...!" ချင်းယွီကတော့ တုံ့ပြန်တာ အမြန်ဆုံး။ သူ့စကားဆုံးသည်နှင့် ချန်လီကို စတိုက်ခိုက်တော့သည်။ ချန်လီ၏ ရုတ်တရက် ပြောင်းလဲသွားမှုကြောင့် ရှီရှန်း မင်သက်နေခဲ့မိရာ ချင်းယွီ၏ အော်သံကြားမှ သူမ သတိပြန်ဝင်လာနိုင်သည်။ သူမ သူတို့ သုံးယောက်အား အော်လိုက်တော့၏။ "သူ့ကို ဘာမှ မလုပ်နဲ့...!"
ဝုန်း...! ခွမ်း...!
သူတို့သုံးယောက်ကို ရှီရှန်း အော်ဟစ်တားဆီးနေစဉ် ချန်လီသည် ကားပြတင်းကို ရိုက်ခွဲကာ ဓီမြို့ထဲ အမြန်ဆုံးနှုန်းဖြင့် ပြေးဝင်သွားတော့လေသည်။ သူ teleportation အစွမ်းကိုပါ အသုံးပြုသွားသေး။ ချန်လီ မြင်ကွင်းမှ လုံးဝ မပျောက်ကွယ်သေးခင်အထိကို ရှီရှန်းမှာ ကားပေါ်က ဆင်းဖို့ အချိန်မမီလိုက်။ 'ငိုး...! ထွက်ပြေးသွားပြန်ပြီ၊ ပြောစကားနားမထောင်မဲ့ ဆယ်ကျော်သက် ကလေးကို ပျိုးထောင်တာကမှ ဇွန်ဘီဘုရင်ကို ပျိုးထောင်တာထက် လွယ်နေဦးမယ်...!
...အနည်းဆုံးတော့ ဆယ်ကျော်သက်ကလေးက မထွက်ပြေးခင် အိမ်ပေါ်က ဆင်းပြီလို့ ပြောသွားဦးမယ်...!'
"Boss" ချင်းယွီတို့ သုံးယောက်သား ရှီရှန်းကို ငေးကြောင်ကြည့်နေမိကြတော့သည်။ 'စောက်ကျိုးနည်း ဘာကြီးလား၊ အဲ့ကောင်လေးက ဇွန်ဘီတဲ့လား၊ ငါတို့က ဇွန်ဘီတစ်ကောင်နဲ့ ဒီလောက်အကြာကြီး အတူတူ နေခဲ့ရတာလား...! စိတ်ကူးကြည့်လို့ကို မရဘူး...'
"နင်တို့ တွေ့ကြတဲ့အတိုင်းပဲ၊ ချန်လီက တကယ်တော့ ဇွန်ဘီ" ရှီရှန်း တည်တည်ငြိမ်ငြိမ် ပြောလာသည်။ သူမ၏ အကြည့်များကတော့ ဓီခရိုင်၏ နယ်နိမိတ်ဆီမှာ။ ဇွန်ဘီ မွေးထားသည်ကို လူမိသွားသဖြင့် ဖြစ်ပေါ်လာသင့်သည့် ထိတ်လန့်တုန်လှုပ်မှု၊ မကျေနပ်မှုတို့ သူမ မျက်နှာပေါ်မှာ ထင်ဟပ်မနေ။
'အနှေးနဲ့ အမြန် တစ်ချိန်ချိန်မှာ သူတို့ သိသွားကြမှာပဲကို၊ သူတို့ လက်မခံနိုင်လဲ စောစော လစ်လို့ရအောင် အသိပေးလိုက်တာ ကောင်းပါတယ်လေ...'
ချင်းယွီမှာ ယခင် လတစ်လလုံး ရှီရှန်း၏ အထူး'သွန်သင်လေ့ကျင့်ပေးမှု'ကို လက်ခံဆည်းပူး နာယူထားသူပီပီ ချန်လီ ဇွန်ဘီဖြစ်သည်ကို အမြန်ဆုံး လက်ခံနိုင်ခဲ့သည်။ "ဟုတ်ပါပြီ၊ ချန်လီက ဇွန်ဘီပေါ့၊ ဒါနဲ့ သူက ဘာလို့ တခြား ဇွန်ဘီတွေနဲ့ တူမနေတာလဲ"
[T/n: ချင်းယွီက ရှီရှန်း brainwash တာကို အမိဆုံးပဲ]
'ငါတို့ Boss က တော်လွန်းအားကြီးလို့ ဇွန်ဘီတွေကို ယဉ်ပါးအောင် လေ့ကျင့်ပေးတဲ့နေရာမှာတောင် ဆရာတစ်ဆူဖြစ်နေပြီပဲ...! ဒီ Boss နောက်လိုက် ဆက်လုပ်ရမယ်...!'
အနှီအတွေးများ ပေါ်ပေါက်လာရခြင်းမှာ "မျက်စိစုံမှိတ် ကိုးကွယ်မှု"ဆိုသော အရာကြောင့်ဖြစ်လေသည်။
ယခုလက်ရှိကာလ၌ တတိယအဆင့်ရှိ ဇွန်ဘီများ ထွက်ပေါ်လာကြပြီဖြစ်သည်။ သို့သော် သူတို့ တတ်နိုင်သည်ဆို၍ ၎င်းတို့၏ အစွမ်းများကို ပို၍ ကျင်လည်သွက်လက်စွာ အသုံးပြုလာနိုင်ရုံသာ ဖြစ်လေ၏။ သွင်ပြင်ပိုင်းဆိုင်ရာတွင်တော့ အခြားဇွန်ဘီများနှင့် မခြားနားပေ။ သို့သော် ချန်လီကတော့ မတူ။ ချန်လီမှာ လူသာမန်တစ်ယောက်အတိုင်း ဖြစ်နေသည်။ ဇွန်ဘီဆန်သော လက္ခဏာ သူ့မှာ လုံးဝ မရှိခဲ့။
"ဘယ်လိုပဲ တခြား ဇွန်ဘီနဲ့ မတူနေပါစေ၊ ဇွန်ဘီ ဖြစ်နေတာကတော့ ပြောင်းလဲ မသွားဘူး"
ချင်းယွီ၊ ". . ." 'Boss ရဲ့ အဖြေက ငါ့ကို အမြဲတမ်း ဆွံ့အသွားရစေနိုင်...'
"Boss တကယ်ကြီး ကျွန်တော်တို့ကို ဇွန်ဘီတစ်ကောင်နဲ့ အတူနေ အတူစားလုပ်ခိုင်းခဲ့တာလား...!" လင်ဖုန်း တုံ့ပြန်ပုံက အပြင်းထန်ဆုံး၊ သူ အော်ဟစ်လိုက်သည်အထိပင်။ သူ့မျက်နှာမှာ နာကျင် ခြောက်ခြားမှု အပြည့်နှင့် ချင်းယွီကို ပခုံးမှ ချုပ်ကိုင် ဆွဲလှုပ်နေတော့လေသည်။ "ဇွန်ဘီဟ ဇွန်ဘီ...! အဲ့ကောင်က ဇွန်ဘီကွ...! ဇွန်ဘီတစ်ကောင်နဲ့ တစ်လကြီးများတောင် တစ်အိမ်တည်းနေခဲ့တာကို တွေးမိလိုက်ရင်... ငါ..." 'သေတော့မလိုပဲ...!'
လင်ဖုန်း ဤသို့ တုံ့ပြန်လာမည်ဟုတော့ ရှီရှန်း မထင်ထားခဲ့ပေ။ ဝတုတ်လေးကတော့ အစားအသောက်သာ ဂရုစိုက်သည်။ ရှီရှန်းနောက်ကို လိုက်လျှင် အစာရေစာ ဖောဖောသီသီ ရသည်ကတစ်ကြောင်း၊ နောက်ပြီး အရင်က ခေါင်းဆောင်ကလည်း အလွယ်တကူ လက်ခံလိုက်သည်က တစ်ကြောင်းတို့ကြောင့် သူ စိုးရိမ်ပူပန်မနေတော့ပေ။
လင်ဖုန်း အော်ဟစ်သောင်းကြမ်းနေရာက ရပ်လိုက်တော့သည်။ သူ့မျက်နှာထားကလည်း စိတ်ပိုင်းဖြတ်ပြီးဟန် ရှိလေ၏။ "Boss ဘာမှတော့ မပူပါနဲ့၊ Boss ဘဲဘဲက ဇွန်ဘီဆိုတာကို ကျွန်တော်တို့ ဘယ်သူ့ကိုမှ မပြောပါဘူး"
ချင်းယွီကလည်း ခေါင်းညိတ် ထောက်ခံသည်။ "အင်း အင်း၊ ဘားမှ မစိုးရိမ်နဲ့ Boss... ချန်လီကလဲ သဘောကောင်းပါတယ်၊ ကျွန်တော်တို့ကို တိုက်ခိုက်တာ နာကျင်စေတာမျိုးမှ မရှိခဲ့တာ၊ ကြည့်ရတာ ဇွန်ဘီတွေက အဲ့လောက်ကြီး ကြောက်ဖို့ ကောင်းတာ မဟုတ်ပါဘူး..."
ဝတုတ်လေးကလည်း မျက်လုံးတွေ မှေးပိတ်သွားသည်အထိ ပြုံးလိုက်ကာ ခေါင်းညိတ်၏။ "အွန်း၊ ချန်လီက အစားလဲ သိပ်မကျူးဘူး"
"ပြီးတော့လေ 'ကျွန်တော့်ချစ်သူ ဇွန်ဘီမလေး...!' ဆိုတဲ့ ဝတ္ထုတွေကို အဓိပ္ပါယ်မရှိဘူးလို့ ထင်ထားခဲ့တာ... တကယ်ကြီး ဖြစ်နိုင်သားပဲ၊ Boss အရမ်း တော်တယ်နော်...!"
". . ." 'ချန်လီက ငါ့ဘဲပါလို့ နင်တို့ကို ဘယ်သူ ပြောလို့တုန်း...! နင်တို့ ခေါင်းထဲ ဘာတွေ စိတ်ကူးယဉ်နေကြတာလဲအေ...!'
သူမ ခုနက အတွေးများမိပြီဟုသာ ရှီရှန်း ခံစားမိလိုက်သည်။ စင်စစ် တကယ်တမ်းလက်တွေ့မှာလည်း ပုထုဇဉ်သာမန်လူသား ဘယ်နှယောက်က ခေတ်ပျက်ကပ်ကာလကြီးအတွင်း လူသားဆန်သည့် စိတ်ကို ထိန်းသိမ်းထားနိုင်မည်လဲဟု သူမ တွေးခဲ့မိ၍ပင်။
"Boss... Boss ရဲ့ ဘဲဘဲ နောက်ကို မလိုက်တော့ဘူးလား"
"သူ တခြား ဇွန်ဘီမလေးကို ကြိုက်သွားရင် ဘယ်လိုလုပ်မလဲ"
'ခွေးသားလေးတွေ... အဲ့ကောင် ငါ့ဘဲ မဟုတ်ပါဘူးဆို...! "ဇွန်ဘီမလေးနဲ့ ကြိုက်သွားရင်"ဆိုတာကရော ဘာသဘောတွေ ပြောနေတာလဲ...!'