သူမမျက်စိရှေ့မှာရှိနေသည့် ထိုကောင်မလေးရဲ့အပြုံးတစ်ခုအောက်၌ ကျောက်ရုပ်တစ်ရုပ်လို ငြိမ်သက်ကာနေနေမိသည့် နွေးနေခြည်ဟာ သူမရဲ့လွယ်အိတ်ထဲမှာထည့်ထားသည့် ဖုန်း၏ တုန်ခါမှုကြောင့် နဂိုအသိစိတ်ပြန်၀င်လာခဲ့၏။
လွယ်အိတ်ထဲကဖုန်းကိုထုတ်ရင်း ခေါ်တဲ့သူနာမည်ကိုကြည့်လိုက်တော့ သူ့သူငယ်ချင်း ပြည့်သိင်္ဂီပင်။
"ဟယ်လို..."
"အေး...နေခြည် ပြန်ရအောင်လေ..."
"ပြန်တော့မလို့လား....အခုမှသုံးနာရီဘဲရှိသေးတာကို"
"ဘယ်ကသုံးနာရီလဲ...နာရီလည်းသေချာကြည့်ဦးလေ လေးနာရီခွဲတော့မယ်"
ထိုအချိန်မှ နွေးနေခြည်လည်း မိမိရဲ့လက်မှာပတ်ထားသည့် နာရီကိုကြည့်မိတော့ တကယ်ပင် လေးနာရီနဲ့ ဆယ့်ငါးမိနစ်ရှိနေပြီ။
"နင်စာလုပ်လို့ပြီးပြီမလား...ငါစာကြည့်တိုက်နားကိုထွက်လာလိုက်မယ်နော်...စာအုပ်တွေသိမ်းပြီး အဲ့ရှေ့မှာစောင့် နေ"
"အော်...အေး"
***ဟင်....သူဘယ်ရောက်သွားတာလဲ?
နွေးနေခြည် ဖုန်းပြောလို့ပြီးတာနဲ့ သူမခိုးကြည့်နေမိခဲ့တဲ့ ကောင်မလေးရှိရာကိုလှမ်းကြည့်မိ တော့ ထိုကောင်မလေးက အခန်းထဲမှာမရှိတော့ပေ။
***ကြည့်ရတာ..သူခပ်ေ၀းေ၀းတော့မရောက်လောက်သေးဘူးထင်ပါတယ်
စာအုပ်နဲ့ဘောပင်တောင်မသိမ်းအားသေးဘဲ စာကြည့်တိုက်အခန်းထဲကနေ မြန်မြန်ထွက်ပြီး အပြင်ဘက်မှာ သွားလာနေတဲ့ လူတွေကို လိုက်ကြည့်နေပေမယ့် ကော်ဖီရောင်ဆံနွယ်ပိုင်ရှင် ထိုကောင်မလေးကိုတော့ အရိပ်အယောင်တောင်မတွေ့ရတော့ပေ။
လက်နှစ်ဖက်ကိုခါးမှာထောက်ရင်း စိတ်ပျက်လက်ပျက်နဲ့ဖြစ်နေတဲ့အချိန် ကျောကုန်းကို တစ်စုံတစ်ယောက်ရိုက်လိုက်သလို ခံစားလိုက်ရတဲ့အတွက် လှည့်ကြည့်လိုက်တော့..
"နေခြည်...နင့်ကိုငါ စာအုပ်တွေသိမ်းပြီးစောင့်နေလို့ပြောတာလေ...အခုတော့ ခါးကြီးထောက်ပြီး ဘာရပ်လုပ်နေတာလဲ..."
"ဟင်..ဘာ,,,ဘာမှမလုပ်ပါဘူး"
"ဘာမှမလုပ်ဘူးဆိုရင် နင့်လွယ်အိတ်ကဘယ်နားရောက်နေတာလဲ???"
ပြည့်ပြောမှ နေခြည်လည်း စာအုပ်တွေမသိမ်းရသေးတာကိုသတိရပြီး စာကြည့်တိုက်ထဲတစ်ခါ ပြန်၀င်ကာ ကပျာကယာဖြင့် စာအုပ်နဲ့လွယ်အိတ်တွေယူကာ အပြေးပြန်ထွက်လာ၏။
"နင်ဘယ်လိုဖြစ်လို့...ဒီလောက်ပျာယာတွေခတ်နေတာလဲ...စာကြည့်တိုက်ကိုသွားမယ်လို့ ပြောတုန်းက ဒီလိုပုံစံမဟုတ်ပါဘူး...ဘာလဲ...နင် သရဲခြောက်ခံလိုက်ရလို့လား"
"ဘယ်ကသာ သရဲခြောက်ခံရမှာလဲ.....ပြီးတော့ ငါက သရဲကြောက်တဲ့လူမှမဟုတ်တာ"
"ဟုတ်ပါပြီ..ငါကစကားအဖြစ်ပြောတာပါ...လာ သွားမယ်...မဟုတ်ရင် ရေချိုးနောက်ကျတော့မယ်"
"အင်း..."
နွေးနေခြည်နဲ့ ပြည့်သိင်္ဂီဟာ အဆောင်ကိုအတူတူပြန်ကြတယ်ဆိုလို့ သူတို့နှစ်ယောက်က အဆောင်အတူတူနေကြတဲ့သူတွေတော့မဟုတ်ပါဘူး။
နွေးနေခြည်က သူ့ဦးလေးဖွင့်ထားတဲ့ 'သရဖီ' အဆောင်မှာနေသလို ပြည့်သိင်္ဂီကတော့ နွေးနေခြည်ရဲ့အဆောင်နောက်တစ်လမ်းက 'ငွေကြယ်ပွင့်' အဆောင်မှာနေပါတယ်။
ဒါပေမယ့် ငယ်ငယ်ကတည်းက အတူတူခင်မင်လာကြတဲ့သူငယ်ချင်းတွေဖြစ်တဲ့အပြင် အိမ်နီးချင်းတွေလည်းဖြစ်တဲ့အတွက် အမြဲလိုလို သွားအတူ လာအတူဖြစ်နေခဲ့ကြတာပါ။
.
.
တစ်ညလုံး အပြုံးတစ်ခုရဲ့လွှမ်းမိုးမှုအောက်မှာ အိပ်မပျော်နိုင်ခဲ့သည့် နွေးနေခြည်ဟာ ဒီနေ့လည်း မနေ့ကတွေ့လိုက်ရတဲ့ ကောင်မလေးနဲ့ပြန်လည်တွေ့လိုတွေ့ငြား စာကြည့်တိုက်သို့ခြေဦးတည်ခဲ့ပါသည်။
စာကြည့်တိုက်မှာထိုင်ရင်း စာခဏလုပ်လိုက် အပေါက်၀ကနေ ထိုကောင်မလေးများ၀င်လာ ဦးမလားဆိုပြီး မျှော်လိုက်နဲ့ နွေးနေခြည်ရဲ့စိတ်တွေကဗျာများနေခဲ့ပါတယ်။
သို့သော် သူမစာကြည့်တိုက်ကိုရောက်တာ အချိန်သုံးနာရီကျော်သာကြာသွားပေမယ့် နွေးနေခြည် မျှော်နေတဲ့ကောင်မလေးကတော့ ရောက်မလာခဲ့ပါဘူး။
***အင်း...သူလည်း ငါတို့ကျောင်းကကျောင်းသူတစ်ဦးဘဲဆိုတော့ တစ်နေရာရာမှာတော့ ပြန်တွေ့ကိုတွေ့ကြမှာပေါ့....
ဒီနေ့မတွေ့လည်း နောက်နေ့....ဒီနေရာမတွေ့လည်း တခြားနေရာပေါ့
ထိုသို့ဖြင့် နွေးနေခြည်ဟာ ကျောင်း၀င်းထဲကိုရောက်တိုင်း သူမတွေ့ချင်နေမိတဲ့ကောင်မလေးကို ဘဲ အမြဲလိုလို ရှာနေမိခဲ့ပါတယ်။
စာမေးပွဲမဖြေသေးခင် ဖြေဖို့အပြင်မှာရပ်စောင့်နေရတဲ့အချိန်မှာတောင် ထိုကောင်မလေးကိုတွေ့လိုတွေ့ငြား ရှာဖွေခဲ့မိပါသေးတယ်။
ဒါပေမယ့်လည်း မျှော်လင့်ခြင်းများစွာနဲ့နွေးနေခြည်ရဲ့ ဆန္ဒတွေပြည့်၀စေရန်ကိုတော့ ကံကြမ္မာ ကအခွင့်မပေးခဲ့သလို
ဘယ်အချိန်မှာမှ နွေးနေခြည်ရဲ့ဆန္ဒတွေပြည့်မြောက်သွားမလဲဆိုတာကိုလည်း ဘယ်သူမှ တပ်အပ်မပြောနိုင်ခဲ့ကြပါဘူး။
.
.
နောက်ဆုံးတော့ ဖြစ်ပွားနေတဲ့ ဗိုင်းရပ်ရောဂါကို ထိန်းချုပ်နိုင်တဲ့ကာကွယ်ဆေးပေါ်လာခဲ့ပါပြီ။
ရောဂါပိုးကိုထိန်းချုပ်ကင်းစင်အောင်လုပ်နိုင်သွားပြီဆိုတော့ ကျောင်းသားအများစုမျှော်လင့်နေကြတဲ့ ကျောင်းတွေလည်းပြန်ဖွင့်လို့လာပါပြီ။
"ရေး...နောက်ဆုံးတော့ ငါလွမ်းနေရတဲ့ကျောင်းကြီးကို ပြန်ရောက်လာပြီကွ..."
ကျောင်းဖွင့်လို့တစ်ပတ်ကြာတဲ့အထိ တစ်ပတ်လုံးလုံး ကျောင်းသွားခါနီးတိုင်း ၀မ်းသာအားရနဲ့အော်ဟစ်ခုန်ပေါက်နေသည့် ဒီအသံပိုင်ရှင်ကတော့ နွေးနေခြည်ရဲ့ သူငယ်ချင်းကြီး ပြည့်သိင်္ဂီပင်။
"ဟဲ့...နေခြည်မ...အခုမှရောဂါတွေကင်းစင်ပြီး လွမ်းခဲ့ရတဲ့ကျောင်းတော်ကြီးကိုပြန်လာရတာကို နင့်ရုပ်ကြီးက မပျော်တဲ့ပုံနဲ့ ဘာဖြစ်နေတာလဲ....ပြောပါဦး"
"ဘာမှမဖြစ်ပါဘူး...ပျော်ပါတယ်ဟ"
"မသိဘူး...ငါကတော့ အခုလိုမှိုင်တွေနေတဲ့ နင့်ပုံစံကြီးကိုသဘောမကျဘူး..အရင်တုန်းကလို လန်းဆန်းတက်ကြွပြီးစွာစိစိန် နွေးနေခြည်ကိုဘဲ သဘောကျတယ်"
ပြည့်သိင်္ဂီရဲ့စကားကြောင့် ကိုယ့်ကိုယ်ကို မှိုင်တွေလို့ မှိုင်တွေမှန်းတောင် သတိမထားမိတဲ့ နွေးနေခြည်က..
"ငါ့ပုံစံက တကယ်ဘဲ မှိုင်မှိုင်တွေတွေကြီးဖြစ်နေလို့လား"
"အေးပေါ့..ဘာလဲ...နင်က နင်တွေ့ချင်နေတဲ့သူကိုမတွေ့ရလို့ ဒီလိုပုံစံကြီးဖြစ်နေတာလား..ဟုတ်လား"
ကိုယ်အခုဖြစ်နေတာနဲ့ ပြည့်သိင်္ဂီစကားနဲ့က ငြင်းမရအောင် ထပ်တူကျနေတဲ့အချိန်မှာတော့ နွေးနေခြည်လည်း နှုတ်ဆိတ်ရင်းသာ၀န်ခံလိုက်ရတော့သည်။
"အမလေး...နေခြည်ရယ်...အခုမှကျောင်းတွေပြန်ဖွင့်တာတစ်ပတ်ဘဲရှိသေးတာကို နင့်ကိုယ်တော်လေးက လာမှာပေါ့,.....အရမ်းကြီးလည်းမျှော်မနေနဲ့ဦး ဟိုက နင်မျှော်လွန်းအား ကြီးလို့ ခလုတ်တွေတိုက်နေဦးမယ်"
အရယ်စွက်ရင်း "ကိုယ်တော်လေး"ဆိုပြီး ပြောနေသည့် ပြည့်သိင်္ဂီ..
ဒီတစ်ခါလည်း နွေးနေခြည်က ဘာမှရှင်းမပြခဲ့ဘဲ "အင်း"တစ်လုံးဖြင့်သာ ပြုံးနေခဲ့ပါသည်။
***ကံတရားရယ် သူနဲ့နောက်တစ်ကြိမ်ထပ်တွေ့ဖို့ အခွင့်အရေးလေးတစ်ခုတောင် ကျွန်မမှာ မရှိတော့ဘူးလားဟင်။
ကိုယ့်ကိုမသိတဲ့သူတစ်ယောက်ကို ဒုတိယတစ်ကြိမ် တွေ့လိုတွေ့ငြား အရူးတစ်ယောက်လိုလိုက်ရှာနေမိခဲ့တဲ့ ကျွန်မကို နဲနဲလောက်တော့ သနားတဲ့အနေနဲ့ အခွင့်ပေးသေးတယ်မဟုတ်လား။
.
.
"သမီးရေ...နေခြည်..ခဏလာပါဦးကွယ်"
ကျောင်းကပြန်ရောက်ပြီး အဆောင်ထဲ၀င်၀င်ချင်း ဆီးကြိုပြောသည့် ဦးလေးဖြစ်သူကြောင့် နွေးနေခြည်လည်း ဦးလေးနားသွားလိုက်ကာ..
"ဦးလေး...သမီးကိုပြောစရာရှိလို့လားဟင်"
"ဟုတ်တယ်..သမီး...ဒီမနက်ဘဲ သမီးအခန်းကို အခန်းဖော်အသစ်ရောက်တယ်။ ကလောမှာနေတာတဲ့...ပြီးတော့ သူက သမီးနဲ့ တစ်နှစ်တည်းဘဲစတုတ္ထနှစ် မေဂျာကတော့ Archiကလို့ပြောတာဘဲ"
"အော်...ဟုတ်ကဲ့ဦးလေး"
"ကဲ ဒီမှာ သူ့အတွက် သော့အပိုတစ်ချောင်း...ဦးလေးသူ့ကိုနေ့လည်ကတည်းကပေးမလို့ အလုပ်တွေရှုပ်နေတာနဲ့ သမီးဘဲပေးလိုက်တော့နော်"
"ဟုတ်...သမီးပေးလိုက်မယ်ဦးလေး"
"အေးအေး"
ဦးလေးပေးတဲ့ သော့ကိုယူရင်း ကိုယ့်အခန်းရှိရာကိုနွေးနေခြည်၀င်လာခဲ့တော့ နွေးနေခြည်ရဲ့ ဘေးကုတင်ကအရင်လို မဟုတ်ဘဲ သေချာစီရီပြီး နေရာချထားတဲ့ပစ္စည်းတွေကိုတွေ့လိုက်ရ ပါတယ်။
သို့သော် သူ့အခန်းဖော်ဖြစ်သည့်ကောင်မလေးကတော့ တစ်နေရာရာကိုသွားသလားမသိ။ အခန်းထဲမှာမရှိပေ။
ရှေ့နှစ်တွေတုန်းက နွေးနေခြည်ရဲ့အခန်းမှာ အတူတူနေသွားတဲ့အမက အခုဘွဲ့ရသွားပြီဆိုတော့ နွေးနေခြည်ရဲ့အခန်းက တစ်ယောက်ထဲအချိန်အတော်ကြာတိတ်ဆိတ်နေခဲ့တာ အခုတော့စကား ပြောဖော်သူငယ်ချင်းရလာတော့မယ်လေ။
လက်ထဲမှာကိုင်ထားတဲ့သော့ကို စားပွဲပေါ်တင်လိုက်ပြီး ကျောင်းယူနီဖောင်းကို လဲကာ ကုတင်ပေါ်မှာခဏလှဲရင်း အနားယူနေပေမယ့် နွေးနေခြည်ရဲ့စိတ်တွေကတော့ သူမတွေ့ချင်နေမိတဲ့ ကောင်မလေးဆီမှာသာ။
မျက်လုံးတွေကိုမှိတ်ထားရင်း အတွေးကမ္ဘာထဲရောက်နေတုန်း တံခါးဖွင့်သံကြားတဲ့အတွက် သူ့အခန်းဖော်ဖြစ်မည်ဟုတွေးကာ လှဲနေရာကနေထက နှုတ်ဆက်စကားပြောဖို့ပြင်တော့...
"ဟင်!!!!!"
နွေးနေခြည်ရဲ့ အံ့သြမှုနဲ့ထွက်ပေါ်လာတဲ့အသံအဆုံးမှာ အခန်းထဲ၀င်လာသည့် ကောင်မလေးကတော့ ခပ်အေးအေးလေသံဖြင့်ပင်..
"ငါ့နာမည်က ၀င့်ဖူးသဇင်ပါ.....နင်က နွေးနေခြည်မလား"
စကားနဲ့ပင်ပြန်မဖြေနိုင်လောက်တဲ့အထိ ဆွံ့အနေခဲ့သည့် နွေးနေခြည်ကို ၀င့်ဖူးသဇင်ဆိုသည့် ကောင်မလေးကပင် စတင်ပြီး..
"နင့်ကိုကြည့်ရတာ စိတ်မကြည်တဲ့ပုံဘဲ...ဆောရီးပါ..ငါနှောင့်ယှက်သလိုဖြစ်သွားတယ်"
"မ..မဟုတ်ပါဘူး....ငါ..ငါ အဆင်ပြေပါတယ်"
စိုးရိမ်စိတ်နဲ့အတူ ထစ်ထစ်ငေါ့ငေါ့နဲ့ပြန်ပြောလိုက်သည့် နွေးနေခြည်။
၀င့်ဖူးသဇင်ကတော့ ခေါင်းတစ်ချက်သာငြိမ့်ပြီး ခေါင်းလျှော်ပြီးကာစ ရေစိုနေတဲ့ ဆံပင်တွေကို တဘက်တစ်ထည်နဲ့သုတ်နေ၏။
၀င့်ဖူးသဇင်ရဲ့လှုပ်ရှားမှုတွေကို မမှိုတ်မသုတ်လိုက်ကြည့်ရင်း သေလူလိုငြိမ်သက်နေသူကတော့ နွေးနေခြည်ပင်။
_ ကံတရားသည် ဆန်းကြယ်လွန်းပါပေသည်။
နေ့တိုင်းလိုလို ကျောင်း၀င်းထဲမှာ ခြေရာထပ်အောင် သူမကို လိုက်ရှာခဲ့တုန်းကတော့ ကျွန်မရှာနေခဲ့သူကို လုံး၀ မတွေ့ခဲ့။
အခုတော့ သဲထဲရေသွန်ဖြစ်နေတဲ့ကျွန်မအဖြစ်တွေကို ဒီလောက်နဲ့တင်ရပ်လိုက်တော့ ရင်ကောင်းမလား လို့တွေးနေမိတဲ့အချိန်မှာမှ ကျွန်မရှာနေခဲ့တဲ့သူက ကျွန်မရှေ့ကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီးရောက်ချလာတယ်တဲ့လား။
ထိုသို့တွေးနေရင်း တစ်ဖက်ကုတင်မှာ တင်ပလွဲထိုင်ကာ ဆံပင်ခြောက်အောင် သုတ်နေသည့် သူမကို နွေးနေခြည် သတိလက်လွတ်ငေးကြည့်မိပြန်သည်။
*သူနဲ့တွေ့ခဲ့တုန်းက ကျောလယ်လောက်ရှိတဲ့ ကော်ဖီရောင်ဆံနွယ်လေးတွေက အခုခါးတောင်ကျော်လုနေပြီ။
ဘာမှမလိမ်းထားတဲ့ ရှင်းသန့်နေသည့် မျက်နှာလေးကလည်း အခုလို အရင်ကထက်အနီးကပ် မြင်ရချိန်ကျတော့ ပိုလို့တောင်လှနေသလိုပင်။
ဘယ်လိုဘဲ ကိုယ့်ဘက်က ဘယ်လောက်တွေ့ချင်နေခဲ့ ဒီနေ့မှ ကိုယ်နဲ့စသိတဲ့သူမရဲ့စိတ်ထဲမှာ ကိုယ့်အပေါ်အထင်အမြင်လွဲသွားမှာစိုးတဲ့အတွက် ကိုယ့်စိတ်ကိုယ်ပြန်ချုပ်ထိန်းရင်း အားတင်းကာ စကားစမိ၏။
"ဟို....ငါ့မှာ dryerပါတယ်။ နင် ယူသုံးချင် ယူသုံးလို့ရတယ်နော်"
"ကျေးဇူးတင်ပါတယ်...ဒါပေမယ့် ဆံပင်က အခုကတည်းက နဲနဲခြောက်နေပါပြီ"
"အော်....အင်း...ဒါ..ဒါနဲ့လေ...ငါ့နာမည်ကိုဘယ်လိုသိတာလဲဟင်"
"အဆောင်မှူးဦးလေးပြောပြလို့လေ"
"အော်..."
ဒုတိယအကြိမ်မြောက် "အော်" ဆိုတဲ့အသံဆုံးမှာတော့ ၀င့်ဖူးသဇင်က ပု၀ါကိုတန်းမှာလွှားလိုက်ရင်း....
"နင်လို့မပြောချင်ရင်....ငါ့ကို သဇင်လို့ခေါ်လို့ရတယ်"
"သဇင်???ဒါပေမယ့် ငါက နာမည်တစ်လုံးတည်းခေါ်ရတာကိုပိုကြိုက်တယ်...ဥပမာ.."ဇင်" ဆိုပြီးတော့လေ"
ကာယကံရှင်က "သဇင်"လို့ခေါ်ပါဆိုတာတောင် စောဒကတက်နေပြန်တဲ့ နွေးနေခြည်။
ဝင့်ဖူးသဇင်ကတော့ ခရီးဆောင်အိတ်သေးသေးလေးက ဇစ်ကိုဖွင့်ပြီး ခေါင်းဘီးလိုက်ရှာနေရင်း ပြန်ဖြေလိုက်၏။
"အင်း...နင့်သဘောဘဲလေ"
ပြန်ဖြေလိုက်တဲ့ ၀င့်ဖူးသဇင်က ဘေးကုတင်ကိုကျောပေးပြီးရပ်နေတဲ့အတွက် နွေးနေခြည်ရဲ့မျက်နှာက အခုအချိန်မှာဘယ်လိုပုံစံဖြစ်နေပြီဆိုတာ မသိခဲ့ပါဘူး။
ဒါပေမယ့် ၀င့်ဖူးသဇင်ရဲ့ 'နင့်သဘောဘဲလေ'ဆိုတဲ့စကားကြောင့် 'ဇင်'လို့ခေါ်ရတော့မှာကို တွေးပြီး ကျေနပ်ပိတီဖြစ်ရင်း ပြုံးနေသူကတော့ နွေးနေခြည်ပါ။
.
.
.
· ငါဒီမနက်ကထိ တစ်ပတ်လုံးလုံးစိတ်တွေညစ်နေခဲ့တာ...
· ဒါပေမယ့် ဒီညနေတော့ ငါ့အတွက် အပျော်တွေကိုယူဆောင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ် ဇင်...
• နောက်ဆုံးမှာ ငါ့မျှော်လင့်ချက်လေးတစ်ခုပြည့်၀သွားခဲ့ပြီ
.အဲ့ဒါကြောင့်မို့ ဒီညကစပြီး ငါလည်းနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နိုင်တော့မယ်လေ....။
🖤💙🖤💙