What if one of the chapters of this story becomes dark

693 73 10
                                    

နားနားကပ်ထားသည့်ဖုန်းကို တချက်ခွာကြည့်လိုက်သည်။ သူမများ နားကြားမှားလေသလား။ ဂျန်းနီသည် ဖုန်းထဲကနေ တံခါးဖွင့်ပေးဖို့ ပြောနေသည်တဲ့လေ။ ဖုန်းကို နားနားပြန်ကပ်ပြီး ဂျန်းနီထပ်‌ပြောလာမည့်စကားများကို စိတ်ရှည်ရှည်စောင့်နေလိုက်သည်။ ထပ်ကြားလိုက်ရသည့် ဖုန်းထဲကဂျန်းနီရဲ့အသံဟာ ဗလုံးဗထွေး။ ဂျန်းနီအသံရဲ့ နောက်ခံအသံတွေဟာလည်း ဗလုံးဗထွေး။

*ဒေါက် ဒေါက် ဒေါက်
*တီ တီ တီ . . .

တံခါးခေါက်သံနှင့်အတူ ထွက်ပေါ်လာသည့်ဖုန်းသံ။ ဖုန်းကျသွားခြင်းဖြစ်သည်။ မီးဖိုချောင်ထဲမှအန်းသည် ဧည့်ခန်းကိုဖြတ်ပြီး တံခါးပေါက်ဝသို့ တိုက်ရိုက်မြင်နေရသည့်တိုင် ငြိမ်ငြိမ်လေးရပ်ကာ လုပ်သင့်၊ မလုပ်သင့်များကို ချင့်ချိန်တွေးတောနေမိသည်။

*ဒေါက် ဒေါက် ဒေါက်

ထပ်ကြားရသည့်တံခါးခေါက်သံကြောင့် ရုတ်တရက်ထိတ်သွားပြီး အန်းရဲ့ခန္ဓာကိုယ်လေးပါ တချက်တုန်ခါသွားသည်။ လက်ထဲကဖုန်းကို ဖုန်းခွက်မှာပြန်ထားလိုက်ပြီး အသံလာရာ တံခါးပေါက်သို့ အပြေးကလေးသွားမိသည်။ တံခါးပေါက်နားနီးလေ အပြင်က လေသံမိုးသံတွေကိုပါ ပီပီသသကြားလာလေပါပဲ။

တံခါးဖွင့်ပေးဖို့လုပ်တော့ အနည်းငယ် တွေဝေလာရပြန်သည်။ ဂျန်းနီနှင့်သူမ ဘာပြောကြမလဲ? ဂျန်းနီရဲ့မေးခွန်းတွေက ယုတ္တိရှိပြီးခက်ခဲနေရင် သူမဘာပြန်ပြောရပါ့မလဲ? ဂျန်းနီသာ ခွင့်ပြုချက်မတောင်းဘဲ ဇွတ်တရွတ်ဆန်လိုက်ရင်-

*ချောက်

ဂျန်းနီနဲ့ပတ်သက်ရင် အတွေးတွေက နောက်ကျကျန်ရစ်ခဲ့သည်ကအမြဲပင်။ အခုလည်း အတွေးစတို့မပြတ်သေးတာတောင် လက်က အလိုလိုသော့ဖွင့်ပေးမိပြန်ပါပြီ။

မြင်ကွင်းရှေ့က ပုံရိပ်လေးဟာ သူမရဲ့မှတ်ဉာဏ်ထဲ တသက်စာ စွဲသွား‌တော့မည်ဟု အန်းယုံကြည်လာသည်။ အိမ်ရဲ့ဆင်ဝင်အောက်မှာ ရေစိုနေတဲ့ခန္ဓာကိုယ်ကို အနွေးဓာတ်ရအောင် လက်ကလေးပိုက်ပြီး လက်မောင်းတဖက်တချပ်စီကို ပွတ်သပ်နေသည့်ဂျန်းနီ။ သူသည် တံခါးဖွင့်ပေးသည့်ကိုယ့်ကို အကြည့်စူးစူးတွေ ရက်ရက်ရော‌ရောပေးနေသလား။

Dating With Fussy Jane Where stories live. Discover now