အခန်း - ၁၅

Start from the beginning
                                    

"လာရွေးလိုက်"

.

ချန်ခေါ့မှာ ဗီရိုအရှေ့သို့လျှောက်လာပြီး ဗီရိုထဲတွင် နံရံတစ်ခုစာလောက်ရှိသည့် အမျိုးမျိုးသောအရက်ပုလင်းများ ဗီရိုအပြည့်တန်းစီပြီး ရှိနေသည်ကို တွေ့လိုက်ရသော် နေ့တစ်ဝက်လောက် စကားမပြောနိုင်တော့ဘဲ ဖြစ်သွားသည်။ ကျန်းယွီသော်က နံရံကိုမှီရင်းပြောလိုက်သည်။

"ကျွန်တော် ဘာသောက်သောက် အဲဒီခွက်တစ်လုံးပဲသုံးတယ်။ အရက်ကို သောက်တာ။ ခွက်ကိုသောက်တာမဟုတ်ဘူး"

ချန်ခေါ့မှာ ခေါင်းတဆတ်ဆတ်ညိတ်ရင်း အင်း ဟုသာပြောလိုက်သည်။

"ဒါပေမဲ့ အကောင်းစားအရက်တွေတော့ မရှိဘူး။ အားလုံးက ပိတ်ရက်တွေ ပွဲတော်ရက်တွေမှာ ဟိုစောက်ကလေးတွေ ယူလာပေးတဲ့ဟာတွေချည်းပဲ"

"ငါလည်း အရက်အကြောင်း သိပ်နားမလည်ပါဘူး။ အရက်ကောင်းမကောင်းလည်း မခွဲတတ်ဘူး"

ချန်ခေါ့သည် ပြတင်းလိုက်ကာမှ တိုးဝင်လာသော အလင်းရောင်မှိန်မှိန်လေး အကူအညီဖြင့် အဖြူရောင် ကြွေပုလင်းတစ်လုံးကို တွေ့လိုက်သည်။ ပုလင်းပေါ်တွင် ဘာမှမကပ်ထားဘဲ ပုံစံမှာလည်း ကြာမြေ့ဟောင်းနွမ်းနေပုံပေါက်သည်။ သိချင်စိတ်ဖြင့် ထိုပုလင်းကို ယူထုတ်လိုက်သည်။

"ဒါဘာလဲ။ ခဏလောက် မီးဖွင့်ပေးလို့ရလား"

"ခင်ဗျား ငိုလို့ပြီးသွားပြီလား"

ချန်ခေါ့သည် လက်ထဲမှပုလင်းဖြင့် ကျန်းယွီသော်အား အတိတ်မေ့သွားအောင် လက်ပြန်တစ်ချက် လှည့်ရိုက်လိုက်ချင်သော်လည်း သူသည် ဘာမှမပြောဘဲ သည်းခံလိုက်သည်။

.

ကျန်းယွီသော်က အခန်းမီးကိုသွားဖွင့်လိုက်သော် တစ်ခန်းလုံး မီးအလင်းရောင်တို့နှင့် ထွန်းလင်းလာသည်။

ချန်ခေါ့သည် လက်ထဲမှ ပုလင်းကို ယခုမှသာ သေချာကြည့်ရသည်။ ပုလင်းမှာ ရိုးရိုးသာမန် အဖြူရောင် ကြွေပုလင်း ဖြစ်သည်။ ပုလင်းအဝတွင် အဝတ်စဖြင့် ပိတ်ချည်ထားပြီး အဝတ်စမှာ အနည်းငယ် အရောင်လွင့်နေပြီဖြစ်သည်။

《ဖြေဆေး》- ဘာသာပြန် 『Completed』Where stories live. Discover now