"ခရီးသည်များရှင့်။ မကြာမီအချိန်အတွင်း ထမင်းစားရပ်နားတော့မည်ဖြစ်ပါ၍ မိမိ၏ တန်ဖိုးကြီး ပစ္စည်းများကို ကားပေါ်တွင်ထားခဲ့ခြင်းမပြုဘဲ တစ်ပါတည်း ယူဆောင်သွားပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်။ ကျေးဇူးတင်ပါတယ်ရှင်"
ကားစပီကာဆီမှ အသံခပ်စူးစူးက နားကြပ်မှအသံကိုလွန်ကာ စံလင်းနားထဲသို့ ရုတ်ချည်း ရောက်လာသည်။ အိပ်မှုန်စုံမွှား မျက်လုံးကို ဖွင့်ကြည့်မိတော့ သူ့မှာတအံ့တဩ။ သူအမြင်မမှားလျှင် ရန်ကုန်မှ စထွက်လာသည့် ညဉ့်ဦးပိုင်း အချိန်မဟုတ်တော့ဘဲ မနက်ခင်း အချိန်သို့ပင်ရောက်နေလေပြီမလား။
"လူလေး နိုးပလား"
ဘေးခုံရှိ အန်တီကြီးက သူ့ကို စိုးရိမ်တကြီး ကြည့်ရင်း စကားသံဝဲဝဲဖြင့် အခြေအနေမေးရှာသည်။ စကားသံက အနီးစပ်ဆုံးပြောရလျှင် ယိုးဒယားစကားသံနှင့်တူ၏။ စံလင်း ယခုတိုင်ခေါင်းထဲ တရိပ်ရိပ်ဖြစ်နေသော်လည်း ခန္ဓာကိုယ်ကတော့ အားအင်ပြည့်ဝနေသည့်နှယ်။
"ပြေပါတယ် အန်တီ။ ဘာဖြစ်လို့လဲခင်ဗျ"
"အိတာ ဟိုက စထွစ်ကတီးကပဲ"
အတော်ကလေး ဝဲသည့်လေသံကိုမှ အမြန်ပြောလေသည်မို့ စံလင်း နားမလည်နိုင်ပြန်။
"ဗျာ"
"ရှင် အိပ်တာ ဟိုက စထွက်ကတည်းကတဲ့"
အနောက်ခုံမှ သူတို့နှစ်ဦးခုံကိုဖြတ်သွားသည့် ကောင်မလေးက ဘာသာပြန်ဆိုပေးရှာသည်။
"ဪ ဟုတ်လား အန်တီ"
တအံ့တဩဖြင့် ဖုန်းကို ထုတ်ကြည့်မိတော့ ဖုန်းစကရင်တွင် ပေါ်နေသည့်အချိန်က 8:23 ဟူ၍ ညွှန်ပြနေလေသည်။ ဤအတိုင်းဆိုလျှင် ဆေးအရှိန်ကြောင့် တစ်နေ့နှင့်တစ်ည သို့မဟုတ် (၁၅) နာရီ နီးပါး သူအိပ်ပျော်သွားခဲ့ခြင်းမလား။
"မန်းစားမား။ ဆင်းတော့ ကောင်ငယ်"
အန်တီကြီးက ပြောပြောဆိုဆို အရှေ့မှဆင်းသွားသည်မို့ စံလင်းလည်း ကျောပိုးအိတ်ယူကာ ဆင်းလာလိုက်တော့သည်။
အတော်အသင့်ကြီးမားသည့် ထမင်းဆိုင်တစ်ဆိုင်။
ဆိုင်တွေ့လေတော့မှ ဗိုက်ထဲ အသံစုံအော်မြည်နေသည်ကို သတိထားမိတော့၏။ ထို့ကြောင့် ခပ်မြန်မြန်နေရာယူရင်း ထမင်း၊ ဟင်းမှာရန်ပြင်ရသည်။
YOU ARE READING
ချည်တိုင် [ Philophobia ]
Teen FictionNeither love nor be loved........ Art : @CitaminArt❣️