Chapter 5

1.1K 70 24
                                    

The One Entertainment ၏ CEO နားနေခန်းရှိရာ အပေါ်ဆုံးထပ်သို့ တေး တက်လာခဲ့သည်။

ဒီက‌နေ့၏ ဇာတ်ညွှန်းဖတ်ပွဲပြီးသွားခဲ့ပြီဖြစ်ရာ တေး ကိုဇေယျာ့ကို ကိုယ်တိုင်လာတောင်းပန်ခဲ့သည်။ ကိုဇေယျာက သူ့အား နားလည်ခွင့်လွှတ်ပေးခဲ့၏။ သို့သော် သူကိုယ်တိုင် တွဲဖက်မင်းသားကိုတော့ သွားတောင်းပန်ရမည်ဟု ဆိုလာသည်။

ဦးဇေးအောက်ကို သူ လုံးဝမဝင်ချင်ပေ။ သူ့အလုပ်အတွက် ဦး‌ဇေးကို သူ ပြန်အောက်ကျို့ရတော့မှာကို တွေးမိတာနဲ့တင် ဒီဇာတ်လမ်းထဲ ပြန်ပါဖို့ ဆုံးဖြတ်ချက် မှားသွားပြီလား တွေးမိသည်။

The One က ပြန်ထွက်လာခဲ့ပြီး ကိုလွှမ်း၏ ကားနှင့်ပင် သူ ဦးဇေးအိမ်ရှိရာသို့ ထွက်ခဲ့ကြသည်။

"အဆင်ပြေသွားမှာပါ၊ ကိုယ် သူနဲ့ အလုပ်တွဲမလုပ်ဖူးသေးပေမယ့် သူက ဂျူနီယာလေးတွေကို‌ နိုင်ထက်စီးနင်း လုပ်တတ်တဲ့ အကျင့်မျိုးတော့ မရှိဘူး။ ပြီးတော့ တေးတို့ နားလည်မှုလွဲနေတာထင်တယ်၊ သူက အဖြောင့်စစ်စစ်ဆိုတာ သေချာပါတယ်။ ကိုယ်က ဂေးအချင်းချင်းဆို တန်းသိတတ်တဲ့သူပဲလေ၊ ကိုယ် သူ့ကို ကြည့်တာနဲ့ သူ ဂေးမဟုတ်မှန်း ကိုယ် သိတယ်"

"ဟက်၊ မျက်နှာဖုံးစွပ်ထားတဲ့ အဲ့လူကို အကောင်းစွတ်မြင်မနေနဲ့၊ သူ့ကြောင့် ဒယ်ဒီက အများကြီး စိတ်ဆင်းရဲခဲ့ရတာ၊ အစ်ကို သူ့ဖက်က လိုက်ပြောနေမယ်ဆို ကျွန်တော့်ကို ဟိုရှေ့မှာပဲ ချပေးခဲ့တော့"

လွှမ်း သူ့ပါးစပ်ကို ပိတ်လိုက်တော့၏။ အသစ်စက်စက် ချစ်သူလေး စိတ်တော်ငြိုငြင်သွားမှာမျိုး လွှမ်း အဖြစ်မခံချင်။

ဇေးနက္ခတ်ပိုင်ရှိရာ ကန်တော်ကြီးပတ်လမ်းကို သူတို့ကားလေး ကွေ့ဝိုက်မောင်းနှင်နေချိန် တေး ကားမူးလာခဲ့သည်။ ဦးဇေးနေထိုင်ရာ ကန်တော်ကြီးနားက ကွန်ဒိုရှေ့ရောက်ချိန်၌ တေး ကားအောက်ကို မနည်းဆင်းလိုက်ရသည်။

"တေး ဖြစ်ရဲ့လား၊ ကိုယ် လိုက်ခဲ့ပေးမယ်"

"ဟင့်အင်း၊ ရပါတယ်၊ ကျွန်တော် တစ်ယောက်ထဲပဲ တက်လိုက်မယ်"

ကားမူးနေသည့်သူက ဓာတ်လှေကားထဲ၌လည်း မူးဝေဝေ။ လူက ယိုင်နဲ့နဲ့။ နာရီကိုကြည့်လိုက်တော့ ငါးနာရီခွဲ။ အိမ်ပြန်နောက်ကျလျှင် ဒယ်ဒီက ဆူတော့မည်။ ဒီနေ့တောင် သူငယ်ချင်းတွေနဲ့ အပြင်သွားစရာရှိသည်ဟု သူ လိမ်ထားတာဖြစ်သည်။

You're Only MineWhere stories live. Discover now