1851------1860

74 2 0
                                    

အခန်း(၁၈၅၁) မျက်မမြင် အဘိုးအိုအကြောင်း စုံစမ်းမေးမြန်းခြင်း

''ချူဖုန်း၊ အဲဒါက တကယ်ကို ရှင်ပဲ''
ထိုအခိုက်အတန့်၌ စီးမာယင်နှင့် ကျန်သူများ ပြေးလာကြသည်။ စီးမာယင်က ချူဖုန်းရှေ့သို့ တိုက်ရိုက် ခုန်လွှားလာပြီး သူ၏ အင်္ကျီလက်ထောင့်စွန်းကိုပင် ဖမ်းဆုပ်ထားလိုက်သည်။ သူမက နားရွက်ချိတ်မတတ် ပြုံးနေခဲ့သည်။ သူမ အလွန့်အလွန် စိတ်လှုပ်ရှားနေသည်ကို သိမြင်နိုင်ပေသည်။

''ညီမလေးယင်၊ မတွေ့ရတာ ကြာပြီနော်''
ချူဖုန်းက စီးမာယင်၏ ရဲရဲတောက်သော အနီရောင် ဆံပင်များကို ရင်းရင်းနှီးနှီး ထိုးဖွလိုက်သည်။ စီးမာယင်ကို တွေ့ရသည့်အတွက် သူလည်း အလွန့်အလွန် ပျော်ရွှင်နေမိသည်။ သူမက သူနှင့် သေအတူရှင်မကွာ အမှန်တကယ် ဖြတ်သန်းခဲ့သည့် မိတ်ဆွေတစ်ဦး ဖြစ်နေသောကြောင့်ပင်။ သူတို့၏ ဆက်ဆံရေးမှာ အလွန် နက်ရှိုင်းပေသည်။

''ဟုတ်တယ်၊ မတွေ့ရတာ ကြာပြီ … ဒါပေမဲ့ ရှင့်ကို ထပ်တွေ့ရတော့ ကျွန်မ တကယ် အံ့ဩသွားတယ် … ရှင် ဘာတွေဖြစ်ခဲ့တာလဲ … ဘယ်လိုလုပ်ပြီး ဒီလောက် စွမ်းအားကောင်းလာခဲ့တာလဲ … ရှင်က ကျွန်မတို့ကို အဝေးကြီးမှာ ချန်ထားခဲ့တဲ့အထိ စွမ်းအားကောင်းလာခဲ့ပြီးပြီ''
စီးမာယင်က မေးလိုက်သည်။

''ဟုတ်သားပဲ … ညီနောင်ချူဖုန်း၊ မင်းရဲ့ ကျင့်ကြံမှု မြင့်မားလာတဲ့ အမြန်နှုန်းက မြန်လွန်းမနေဘူးလား … ကျုပ်တို့က မင်းကို ဘယ်လို အမီလိုက်ရမှာလဲ''
ဖုဖေးထန်နှင့် ကျန်သူများက ပြောလိုက်ကြသည်။

စီးမာယင်၏ မေးခွန်းထုတ်မှုနှင့် ဖုဖေးထန်၊ လင်းရဲ့ကျိုးနှင့် ကျန်သူများ၏ စိတ်လှုပ်ရှားသော အကြည့်များနှင့် ရင်ဆိုင်ရလျှင် ချူဖုန်းအဖို့ ပြုံးနေရုံသာ တတ်နိုင်ပေတော့သည်။ ဤကိစ္စမျိုးကို သူ မည်သို့ ရှင်းပြရမည်နည်း။ သူ၏ ပါရမီ ထူးခြားသဖြင့် သူ၏ အဆင့်တက်မှု အမြန်နှုန်းက လျှပ်စီးတမျှ မြန်ဆန်နေသည်ဟု ပြောရမည်လော။ သူတို့ကို သူ ချန်ထားနိုင်ခဲ့သည်မှာ ဤအချက်ကြောင့်ဟု ပြောရမည်လော။ ပင်ကိုအားဖြင့် ထိုကဲ့သို့သော အရာမျိုးကို ချူဖုန်း မပြောနိုင်ပါချေ။

သိုင်းနတ်ဘုရားအသူရာ(ချူဖုန်း) အတွဲ(၂)သိုင်းနတ်ဘုရားအသူရာ(ချူဖုန်း) အတွဲ(၂)Donde viven las historias. Descúbrelo ahora