Chapter 11

892 63 66
                                    

"အိမ်သာသွားချင်တယ် ကိုကို"

သတိရလာကတည်းက စိတ်ဆတ်နေသည့် လေးက သူ့အား မျိုးစုံဂျီကျနေတော့၏။

"အိမ်သာထဲထိ သွားလို့မရသေးဘူးလေနော်၊ ဒီဆီးဘူးထဲပဲ ပေါက်ပါ၊ ကိုကို လိုက်ကာတွေ သေချာကာပေးထားတယ်လေ"

"မသွားချင်ဘူး!!ကိုကို မဖြစ်တိုင်း မစာမနာဘဲ၊ ကျွန်တော် ဒီလိုမနေချင်ဘူး"

တအင့်အင့်ဖြင့် စတင်ငိုရှိုက်လာသော လေးအား တေး စိတ်မကောင်းစွာနှင့် ဘာလုပ်ပေးရမလဲမသိဖြစ်နေတော့သည်။ လေးက အလွန်နူးညံ့လှသူမို့ ရိုးရိုးဖျားရင်တောင် အသားတွေနာတတ်ပြီး ဂျီကျတတ်သူဖြစ်သည်။ အခုတော့ ဒီကလေးခမျာ တစ်ကိုယ်လုံး နာကျင်နေရချိန်၌ ဆိုဖွယ်ရာမရှိတော့အောင် ခံစားနေရရှာမည်။

လေး၏ ခြေထောက်က လုံးဝထောက်ဖိလို့မရသေးဟု ဒေါက်တာက မှာထားသည်။ တစ်လခွဲလောက် ထိုခြေထောက်ပေါ် အားမပြုဖို့ ပြောထား၏။ ခြေထောက်ထက် ညာဖက်လက်က ပိုပြီး ထိခိုက်သွားရသည်မို့ ပန်းချီဆွဲရတာ စိတ်ဝင်စားသော လေးက သူ့လက်ပြန်သက်သာသွားလျှင်တောင် ပန်းချီဆွဲနိုင်ဖို့ ခက်မည်ဟု သိထားရတာမို့ ပိုစိတ်ဆတ်နေသည်။

အခုလည်း ရှက်တတ်သည့်ကလေးက အိပ်ရာထဲမှာပဲ အပေါ့သွားရမှာကို ငြင်းဆန်နေ၏။

"ဒီနှစ်ရက်လောက်ပဲ သည်းခံလိုက်ပါ၊ နောက်ရက်တွေဆို wheelchair နဲ့ သန့်စင်ခန်းသွားလို့ရလောက်ပြီ"

လေး ထိုဘူးထဲ မပေါက်ချင်သော်ငြား ငိုလိုက်ချိန်၌ ပိုလို့အောင့်မထားနိုင်တော့တာမို့ ပေါက်လိုက်တော့သည်။ ဒယ်ဒီနဲ့မာမီက ဆေးရုံကိစ္စတွေ လိုက်လုပ်နေတာမို့ သူ့ဘေး၌ ကိုကိုသာ ရှိ၏။

ကိုကို သူ့အား ဆန်ပြုတ်တွေ ချော့တိုက်ပြန်တာမို့ သူ ကောင်းသည့်လက်ဖြင့်တွန်းဖယ်လိုက်ကာ-

"ဘာမှစားချင်ဘူး၊ ကျွန်တော့်ကို ပစ်ထားလိုက်"

တေး သက်ပြင်းမောများသာ ချမိကာ ပန်းကန်ကို ဗန်းပေါ်တင်လိုက်သည်။

ခဏအကြာ၌ မာမီဝင်လာပြီး သူ့အား-

"ငယ်လေးကို ဒါ ဝင်အောင်ကျွေးထားပါဆို၊ ခဏနေ ဆေးတိုက်ရတော့မှာကို"

You're Only MineWhere stories live. Discover now