"ပိုက်ဆံရှိလို့လား"

တစ်ကြိမ်တစ်ခါလောက် စကားကို နားဝင်ချိုအောင် ပြောမိလျှင်ပင် နွေခေါင်ခေါင် မိုးကြိုးပစ်ခံရမည်ဟု တွက်ဆထားပုံပေါ်သည့် ပြည့်ဖြိုးဟန်ပါပဲ။

"ရှိပါတယ်ကွာ။ မင်းပဲ နှိမ်နေလိုက်။ ခုတလော ငွေရွှင်နေတယ်။ ဒီလူကို အထင်မသေးစေချင်ဘူး။ ဟဲ ဟဲ"

"ပြီးတာပဲ"

နှစ်ဉ်ီးသား တံခါးလေးသော့ပိတ်ကာ ထွက်လာလေတော့ တန်းဆွမ်းပင် မဆုံးသေးပေ။

"ဘယ်သွားမှာမလို့ ကားမယူတာလဲ"

"၄၆ လမ်းလေ။ Urban City ရှိတယ်။ အဲ့ဒီမှာ Cafe Salween ရှိတယ်။ အရမ်းကောင်းတာ"

" ဘာဆိုင်"

"ကဖေး စလဝမ်။ ကော်ဖီကတော့ရှယ်ပဲ။ ဆိုင်ရဲ့ အပြင်အဆင်ကလည်း တော်တော် ကောင်းတာ။ မင်းရောက်ရင် ကြွေသွားမယ်"

"ကိုယ်စားလှယ်ခရထားလို့လား"

"စေတနာနဲ့ ပြောပြနေတာကို"

"သွား အရှေ့က"

ပြည့်ဖြိုးကို စကားစမိသော်လည်း သိရှိပုံမပေါ်သည်မို့ စံလင်းကပင် စကားအတိုင်း အ​ရှေ့မှ ဦးဆောင်ကာ လျှောက်လာခဲ့လိုက်တော့သည်။ အမှန်တော့လည်း ပြည့်ဖြိုးကို သူသနားသည်။ လောကကြီးကို ဂျစ်တိုက်နေသည်ကလွဲ၍ ပြည့်ဖြိုးမှာ အပေါင်းအသင်းဟူ၍လည်းမရှိ။ အမြဲတစေ တစ်ဦးတည်း အချိန်ကုန်ဆုံးတတ်သည့် လူသား။

တနင်္ဂနွေနေ့ဖြစ်သည်မို့ ကားလမ်းကတော့ အတော်အသင့်ရှင်းလင်းနေသည်။ ပလက်ဖောင်းပေါ်မှာတော့ ရိုးရာမပျက် လူသူကြား တိုးဝှေ့နေရဆဲ။

ခနော်နီ ခနော်နဲ့ မညီမညာ ပလက်ဖောင်းကို ရှောင်ရသည်ကတစ်ကြောင်း၊ လမ်းသွားလမ်းလာတို့ကိုရှောင်ရသည်က တစ်ဖုံဖြင့် J'Donuts ဆိုင်အရှေ့ဓာတ်တိုင် အကွယ်တွင် အလိုမကျစွာ ခပ်တည်တည် ရပ်နေသည့် ပြည့်ဖြိုးကြောင့် စံလင်း အလိုလို ပြုံးမိသွား​သည်။ လမ်းလျှောက်ခဲသည့်အလေ့အကျင့်က သိသာနေသလို လူတို့နှင့် အဆက်အဆံပြုလုပ်ခြင်းနည်းသည့် သဘာဝကလည်း သိသာနေပြန်​သည်မလား။

"ပြည့်ဖြိုး လာလေ"

နောက်ကြောင်းပြန်လျှောက်ရင်း ပြည့်ဖြိုးကို လက်ဆွဲခေါ်မိတော့လည်း အနည်းငယ် ကြောင်တောင်တောင်ဖြစ်ကာ အလိုက်သင့် ပါလာသည်မှာ ကလေးငယ်လေးသဖွယ်။

ချည်တိုင် [ Philophobia ]Where stories live. Discover now