အခန်း - ၃၁

874 112 19
                                    

Chapter ● 31 ●

စက်လှေကားပေါ်တွင် လူမထူဘဲ ချောင်ချိနေသည်။။ ခါးပိုက်နှိုက်သည် ချန်ခေါ့ရပ်နေသော လှေကားထစ်ထက် တစ်ဆင့်နိမ့်နေသော လှေကားထစ်တွင်ရပ်နေကာ ကြည့်လိုက်သည်နှင့် ပုံမှန်မဟုတ်သည့်ပုံ ထင်ရှားနေသည်။ သို့သော် တစ်ယောက်မှ သတိထားမိကြပေ။

ကျန်းယွီသော်ကဲ့သို့ လမ်းသွားနေစဉ် ဘေးပတ်ဝန်းကျင်ရှိ လူတစ်ယောက်ချင်းစီကို သေချာသတိထားကြည့်ရန် ကြိုးစားတတ်သောလူမျိုးမှာ အမှန်တကယ်နည်းပါးလှသည်။ "ငါ" နှင့် "ငါ၏" ၏ဘောင်အပြင်ဘက်ကို ကျော်လွန်သွားပါက လူအတော်များများအတွက် ကျန်သောအရာများက မတည်ရှိနေသလိုပင်...။

စက်လှေကားက အပေါ်ရောက်ခါနီးတွင် ရှေ့သို့ဆက်တိုးနေသည့် စက်လှေကားလက်ရမ်းပေါ် တင်ကိုင်ထားသော ခါးပိုက်နှိုက်၏လက်က လှုပ်ရှားသွားပြီး ၁၀ စင်တီမီတာတောင် မဝေးတော့သော ချန်ခေါ့၏အနွေးထည်အိတ်ကပ်ဆီသို့ လက်လှမ်းလိုက်သည်။

ကျန်းယွီသော်က အပေါ်သို့ လှေကားနှစ်ထစ်စာ လှမ်းတက်လိုက်ပြီး ခါးပိုက်နှိုက်၏လက်မောင်းတစ်ဖက်ကို နောက်ကနေ ဖမ်းကိုင်ကာ နောက်ကို ဆွဲလိုက်သည်။

ခါးပိုက်နှိုက်မှာ လန့်ဖျပ်သွားသည်နှင့်တစ်ချိန်တည်းတွင် ရုန်းရန်လည်း ကြိုးစားနေသေးသည်။ ထို့နောက် သူ့အားနှင့်သူ အရှိန်များပြီး ကျန်းယွီသော်ကလည်း အဆွဲတွင် နောက်ကို ၁၈၀ ဒီဂရီ လည်ထွက်လာကာ ကျန်းယွီသော်နှင့် မျက်နှာချင်းဆိုင် ရပ်နေသည့်အနေအထား ဖြစ်သွားသည်။

ကျန်းယွီသော်က လက်ညှိုးတစ်ချောင်းထောင်ပြီး ပါးစပ်နားတွင်ထားကာ "ရှူး" ဟု အရိပ်ပြလိုက်သည်။

ခါးပိုက်နှိုက် မှင်တက်လန့်ဖျပ်နေရာမှ သတိပြန်မဝင်လာသေးပုံနှင့် နေရာတွင်ပင် ငေးကြောင်နေပြီး မလှုပ်မယှက် ငြိမ်သက်နေသည်။

သတိစိတ်က ရေပုံးတစ်ပုံးကဲ့သို့ ထူထဲနှေးကွေးနေသော ချန်ခေါ့မှာ သူ့နောက်က လှုပ်ရှားမှုများကို အရင်ကအတိုင်း လုံးဝသတိမထားမိနေသေးပေ။ စက်လှေကားဆုံးသည်နှင့် လှေကားမှဆင်းသွားပြီး ဒုတိယအထပ်ရှိ လမ်းညွှန်မြေပုံရှေ့သို့သွားကာ မြေပုံသွားကြည့်နေပြန်သည်။

《ဖြေဆေး》- ဘာသာပြန် 『Completed』Where stories live. Discover now