Part 1.2

16.6K 1.3K 27
                                    

Unicode

"၁၁ နာရီအတိမှာ ဒီနေရာကို ပြန်လာရမယ်နော်... ဒီနေရာက ဘယ်လိုခေါ်လဲ.." မင်းခန့်ထည်က ကလေးအားလုံးကြားအောင် အသံမြှင့်အော်ရင်း တန်ဆောင်း မုခ်ဦးကို လက်ညိူးထိုးပြလိုက်သည်။

"၂ ပြား တန်ဆောင်း.." ကလေးများက ညီညီညာညာပြန်ဖြေတော့မှ မင်းခန့်ထည်က ခေါင်းတငြိမ့်ငြိမ့်လုပ်ရင်း ဆက်ပြောသည်။ " ပြန်မလာတတ်တော့ရင် လုံခြုံရေး ဦးလေးကြီးတွေ.. ဝန်ထမ်းအစ်မတွေကို ဘယ်လိုပြန်လာရမလဲမေးနော်.. ၁၁ နာရီ အတိမှာ ပြန်မလာတဲ့သူ ရေခဲမုန့်မရဘူး.."

စိတ်ပျက်လကိပျက်အော်ရင်း စျေးဆစ်နေကြသော ကလေးများနှင့် စိတ် ပူပင်စွာ အမျိုးစုံအောင် မှာနေသော မင်းခန့်ထည်တို့ကိုကြည့်ရင်း သူနှင့်ငြိမ်းချမ်း ပြုံးနေမိသည်။

"ငါတို့ နှစ်တိုင်း ဘုရားလာရင် အဲ့လိုမလုပ်ဖူးပါဘူးနော့...." နေလင်းမြတ် မေးရင်း ငြိမ်းချမ်းဘေးတွင် ထိုင်ချလိုက်သည်။

"ပျောက်တဲ့ကလေးတွေ ပြန်ရှာရတာနဲ့ တစ်ညနေကုန်တယ်လေ... မင်းလည်း မတရား မကောင်းမမြင်ပါနဲ့ကွာ... သူက ကလေးတွေကို ဂရုစိုက်ရှာပါတယ်..." ငြိမ်းချမ်းက ကလေးများအား ငေးကြည့်နေသော မင်းခန့်ထည်ကို လှမ်းကြည့်ရင်း ရှေ့နေလိုက်ပေးနေသည်။

"ရွှေသင်္ကန်းသွားကပ်ရအောင်.... " မင်းခန့်ထည်က သူတို့နားလျှောက်လာရင်းပြောလိုက်သည်။

"သွားလေ..ငါတို့ လိုက်ခဲ့ပေးမယ်..." ငြိမ်းချမ်းကပြောရင်း ထလိုက်တော့ မင်းခန့်ထည်က စူးစမ်းလိုသော အကြည့်ဖြင့် သူတိူ့ကို ကြည့်သည်။

" လိုက်ခဲ့ပေးမယ်ဆိုတာက ဘာလဲ.. အတူတူ ဘုရားဖူးရင်း ရွှေသင်္ကန်းကပ်ရအောင်..."

"ကိုယ်တို့က ဘာသာမဲ့ ခံထားတာ.." ငြိမ်းချမ်းက စပ်ဖြဲဖြဲဖြေတော့ မင်းခန့်ထည်က မယုံသလိုလို နေလင်းမြတ်ကို လှမ်းကြည့်သည်။

နေလင်းမြတ်က ခပ်တည်တည်နှင့် ခေါင်းငြိမ့်ပြမှ မင်းခန့်ထည် ယုံသွားပြီး " အဲဒါဆိုလည်းနေပါ.. ကိုယ့်ဟာကိုယ်ပဲသွားလိုက်မယ်.." ဟုပြောလေသည်။

"လိုက်ခဲ့မယ်.. ကိစ္စမရှိဘူး.." နေလင်းမြတ်ကပြောရင်း ထလိုက်သည် ။ "တစ်ခုတော့ မေးကြည့်ချင်တယ်..." နေလင်းမြတ်က စကားစတော့ ငြိမ်းချမ်းက သူ့စကားလားရာကို သိသည်ထင့်။ မျက်စောင်းထိုးလေသည်။နေလင်းမြတ်က ငြိမ်းချမ်းမျက်စောင်းကို မျက်ကွယ်ပြုရင်း စကားဆက်သည်။ "ပုံမှန်စဉ်းစားမယ်ဆိုရင်ပေါ့လေ... ဘုရားကို ကပ်လိုက်တဲ့ ရွှေသင်္ကန်းတွေက နေ. လေ.. မိုး.. တိုက်စားပြီး တဖြေးဖြေးကွာကျကုန်တာ... အဲဒါကြောင့် ရွှေသင်္ကန်း လဲလှယ်တယ်.. ဘာညာ ဖြစ်တာလေ.. အဲဒီတော့ ဒီလို လှူတာထက် လိုအပ်နေတဲ့နေရာတွေကို လှူလိုက်တာက ပိုကောင်းမယ် မထင်ဘူးလားဟင်.." သူ့လက်မောင်းကို တအားလိမ်ဆွဲနေသော ငြိမ်းချမ်းကို အောင်မြင်စွာလျစ်လျူရှုရင်း သူ့စကားကို အဆုံးသတ်လိုက်သည်။ မင်းခန့်ထည်ဘက် လှမ်းကြည့်လိုက်တော့ မင်းခန့်ထည်က စိတ်ဆိုးဟန်မပြဘဲ တည်တည်ငြိမ်ငြိမ်ရှိနေသည်။

ရယူခြင်:မှ ဝေးရာဆီ (ရယူခြင်းမှ ဝေးရာဆီ)Where stories live. Discover now