Damn!

651 59 7
                                    

"ဒီမယ်.."

မော့ကြည့်လာတဲ့နုနုဖတ်ဖတ်မျက်နှာထက်က ဂျန်းနီပြုတ်ကျသွားနိုင်တဲ့ ရေအိုင်ကလေးလိုဖြစ်တည်နေတဲ့ မျက်ဝန်းတစုံ။ မျက်ဝန်းရဲ့အလယ်မှာ ချောက်နက်တခုရှိပြီး ဘေးပတ်ပတ်လည်မှာ တိမ်တိုက်လိုလို ရေအိုင်ငယ်လေးလိုလို သဏ္ဌာန်လေးနဲ့အရောင်တွေကဝန်းရံနေသည်။ ထို့အပြင် ထိုအရာကို သစ်ရွက်စိမ်းတွေသဘောမည်သည့် ခပ်စိမ်းစိမ်းတွေကဘောင်ခတ်ထား‌သေးသည်။ အန္တရာယ်များတယ်ထင်ရပေမယ့် ကြည်လင်ပြီးရင်ကိုအေးမြစေသည်။ ဖြောင့်စင်းနေတဲ့နှာတံကလေးဟာ ဂျန်းနီရဲ့အနာဂတ်ထက်ပင်ပိုဖြောင့်ဖြူးနေသလို။ ခြယ်သထားခြင်းမဟုတ်တန်သည့်ပါးပြင်ရဲရဲလေးနဲ့ နှင်းဆီဖူးလိုနီဆွေးဆွေးနှုတ်ခမ်းတွေဟာ အင်မတန် ပနံသင့်လွန်းလှသည်။

ဂျန်းနီဖျားချင်သလိုလိုဖြစ်လာသည်။ ခန္ဓာကိုယ်အနှံ့ချွေးစေးတွေပြန်လာပြီး အအေးဓာတ်က ခန္ဓာကိုယ်တင်မဟုတ်ဘဲ ဦးနှောက်နဲ့အသိစိတ်ကိုပါလွှမ်းခြုံလာသည်။ အိပ်မက်ထဲမှာ ခဏခဏမက်တတ်သည့် ချောက်ကမ်းပါးထဲပြုတ်ကျတဲ့အခါ ရင်ထဲလှိုက်လှိုက်လှိုက်လှိုက်လိပ်တက်လာတဲ့ ခံစားမှုမျိုးရလာသည်။ ပုံမှန်အချိန်တွေမှာ သတိမရခဲ့တဲ့အသက်ရှုဖြစ်စဉ်တွေက ခဲရောင်ရောယှက်နေသည့်စိမ်းဖန့်ဖန့်မျက်ဝန်းတွေနဲ့မိန်းကလေးကြောင့် ဂျန်းနီရဲ့အသက်ရှူလမ်းစဉ်တွေမှားယွင်းလာခဲ့သည်။

ဒီလိုဖြစ်တည်မှုမျိုးနဲ့မိန်းကလေးက 'တသက်လုံး ငါသည်သာအလှဆုံး' ဆိုတဲ့စိတ်ဓာတ်မျိုးနဲ့ဂျန်းနီကို တမဟုတ်ချင်း အနိုင်ပိုင်းပစ်နိုင်မှန်း ဂျန်းနီမသိစိတ်ထဲဝယ်အမြစ်တွယ်လာတော့သည်။

"အို ကလေးရယ်.. မငိုပါနဲ့"

ဂျန်းနီကို သနားရိပ်မျက်ဝန်းတွေနဲ့ကြည့်ပြီး သူ့မျက်နှာဆီလက်တဖက်လှမ်းလာတဲ့သူမ။

ဘုရားရေ.. ငါမျက်ရည်ကျနေတာပါလား။

သူမရဲ့လက်မနဲ့ ဂျန်းနီပါးပေါ်ကမျက်ရည်စက်ကို ခပ်ဖွဖွပွတ်သပ်လိုက်တော့ ဂျန်းနီရဲ့ခန္ဓာကိုယ်ဟာ ရေခဲရိုက်ခံလိုက်ရသလို တောင့်တင်းသွားသည်။ တချိန်တည်းမှာပဲ ဒူးတွေမခိုင်တော့ဘဲညွတ်ကျချင်လာသည်။

Dating With Fussy Jane Unde poveștirile trăiesc. Descoperă acum