အခန်း - ၂၄

Começar do início
                                    

ဓားက ပါးဖျယ် လက်ထဲမှ လွင့်ထွက်သွားပြီး ဘေးနားရှိ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

ချန်ခေါ့သည် ထိုတစ်ခဏအတွင်းတွင် မိမိကိုယ်တိုင်၏လက်ဖဝါး၌ ချွန်ထက်သော ဓားသွားက ထိရှသွားသကဲ့သို့ နာကျင်မှုကို ခံစားလိုက်ရသည်။

ပါးဖျယ်က ဓားကိုအဖက်မလုပ်တော့ဘဲ ကျန်းယွီသော်၏ပခုံးဆီသို့ ရိုက်သွင်းရန် တံတောင်ဆစ်ကို အားနှင့် မြှောက်လိုက်သည်။ သည်တစ်ချက်သာ ရိုက်မိသွားပါက ကျန်းယွီသော်မှာ အနည်းဆုံးတော့ မြေပေါ်သို့ ဒူးတစ်ဖက်ထောက်နှင့် ကျသွားလိမ့်မည်ဖြစ်သည်။ ချန်ချင့်သာဆိုပါက မြေကြီးပေါ် တစ်ခါတည်း မှောက်လဲသွားမည်ထင်သည်။

သို့သော် ပါးဖျယ်၏ တံတောင်ရိုက်ချက်ရောက်မလာခင် ကျန်းယွီသော်၏လက်ဖျံရိုက်ချက်က ပါးဖျယ်၏ ဝမ်းဗိုက်ပေါ်သို့ အရင်ရောက်သွားသည်။ ပါးဖျယ်၏အော်သံမှာ ဝမ်းခေါင်း၏ ဟိုးအတွင်းထဲမှ ဖျစ်ညှစ်လိုက်သလို ထွက်ပေါ်လာပြီး အော်သံထဲတွင် တစ်လွှာချင်းစီ ဆွဲဖြဲခံရသလို နာကျင်မှုတို့ ပါဝင်နေသည်။

ချန်ချင့်တစ်ယောက် တစ်စကားယားစက်ဘီးနင်းအကွက်ကိုသုံး၍ တိုက်ခိုက်နေသောလူက ခြေထောက်ကိုမြှောက်ပြီး ချန်ချင့်၏ ဗိုက်ပေါ်သို့ နင်းချရန်အလုပ်တွင် ချန်ခေါ့က ရောက်ချလာပြီး၊ အကျင့်ပါနေသော ချန်ခေါ့၏ခြေထောက်က အလိုလိုမြောက်လာကာ ထိုလူကို မြေပေါ် တစ်ခါတည်းလဲကျသွားအောင် ပိတ်ကန်လိုက်သည်။ ထိုလူက သုံးလေးမီတာခန့် လိမ့်ထွက်သွားသည်။

တစ်ဖက်တွင် ပါးဖျယ်၏ နာကျင်ဆင်းရဲစွာ အော်သံအပြီးတွင် တိုက်ခိုက်နိုင်စွမ်းလည်း ယာယီလျော့ပါးသွားသည်။ တခြားတစ်ယောက်က မြေပေါ်တွင်ကျနေသော ဓားမြှောင်ကို အပြေးသွားကောက်ယူလိုက်သည်။

ချန်ခေါ့က အသံထွက်ပြီး ကျန်းယွီသော်အား သတိထားရန် သတိပေးမည်အလုပ်တွင် ကျန်းယွီသော်က ထိုလူရှိရာအနားသို့ ခုန်ပျံရောက်ရှိသွားသည်။ ထိုလူက ကိုယ်ကို မတ်အောင် ထမရပ်နိုင်သေးခင် ကျန်းယွီသော်က ထိုလူ၏ပခုံးမှတဆင့် လက်တစ်ဖက်ကို လျှိုသွင်းပြီး မေးစေ့ကို ဖမ်းကိုင်လိုက်သည်။

《ဖြေဆေး》- ဘာသာပြန် 『Completed』Onde histórias criam vida. Descubra agora