Chapter 21

1.2K 108 85
                                    

အိပ်မှုန်စုံဖွားဖြင့် အောက်ဆင်းလာသည့် တေးအား အန်တီက အပြုံးနှင့် ဆီးကြိုလျက်ရှိသည်။

"နိုးပြီလား ကလေး၊ ထမင်းစားခန်းထဲ ဝင်သွားလိုက်နော်၊ မနက်စာ တူတူစားဖို့ မောင်နက္ခတ် စောင့်နေတယ်"

တေး မျက်နှာသစ်သွားတိုက်ပြီးသည့်နောက် ညအိပ်ဝတ်စုံအစား တီရှပ်နှင့် ဘောင်းဘီရှည်တစ်ထည်ကို ပြောင်းဝတ်လာခဲ့ပြီး မနက်စာကို သေချာစားလေ့ရှိသူမို့ သူ အောက်ဆင်းလာခဲ့သည်။

အန်တီက ပြောပြီးတာနဲ့ ခြင်းတောင်းကို ဆွဲပြီး အိမ်ပြင်ထွက်သွား၏။ သူ ထမင်းစားခန်းထဲ ဝင်လာချိန်၌ ဦး‌ဇေး သူ့ကို မော့ကြည့်ကာ ထိုင်ဖို့ မျက်ရိပ်ပြသည်။

"ပေါင်မုန့်ကို စတော်ဘယ်ရီယိုသုတ် ပေးမယ်၊ လက်ဖက်ရည် အရင်သောက်နှင့်"

‌တေး သူ့ရှေ့က လက်ဖက်ရည်ပူပူကို ငုံ့ကြည့်လိုက်ပြီး မျက်လုံးများက မှေးစင်းကျနေသည်။ သူ အခုထိ ကောင်းစွာ နိုးမလာသေးပေ။

ထမင်းစားပွဲထိတိုင် မျက်တောင်ရှည်များကို ဖွင့်ဖို့အားယူနေရပုံရသည့် အိပ်ငိုက်နေဆဲ တေးကို နက္ခတ် ပေါင်မုန့်ယိုသုတ်ရင်း တစ်ချက်ကြည့်လိုက်သည်။

"စားဖို့ မျက်လုံးပွင့်တော့"

သူ ပေါင်မုန့်ယိုသုတ်တစ်ချပ်ကို တေးဆီ ကမ်းပေးလိုက်ပြီး နောက်တစ်ချပ် ဆက်သုတ်သည်။ စားနေချိန်၌မူ မျက်လုံးပွင့်လာသည့် တေးက သူ့ကိုတော့ သေချာပင် လှမ်းမကြည့်ဘဲ လက်ထဲက မုန့်တွေကိုသာ ပါးလေးတွေ တလှုပ်လှုပ်ဖြင့် ဝါးနေသည်။

နက္ခတ် တေးကို အကဲခတ်ရင်း လက်ကလည်း တစ်ချပ်ပြီးတစ်ချပ် ယိုသုတ်လျက်ရှိသည်။ ဒီအရွယ်လေးတွေက မိဘနဲ့ ခွဲရလျှင် အိမ်လွမ်းတတ်ကြသည်မို့ သူ တေး အိမ်များလွမ်းနေမလား အကဲခတ်နေတာပင်။

"များများစား၊ ဒီအရွယ်မှာ များများစားမှ မင်း ဆက်ထွားလာမှာ၊ မဟုတ်ရင် သေးကျန်ခဲ့လိမ်မယ်"

သူ့ရှေ့က ‌ပေါင်မုန့်တွေကို တေး ဖြည်းဖြည်းချင်း ယူစားနေသည်။ အိမ်၌ သူ စားနေကျ မနက်စာကို ဦးဇေးက သိနေသည့်အလားမို့ သူ စားဝင်သည်။ ကွာသွားသည်ကတော့ အိမ်မှာ‌ဆို သူက လေးကို အခုလို သုတ်ပေးနေကျဖြစ်သည်။ သူ့အတွက်တော့ သူ့ဘာသာသူ လုပ်စားဖြစ်သည်။ အခုတော့ ဦးဇေးက လုပ်ပေးနေတာမို့ သူ ပိုလို့များများစားဖြစ်သွားသည်။

You're Only MineWhere stories live. Discover now