(၁)

53.9K 2.5K 74
                                    

လူလတ်တန်းစားများနေထိုင်ရာ ဆင်ခြေဖုံးရပ်ကွက်ကလေးသည် ပုံမှန်အတိုင်း လည်ပတ်သွားလာနေ​၏။ ရပ်ကွက်လမ်းကြားလေးတစ်ခုအတွင်းတွင်တော့ အိမ်ခြေများများစားစားမရှိသည့်တိုင်နေထိုင်သူ လူဦးရေကတော့ များပြားလှ​လေသည်။

"အကြော်စုံတွေရမယ်"

"ကောက်ညှင်းပေါင်းပူပူလေး"

လမ်းကျဉ်းလေးထဲ ကြားနေကျ မနက်ခင်းစျေးသည်တို့​၏ အော်ဟစ်သံတို့က ဆူဆူညံလျှက်ပင်။

"အဲ့ဒီတော့ ရှင်ဘာလုပ်ချင်လဲ။"

"မင်းလူပါးဝစကားမပြောနဲ့"

"ပြောတယ်၊ ပြောတယ်။ ကျုပ်က ရှင်တို့သားအဖကိုတင်ကျွေးထားရတာ။ တစ်နေ့တစ်နေ့ အိမ်စရိတ်ရှာရတာ တစ်မျိုး၊ ရှင့်သားကျောင်းစရိတ်ရှာရတာတစ်မျိုးနဲ့"

"ငါကရော ထိုင်စားနေလို့လား"

"ရှင့်လစာ တစ်ပဲခြောက်ပြားက အိမ်လခတောင်မကာမိတာကို။ တော်ပြီရှင်။ ရှင်အပိုတွေပြောမနေနဲ့။ ကျုပ် စျေးထွက်ရဦးမှာ။ အလုပ်မသွားခင် ထမင်းဟင်းချက်သွား။ တကယ်တည်း .... အိမ်အခြေအနေသိရဲ့သားနဲ့ တောင် ခုထိ ကုလားသေကုလားမော သေနေတဲ့ အကောင်ကိုလည်း အံ့ဩပါ့။ သားအဖနှစ်ယောက်လုံး တစ်စက်မှ ထောင့်မကျိုးဘူး"

ပျဉ်ထောင်အိမ်ယိုင်နဲ့နဲ့ကလေးအတွင်းမှ ပဲပြုတ်ဗန်းအားရွက်ရင်း ဆောင့်ကြီးအောင့်ကြီးထွက်လာသူမှာ အသက်​လေးဆယ်အရွယ်အမျိုးသမီးကြီးတစ်ဦးသာ။

"ပဲပြုတ်ပူပူလေး"

အမျိုးသမီးထွက်သွားသည်နှင့် အိမ်လေးအတွင်းပြန်လည်တိတ်ဆိတ်သွားတော့သည်။

အစိုးရဝန်ထမ်းဖြစ်သည့်အလျောက် ရရှိသည့်လစာငွေအနည်းအကျဉ်းအပေါ် မကျေမနပ်ပြသနာရှာသည့် ဇနီးသည်အား ဦးတင်ဟန် တစ်ယောက် အပြစ်မတင်လို။ အိမ်စရိတ်အပြင် သူ့ဘက်ကပါလာသည့် ကိုးတန်းကျောင်းသား​၏ ကျောင်းစရိတ်ပါ ရှာနေရတော့ ငြူစူတာလည်း အဆန်းတော့မဟုတ်ပါလေ။

စိတ်ကိုရှင်းအောင်ထားရင်း သားကြီးနှင့်သမီးငယ်လေးထမင်းချိုင့်အတွက်လည်းကောင်း၊ အိမ်မှာကျန်ခဲ့မည့် ဇနီးသည်အတွက်လည်းကောင်း ချက်ပြုတ်ရန်သာပြင်ရတော့သည်။

ချည်တိုင် [ Philophobia ]Where stories live. Discover now