(၃၄)

9.3K 1K 31
                                    

"ဗျာ ကျွန်တော့်ကို အလုပ်ခန့်မယ်လို့ပြောလိုက်တာလား"

"ဟုတ်တယ်။ မောင်ရင်နဲ့ စာချုပ်ချုပ်ပါရစေ"

ကျောင်းမပြီးခင်ပင် အလုပ်သင်အနေဖြင့်ဝင်ခဲ့ရသည့် ကုမ္မဏီမှ သူဌေးက အလုပ်သင်ကာလပြီးဆုံးသည့်နေ့တွင်ပင် အမြဲတမ်းဝန်ထမ်းအဖြစ် စာချုပ်ချုပ်ဆိုရန် ကမ်းလှမ်း​လာသည်။

"စာချုပ်ကို သေချာလေးဖတ်ပါ။ နားမလည်ရင် ပြန်မေးနိုင်တယ်နော်"

"ဟုတ်ကဲ့ဗျ"

လက်ထဲရောက်ရှိလာသည့် စာချုပ်ကလေးကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ရင်း စံလင်း ဝမ်းသာမဆုံးဖြစ်နေမိသည်။

ဤခေတ်၊ ဤအခါတွင် အလုပ်တစ်ခုရဖို့မလွယ်ကူလှ။ ထိုက်သင့်သည့် ပညာအရည်အချင်းရှိသည့်တိုင် "အတွေ့အကြုံ ရှိရမည်" ဟူသော ဘောင်အတွင်းမှ အလုပ်ခေါ်စာများကြောင့် စားဝတ်နေရေးပြေလည်ရန်လုံလောက်မည့် လစာတို့က ဘွဲ့ရပြီးစ သို့မဟုတ် လုပ်ငန်းအတွေ့အကြုံနည်းသည့် လူငယ်တို့အတွက် အလှမ်းဝေးနေဆဲ။

ရတောင့်ရခဲ အခွင့်အရေးဖြစ်သည်မို့ စံလင်း အထူးအထွေ မစဉ်းစားလို။ စာချုပ်ပါအချက်အလက်များကိုအသေအချာ ခပ်သွက်သွက်ဖတ်လိုက်သည်။ ပုဂ္ဂလိက ကုမ္မဏီတို့​၏ ထုံးစံအတိုင်း နှစ်နှစ်စာချုပ်ဖြင့် နောက်ဆုံးတွင် စံလင်း အလုပ်တစ်ခု တရားဝင်ရလာခဲ့ပြီ။

"လောလောဆယ်တော့ စာရွက်စာတမ်း ဘာသာပြန်တဲ့ကိစ္စပဲ အရင်ကြိုးစားပေးပါဦး မောင်စံလင်း။ Tour တစ်ခုလုံးကို တာဝန်ယူဖို့ကျ မင်းမှာ အတွေ့အကြုံတွေ လိုသေးတယ်မလား"

"ဟုတ်ကဲ့ ဦးလေး"

"အေးကွာ။ ကျန်တာတော့ ချိုနွယ့်ဆီကသာ သင်။ သူမင်းကို အများကြီိးကူညီပေးနိုင်မှာပါ"

မချိုနွယ်ဆိုသည်မှာ စံလင်းတို့ ခရီးသွားကုမ္မဏီမှ Tour Operator အမျိုးသမီးဖြစ်သည်။ ထို့အတူ စံလင်းကို ထောက်ခံပေးသည့် အမျိုးသမီးဆိုလျှင်လည်း မမှားပေ။

"ရှေ့လျှောက် ကြိုးစားပေးပါဦး မောင်ရင်ရေ"

"စိတ်ချပါ ဦးလေး။ ကျေးဇူးလည်းတင်ပါတယ်"

ချည်တိုင် [ Philophobia ]Where stories live. Discover now