အမှန်အတိုင်းဝန်ခံရလျှင် မလွမ်းသည့်နေ့ဟူ၍မရှိ။ အနားမှာမရှိမှ သူ့အတွက် စုန်းက မည်မျှ အရေးပါကြောင်း သိလာရသည်မလား။ စွန့်လွှတ်ပစ်ဖို့ ထွက်လာခဲ့ခြင်းမဟုတ်သည့်တိုင် ပေါင်းဖက်ရန်လည်း မသေချာလှသည့် သူတို့နှစ်ဦးဘဝပါပဲ။
"ဘာလို့ ဖွင့်မပြောခဲ့တာလဲ ပြည့်"
မသော်မေးခွန်းအတွက် သူ့မှာ အဖြေရှိမနေခဲ့ပါ။ အကယ်၍သူစိုးရိမ်လွန်နေခဲ့၍ ဖွင့်မပြောခဲ့ခြင်းဖြစ်ကြောင်း မသော်သိလျှင် သူ့ကို စာနာနိုင်လိမ့်မည်လား။
"မသော်ကို ကျွန်တော် ခင်ပါတယ်"
"ရတယ် ပြည့်။ မဖြေချင်လည်း နေပါ။ အစ်မက မောင်လေးစိတ်သက်သာရာရစေချင်လို့ မေးတဲ့သဘောပဲရှိတာ"
သူလက်မခံနိုင်ဖြစ်ခဲ့သည်ကို ဝန်ခံရမည်။ ငယ်စဉ်ကပင် အပေါင်းအသင်းမရှိခဲ့သည့်သူ။ မိသားစုကိစ္စအဆင်မပြေခဲ့ချိန်များတွင် သူ့အတွက် စံလင်းကသာ အရာရာဖြစ်ခဲ့သည်။ သူငယ်ချင်းဆိုသည်ထက် ပိုလွန်းနေခဲ့သည့် ခံစားချက်တို့က သူနှင့်မျိုးတူသည့် ယောက်ျားတစ်ယောက်ဖြစ်နေ၍လည်း ပိုခံစားခဲ့ရသည်မလား။
"ကျွန်တော် အချစ်ကို မယုံဘူး မသော်။ မေတ္တာတွေ သံယောဇဉ်ဆိုတာတွေကိုလည်း မယုံဘူး"
သူပြောတော့မသော်က ဒုတိယအကြိမ်အဖြစ် ပြုံးပြန်၏။
"အဖေနဲ့အမေ...ဒီလောက်နှစ်ရှည်လများအတူတူနေခဲ့ပြီးမှ နောက်ဆုံးကျတော့လည်း ကွဲကြတာပဲ"
"ပြည့် အစ်မ မေးလို့ရမလား"
"ဟုတ်ကဲ့"
"မောင်လေး အခု ကြိုးစားနေတာတွေက စံလင်းကို ချစ်လို့မဟုတ်ဘူးလား"
"ကျွန်တော် ကြောက်တယ် မသော်။ ကျွန်တော် စုန်းကို အဆုံးရှုံးမခံနိုင်ဘူး"
"အဲ့ဒါကြောင့် ဖွင့်မပြောဘဲ ထွက်လာခဲ့တာလား"
သူဝန်ခံသည်။ ပိုင်ဆိုင်ရပြီးမှ ဆုံးရှုံးရမည်ထက် မပိုင်ဆိုင်ခင် စွန့်လွှတ်ပေးဖို့ကိုသာ သူရွေးချင်သည်။ ထို့အတူ ဤစက်ဆုပ်ဖွယ် အသိုင်းအဝိုင်း၏ လူမဆန်မှုတွေကို သူတစ်ဦးတည်းသာ ခါးဆီးခံလိုသည်။
ESTÁ A LER
ချည်တိုင် [ Philophobia ]
Ficção AdolescenteNeither love nor be loved........ Art : @CitaminArt❣️
Philophobia - 5 (ZG)
Começar do início