အခန်း - ၈၁

Mulai dari awal
                                    

ကျန်းယွီသော်ထံတွင် မိဘနှင့်မိသားစုဟူသော အတွေးအယူအဆမျိုးမရှိပေ။ သူ့အတွက် မိဘဆိုသည်မှာ တစ်သက်စာနာကျင်စရာများ ယူဆောင်လာပေးသူများဖြစ်သည်။ သာမန်ကလေးများ အလယ်တန်းကျောင်းတက်နေချိန်မှစပြီး သူသည် လမ်းပေါ်တွင် ကျင်လည်နေခဲ့ရပြီဖြစ်သည်။ သူ့တွင် စည်းမျဉ်းမရှိပေ။ ကြီးသူကိုရိုသေတတ်သော ရိုကျိုးစိတ်လည်းမရှိပေ။ သူသည် စန်းကောဖြစ်သည်။ သူသည် ဤပတ်ဝန်းကျင်၏ လောင်သာ့ဖြစ်သည်။ စကားကြမ်းကြမ်းပြောရဲသည်။ ရက်ရက်စက်စက်လည်း ပြုမူရိုက်နှက်ရဲသည်။ "လက်မပါလို့ရရင် မပါဘူး" ဟူသည်မှာ သူ၏ စိတ်ထိန်းချုပ်မှုဖြစ်သည်။

သူ၏ အထိမခံနိုင်ဆုံးနှင့် စိတ်မအေးချမ်းဆုံး၊ စိတ်အပူပန်ဆုံးဖြစ်နေသော လက်ရှိအချိန်တွင် နဂိုကတည်းက အမြင်မကြည်နေသော ချန်ခေါ့၏မိသားစုနှင့်ရင်ဆိုင်လိုက်ရသောအခါ သူသည် သူ့အပြုအမူက "သင့်လျော်" ခြင်းရှိမရှိကို လုံးဝ ထပ်မစဉ်းစားတော့လောက်ပေ။

ချန်ခေါ့သည် ကျန်းယွီသော်အား ပြဿနာကို ဤကဲ့သို့ မဖြေရှင်းစေချင်ပေ။ သူ့အဖေ၏ ကျန်းယွီသော်အပေါ်သဘောထားအမြင်ကို "အတည်ပြု" လိုက်ခြင်းမျိုး မဖြစ်စေချင်ပေ။ သို့သော် သူ့အနေဖြင့် ကျန်းယွီသော်၏လုပ်ရပ်ကိုလည်း ဝေဖန်ပြစ်တင်မည်မဟုတ်ပါ။ ထို့အတူ ဒီတစ်ချက်နှင့်ပတ်သက်ပြီး ကျန်းယွီသော်အား မည်သူတစ်ဦးတစ်ယောက်က ဝေဖန်ပြစ်တင်မှုများလုပ်လာရန်လည်း သူခွင့်ပြုမှာမဟုတ်ပေ။

ချန်ခေါ့ထံတွင် ဘယ်တော့မှတွေ့ရလိမ့်မည်မဟုတ်သည့်၊ ချန်ခေါ့၏ မိသားစုအိမ်သားနှင့် သူငယ်ချင်းတို့၏ အမြင်တွင် အလွန်တရာ "မသင့်လျော်" နေသည့်၊ ကျန်းယွီသော်ကိုယ်ပေါ်မှ ထိုဟန်ပန်အငွေ့အသက်များသည် ချန်ခေါ့အတွက် ဟိုးအစကတည်းက အသက်ဝိညာဉ်ကို ဆွဲနုတ်နိုင်သော ဆွဲဆောင်မှုဖြစ်ကြောင်းကို သူ ဝန်ခံနိုင်သည်။

ချန်ခေါ့သည် ကျန်းယွီသော်၏လက်မောင်းကို ဖမ်းကိုင်ပြီးပြောလာသည်။

"စန်းကော။ ချန်ချင့်တို့ကို လူစုခွဲခိုင်းလိုက်တော့"

ကျန်းယွီသော်က ချန်ခေါ့၏မျက်နှာကိုကြည့်နေပြီး မျက်မှောင်ကြုတ်လိုက်သည်။

《ဖြေဆေး》- ဘာသာပြန် 『Completed』Tempat cerita menjadi hidup. Temukan sekarang