အခန်း - ၃၈

Start from the beginning
                                    

"မီးခန္ဓာ ဟုတ်လား။ ဒါဆို နွေရာသီဆိုရင် မင်းကိုယ်လုံးတီးနဲ့ မနေနေရဘူးလား"

ချန်ခေါ့က ရယ်ရင်းမေးသည်။

"ဆောင်းတွင်းလည်း ကျွန်တော် တစ်ကိုယ်လုံးချွတ်တာပဲလေ"

ချန်ခေါ့သည် ယခင်က ကျန်းယွီသော်တစ်ယောက် ဝတ်လစ်စားလစ်ကိုယ်ခန္ဓာနှင့် အိမ်တံခါးလာဖွင့်ပေးသော အခြင်းအရာကို ချက်ချင်းပင် ပြန်လည်သတိရလာသည်။ သတိရလာသည်နှင့်တပြိုင်နက် ရုတ်ခြည်းပင် တစ်ကိုယ်လုံးတွင် ခြောက်သွေ့လာပြီး ယားနာမိတ်ဖုများ ပေါက်လာသလို ခံစားလိုက်ရသည်။

တစ်ခုခုဆက်ပြောရန်ပင် စကားလုံးများ ပျောက်ဆုံးကုန်သည်။

"ခင်ဗျားမအေးဘူးလား"

"အေးတယ်"

"အဲဒါဆို သွားအိပ်လိုက်တော့လေ"

"မင်း ... ... မင်းလည်း ဒီမှာ ဆက်မရပ်နေနဲ့တော့"

ချန်ခေါ့က အပြင်ဘက်သို့လှမ်းကြည့်လိုက်သည်။ အပြင်ဘက်တွင် ပိတ်ပိန်းနေသော အမှောင်ထုက အုပ်ချုပ်မင်းမူနေဆဲပင်...။ အနီးအနားရှိ လူနေတိုက်ခန်းများလည်း မီးရောင်များ မှောင်မည်းနေဆဲဖြစ်သည်။ ခပ်ဝေးဝေးဆီမှ စီးပွားရေးအဆောက်အဦးများတွင်သာ ဆိုင်းဘုတ်မီးများ၊ မီးရောင်များ လင်းထိန်နေသည်။ အမှောင်ထုထဲတွင် ထိုကဲ့သို့သော အလင်းရောင်က လူကို တော်တော်အထီးကျန်ဆန်စေသည်။ ချန်ခေါ့က မသိစိတ်မှ လက်များကို အနည်းငယ်တင်းအောင် ဖက်လိုက်သည်။

ယခင်က နိုက်ကလပ်တွင် သောက်စားပျော်ပါးခဲ့စဉ်ကလည်း မနက် နှစ်နာရီ၊ သုံးနာရီအထိ ကဲခဲ့ဖူးသည်။ ငါးနာရီအထိ မအိပ်ရသေးတာတောင် ယခုကဲ့သို့ အပြင်ဘက်သို့ မျှော်ကြည့်ရန် အခွင့်အရေးမရခဲ့ပေ။

ယခုသည် ဤမြို့၏ မနက်ခင်းငါးနာရီပုံစံကို ပထမဦးဆုံးအကြိမ် သေချာတွေ့ဖူးခြင်းဟုတောင် ပြော၍ရသည်။ စိမ်းသက်ပြီး အလွန်ဝေးကွာသလို ခံစားရသည်။

သူတွေးထင်ပုံဖော်ခဲ့သော ပုံစံနှင့် လုံးဝကို ကွဲထွက်နေသည်။

"ကျွန်တော် ခဏထပ်နေလိုက်ဦးမယ်။"

"အပြင်မှာ လူမရှိဘူး။ ဒီလောက်အေးစက်နေတာကို။ အပြင်က နှင်းတောထဲမှာ နာရီအတော်ကြာအောင် ဘယ်သူမှမရပ်နိုင်ဘူး။ အသစ်လာရပ်တဲ့ကားမရှိရင် တခြား ဘာလူမှ ရှိမှာမဟုတ်ဘူး"

《ဖြေဆေး》- ဘာသာပြန် 『Completed』Where stories live. Discover now