" အမြန်သွားရအောင်"

နန္ဒ ခေါင်းညိတ်ပြပြီးနောက် သူနှင့်သုန္ဒရီတို့ လယ်သမားများယောင်ဆောင်ရင်း ဟင်းရွက်လှည်းကို တွန်းသွားကြသည်။

ဤသို့နှင့် မြို့စားစံအိမ်တော်ခြံဝန်း တံခါးဝသို့ ရောက်ရှိလာခဲ့သည်။ စံအိမ်ဝန်းသည် အလွန်အမင်းကျယ်ဝန်းလှသည်ဖြစ်ရာ အနောက်တံခါး၊ အရှေ့တံခါး၊ တောင်တံခါး၊ မြောက်တံခါးဟူ၍ တံခါးလေးခုရှိသည်။ အရှေ့တံခါးမှာ မြို့စားမင်းနှင့် ဧည့်သည်တော်များ၊ အထက်တန်းလွှာများဝင်ထွက်ရာ အပေါက်ဖြစ်ပြီး အနောက်တံခါးမှာမူ အစေခံများ၊ ကျွန်များနှင့် အဆင့်နိမ့်များ ဝင်ထွက်ရာဖြစ်သည်။

ထို့ကြောင့် ဟင်းရွက်သည်များယောင်ဆောင်ထားသော နန္ဒနှင့် သုန္ဒရီတို့သည် စံအိမ်ခြံဝန်းအနောက်ပေါက်မှ ဝင်ကြရသည်။

မြို့စားစံအိမ်သည် အလွန်တရာလုံခြုံရေးမြင့်​၏။ မည်သည့်တံခါး၌မဆို အစောင့်အကြပ်များချထားကာ အစစ်ဆေးအမေးမြန်းလည်း ထူပြောလှသည်။

သုန္ဒရီသည် သူမအသွင်ယူထားသည့်အတိုင်း တောသူမအသွင်အပြည့်ဆောင်ကာ

" ဟင်းသီးဟင်းရွက် လာပို့တာပါရှင်"

ဟူ၍ တံခါးစောင့်ကိုပြောလိုက်သည်။

တံခါးစောင့်လည်း နန္ဒနှင့် သုန္ဒရီကို ခြေဆုံးခေါင်းဆုံးကြည့်ကာ သူတို့၌ လက်နက်ပါမပါစစ်ဆေးသည်။ ထို့နောက် လှည်းကို စစ်ဆေးသည်။ နန္ဒနှင့် သုန္ဒရီတို့သည် ဟင်းရွက်ထုတ်များအောက်၌ ဝှက်ထားသည့် ဓားမြှောင်များကို မတွေ့စေရန် ကြိတ်ဆုတောင်းနေမိ​၏။

ကံကောင်းထောက်မ၍အစောင့်ဟာ ထိုအထိ နှိုက်နှိုက်ချွတ်ချွတ်မရှာဖွေဘဲ သူတို့ကို အထဲဝင်ခွင့်ပေးလိုက်သည်။

သူတို့လည်း ဟင်းရွက်လှည်းကိုတွန်း၍ စံအိမ်ဝန်းထဲသို့ ဝင်လာကြသည်။ အထဲရောက်သော် စားဖိုဆောင်ဘက်သို့ သွားသလိုလိုနှင့် ပတ်ဝန်းကျင်အရိပ်အခြည်ကြည့်ကာ အစောင့်နှင့်လူများမရှိသောနေရာဆီ အလျင်အမြန်ထွက်လာလိုက်ကြသည်။

လှည်းကို ချောင်တစ်နေရာတွင် ထိုးရပ်လိုက်သည်။ ထို့နောက် သုန္ဒရီသည် ကန်စွန်းရွက်များကြား ညှပ်ထားသော သားရေလိပ်ကို နှိုက်ရှာကာ ကန်စွန်းစည်းပေါ်မှာပင် ဖြန့်ချလိုက်သည်။

The Everlasting One (volume 2 + 3 )Where stories live. Discover now