အပိုင်း - (၃၁)

1.8K 219 13
                                    

" နေး... "

အခန်းတံခါးကိုဖွင့်ကာ လျှန်က ခပ်တိုးတိုးခေါ်လိုက်တော့ ပြန်ဖြေသံက ဗလာနတ္ထိ။ ရှန်ခိုက်တို့အိမ်က ပြန်လာကတည်းက ပရောဂျက်လုပ်စရာရှိတယ်ဆိုကာ အခန်းထဲဝင်သွားတဲ့ နေးလကျ်ာတစ်ယောက် တိတ်ဆိတ်လို့နေသည်။

" ဘယ်ရောက် . အာ ... အိပ်နေတာပဲ "

အခန်းထဲဝင်ကာ ဝေ့ဝဲရှာမိတော့  အခန်းထောင့်က စာကြည့်စားပွဲမှာ ခေါင်းမှောက်ပြီး အိပ်မောကျနေတဲ့ နေးလက်ျာလေးကို မြင်လိုက်ရသည်။

" နေး ... ထပါဦး "

အနားတိုးကပ်သွားပြီး ပခုံးလေးကို ခပ်ဖွဖွလှုပ်ခါလို့ နှိုးနေပေမယ့်လည်း အင်းအဲ ညည်းညူသံလေးကလွဲလို့ ဘာမှမထူးခြားတာကြောင့် အိပ်မောကျနေတဲ့ ပုံစံလေးကိုကြည့်ရင်း လျှန်ပြုံးလိုက်မိသည်။

" အေးရတဲ့အထဲ ဆွယ်တာတစ်ထပ်တည်း ... ကိုယ်တွေလက်တွေလည်း နာတော့မှာပဲ ကလေးလေး . "

အခန်းထဲက အပူပေးစက်ကို အရှိန်မြင့်တင်လိုက်ရင်း လျှန်လည်း နေးရဲ့စာကြည့်စားပွဲက တစ်ဖက်ခုံမှာ ဝင်ထိုင်လိုက်သည်။ စာကြည့်မီးဝါဝါအောက်က ပြောင်တင်းနေတဲ့ မျက်နှာနုနုလေးတစ်ခြမ်းကိုငေးရင်း အနည်းငယ်ဖွာကျနေတဲ့ ဆံပင်လေးတွေကို နားရွက်နောက်ကို သပ်တင်ပေးလိုက်သည်။

" အဟင်း ... ရွှေချိုးလေး "

ဆံပင်ရှည်လေးတွေ သပ်တင်ပေးလိုက်တော့ ထင်ထင်ရှားရှားပေါ်လာတဲ့ နားရွက်ဝိုင်းလေးတွေကိုကြည့်ရင်း လျှန် သဘောတကျ ရေရွတ်လိုက်မိသည်။ အသည်းယားစွာနဲ့ နားရွက်ဝိုင်းလေးတစ်ဖက်ကို လျှန့်လက်ချောင်းလေးတွေနဲ့ ခပ်ဖွဖွပွတ်ပေးရင်း ချစ်လှစွာသောလေးကို ခပ်ဆိတ်ဆိတ်ငေးမိသည်။

" အင်း . ဟင် ... "

" နိုးပြီလား နေး ... "

ခဏအကြာ လူးလွန့်လို့နိုးလာတဲ့ နေးလက်ျာလေးက ခေါင်းစောင်းလို့ မှောက်အိပ်နေရာကနေ ခေါင်းလေးထောင်လာသည်။ အိပ်ရာနိုးစမလို့ အိပ်မှုန်စုံမွှားနဲ့ ကောင်းကောင်းအသိမဝင်သေးတဲ့ နေးက မျက်တောင်တွေကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း လျှန်မေးတာကိုလည်း ပြန်မ‌ဖြေပဲ အရှေ့ကိုသာ ကြည့်နေသည်။

My Beautiful SPOUSEWhere stories live. Discover now